ဧရာဝတီတိုင်းမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်လာနိုင်

“ဧရာဝတီတိုင်းမှာ ၇ ရက်အတွင်း မိုးရေချိန် ၁၀ လက်မ ကနေ ၁၄ လက်မခန့်အထိရှိနိုင်ပြီး၊ မုတ်သုံမိုးအားအနည်းအများနှင့် မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှု အနည်းအများပေါ်မူတည်ကာ ဒေသအလိုက် မိုးအနည်းအများကွာနိုင်ပါတယ်”

၂၃၊ စက်တင်ဘာလ။

တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) သက်ရောက်မှုကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရေကြီး၊ ရေလျှံတာတွေ ဖြစ်လာနိုင်ပြီး မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေတာကြောင့် လေပြင်းတိုက်ခတ်ခြင်း အပါအဝင် မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းနဲ့ ကမ်းရိုးတန်း ဒေသတွေမှာ လှိုင်းကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေဟာ လက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကျွန်းစု များကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA)ရဲ့ အရှိန်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင် က “ ဧရာဝတီတိုင်း မှာ ၇ ရက်အတွင်း မိုးရေချိန် ၁၀ လက်မ ကနေ ၁၄ လက်မခန့်အထိရှိနိုင်ပြီး၊ မုတ်သုံမိုးအားအနည်းအများနှင့် မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှု အနည်းအများပေါ်မူတည်ကာ ဒေသအလိုက် မိုးအနည်းအများကွာနိုင်ပါတယ်” လို့ DNA ကိုပြောပါတယ်။ဒါ့အပြင် ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဟာ ရေကြီး၊ရေလျှံမှု ဖြစ်နိုင်တဲ့ ဒေသတွေလို့လည်း ပြောပါတယ်။

မိုးဇလပညာရှင်တွေက အောက်တိုဘာလဆန်းထိ ဧရာဝတီတိုင်းအတွင်းမှာ မိုးများနိုင်မယ်လို့ ခန့်မှန်းထားကြပြီး လက်ရှိ မိုးလေဝသဖြစ်စဉ်တွေကြောင့် အထက်ပိုင်းက ကျဆင်းလာတဲ့ရေနဲ့ အောက်ရေခံရင် မိုးကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံ မိုးဇလ ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြိးနိုင်ပြီး လှိုင်းအမြင့် ၁၂ ပေခန့်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

“ ဧရာဝတီမြစ်ရေကတော့ တက်နေတာပဲ။ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေကို အမြဲစောင့်ကြည့်နေရတယ်။ လိုအပ်ရင် အဆင်သင့်ဖြစ်နေဖို့ကိုလည်း ပြင်ဆင်ထားပါတယ် ” လို့ ဟင်္သာတ မြို့နယ်ထဲ လူမှုကူညီရေး အဖွဲ့တခုရဲ့ ခေါင်းဆောင် ဖြစ်သူက ဆိုပါတယ်။

ဧရာဝတီတိုင်းထဲမှာ ရှိနေတဲ့ ဧရာဝတီ၊ ငဝန်နဲ့ တိုးမြစ်တွေမှာ မြစ်ရေမြင့်တက်လာမှုတွေကိုလည်း မိုးဇလ ဌာနရဲ့ မြစ်ရေအခြေအနေ ထုတ်ပြန်ချက်တွေမှာ ဆက်တိုက်တွေ့နေရပါတယ်။

ဧရာဝတီတိုင်းဟာ ယခုနှစ် မိုးရာသီမစတင်ခင်ကတည်းက မြစ်ကမ်းပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တာ ဖြစ်ပြီး လတ်တလောမှာလည်း ဇလွန်မြို့နယ်မှာ ကမ်းပြိုခဲ့ပါသေးတယ်။ ဒီမြစ်ကမ်းပြိုမှုတွေဟာ ရေကြီး၊ ရေလျှံမှုတွေ မဖြစ်သေးပဲ မြစ်ရေတက်ရုံနဲ့တင် ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့ကတော့ အရေးပေါ် ရေကြီး၊ ရေလျှံမှုတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို လေ့ကျင့်လုပ်ဆောင်မှုတွေ ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။