
“ကောက်ညှင်းစပါး လုပ်လာတာ နှစ် ၄၀ ကျော်လာပြီ။ တခါမှ မဖြစ်ခဲ့ဘူးတဲ့ အမြင့်ဆုံးဈေးပဲ။ အဲ့လောက်ဈေးမြင့်နေပေမယ့် ဝယ်လက်တွေ အနေနဲ့ လိုသလောက်ဝယ်လို့ မရဘူး။ကုန်သည် လက်ထဲမယ် မရှိတော့ဘူး။ လက်ကျန်ရှိနေတဲ့ တောင်သူတွေဆီ ရှာပြီးလိုက် ဝယ်နေရတယ်”
၂၆ ၊စက်တင်ဘာ
ဧရာဝတီတိုင်း အတွင်းရှိ ကောက်ညှင်းစပါး ဈေးကွက်ရှိ ရောင်းဝယ် ဈေးနှုန်းတွေဟာ ၅ နှစ်တာအတွင်း ဈေးနှုန်းတွေက စံချိန်တင် မြင့်တက်နေပေမယ့် လိုအပ်သလောက် ဝယ်လို့မရဖြစ်နေပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က ကောက်ညှင်းစပါး အသွယ်လေးအခြောက်(ရှယ်) တင်းတရာကို ကျပ် ၁၆ သိန်း၊ အလတ်တန်း အမျိုးအစား တင်းတရာကို ကျပ် ၁၄ သိန်း၊ အပွ အမျိုးအစား တင်းတရာကို ၁၃ သိန်း ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီး ယခုနှစ် စက် တင်ဘာလလယ် ကစပြီး ဈေးနှုန်း ၂ဆ မြင့်တက် လာတာပါ။

“ကောက်ညှင်းစပါး လုပ်လာတာ နှစ် ၄၀ ကျော်လာပြီ။ တခါမှ မဖြစ်ခဲ့ဘူးတဲ့ အမြင့်ဆုံးဈေးပဲ။ အဲ့လောက်ဈေးမြင့်နေပေမယ့် ဝယ်လက်တွေ အနေနဲ့ လိုသလောက်ဝယ်လို့ မရဘူး။ကုန်သည် လက်ထဲမယ် မရှိတော့ဘူး။ လက်ကျန်ရှိနေတဲ့ တောင်သူတွေဆီ ရှာပြီးလိုက် ဝယ်နေရတယ်” လို့ ပုသိမ်မြို့ က ကောက်ညှင်းဆန် စပါး ရောင်းဝယ်လုပ်ငန်းရှင် တဦးက DNA ကို ပြောပါ တယ်။
ပြီးခဲ့တဲ့ နှစ်က ဧရာဝတီတိုင်း အတွင်း ကောက်ညှင်းစပါး ရိတ်သိမ်းချိန်မှာ မိုးရွာသွန်းတာ များခဲ့တဲ့အတွက် အပျက်အစီးများပြီး ထွက်နှုန်းနည်းခဲ့တာ၊ သိုလှောင်သူတွေ လက်ထဲ လက်ကျန်နည်း ပါးလွန်းနေတာ၊ပေါ်ဆန်းစပါး ဈေးကောင်းရရှိနေတဲ့ အတွက် ကောက်ညှင်း စပါးလျော့စိုက်ခဲ့တာတွေကြောင့် ဒီနှစ် ကောက်ညှင်းပေါ်ခါနီး အချိန်မှာ လိုအပ်သလောက် ဝယ်မရ ဖြစ်နေရတာပါ။

ကောက်ညှင်းစပါး လိုသလောက် ဝယ်မရလို့ ဈေးတက်လာတာကြောင့် ကောင်းညှင်းဆန် ကလည်း ၁၀၂ ပေါင် တတင်းခွဲ တအိတ်ကို စစ်တပ်အာဏာမသိမ်းခင်က ကျပ် ၈၀,၀၀၀ ရရာက ၂ဆ မြင့်တက်လာကာ ၁၆၀,၀၀၀ ကျပ် ရှိလာပါပြီး ကောက်ညှင်းဆန်စပါး ဈေးတက်လို့ ကောက်ညှင်း မျိုးစပါး ဈေးကလည်း တတင်းကို ကျပ် ၅ သိန်း နီးပါးအထိ ဈေးတက် လာပါတယ်။
“ကောက်ညှင်းဆန်ကို မြန်မာ့ရိုးရာမုန့်မျိုးစုံနဲ့ တရုတ်မုန့် အမျိုးမျိုးလုပ်တဲ့သူတွေ သုံးကြတယ်။မုန့်လုပ်တဲ့ အခါမှာ လိုအပ် သလောက်ပဲ ဝယ်သုံးကြတာဆိုတော့ တက်ဈေးကျဈေး ရှိပြီဆိုရင် လက်လီဝယ်သုံးနေတဲ့ သူတွေအဖို့ ပိုပြီး အကျပ်အတည်း ဖြစ်ရတယ်။ မုန့်လုပ်ရောင်းတာမှာ ဈေးကတက်လိုက်၊ချလိုက် ရောင်းရင် ဖေါက်သည် ပျက်ရော” လို့ ပုသိမ်မြို့မဈေးအတွင်း ကောက်ညှင်းပေါင်း အပါအဝင် မြန်မာမုန့်မျိုးစုံ လုပ်ရောင်းသူက ပြောပါ တယ်။
ကောက်ညှင်းဆန်စပါး ဈေးကောင်းရနေတာကြောင့် အောက်တိုဘာလမှာ ရိတ်သိမ်းပြီးပါက တောင်သူတွေက ကောက်ညှင်း စပါးကို သီးထပ်စိုက်ပျိုး လေ့ရှိကြပါတယ်။ အဲဒါကြောင့် ဖေဖေါ်ဝါရီလ အတွင်းမှာ ကောက်ညှင်းဈေး ပြန်ကျနိုင်တယ်လို့ မြောင်းမြမြို့ ရှိ ဆန်စပါး ရောင်းဝယ်ရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပါတယ်။
ကောက်ညှင်းစပါးကို ဧရာဝတီတိုင်း အတွင်းက ပုသိမ် ၊မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ သာပေါင်း၊ကျောင်းကုန်း၊ ဒေးဒရဲ၊ ကျိုက်လတ် စတဲ့ မြို့နယ်တွေမှာ မိုးရာသီ ဝင်ရောက်ချိန်ကစတင် စိုက်ပျိုးပြီး အောက်တိုဘာလ အတွင်း ရိတ်သိမ်းကာ နိုဝင်ဘာလကုန် မှာ ကောက်ညှင်းစပါးလှိုင်ပြီ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ပျိုး ဧက ၃၈ သိန်းနီးပါး ရှိတဲ့အနက် ကောက်ညှင်းစပါး စိုက်ပျိုးဧကမှာ ငါးပုံတပုံ ခန့်ရှိပြီး ထွက်ရှိတဲ့ ကောက်ညှင်းဆန်ကို ပုသိမ်၊မြောင်းမြ နဲ့ ရန်ကုန် ဈေးကွက်ကို အခြေပြုပြီး မန္တလေး ၊ ဘားအံ၊ ထားဝယ်၊ တောင်ကြီး နဲ့ တရုတ်ပြည် နယ်စပ်အထိ တင်ပို့ရောင်းချ ကြပါတယ်။