ဟင်္သာတ တနယ်လုံးမှာ ခိုးဆိုးလုယက်မှုတွေ ဥပဒေမဲ့ ဖြစ်ပေါ်နေ

“အဖွဲ့ခေါင်းဆောင်က ဟင်္သာတကလို့ ပြောတယ်။အဖွဲ့ထဲမှာတော့ ကလေးတွေက အစုံပါတယ်။အင်ပင်ကလည်း ပါတယ်၊ဟင်္သာတကလည်းပါတယ်။ခပ်ငယ်ငယ်တွေ အများအားဖြင့် ၁၈ မပြည့်ကြသေးဘူး။ ငယ်ပေမယ့် ရဲတင်းကြတယ်”

၁၄၊စက်တင်ဘာ။

ဧရာဝတီတိုင်း ဟင်္သာတမြို့ပေါ်နဲ့ ကျေးလက်ဒေသတွေမှာ ခိုး၊ဆိုး၊လုယက်မှုတွေ ဥပဒေမဲ့ ဖြစ်ပေါ်နေပါတယ်။ဟင်္သာတမြို့ပေါ်မှာရော နယ်ဘက်တွေမှာ ပစ္စည်းခိုးခံရတာ ၊ အိမ်ဖေါက်ထွင်းခံရတာတွေဟာ ညဘက်တင်မကပဲ နေ့ခင်းဘက်အချိန်တွေမှာပဲ ပေါ်ပေါ်တင်တင် ဖြစ်နေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးမယူနိုင်တဲ့အပြင် ပြည်သူက ဖမ်းဆီးပြီး ရဲလက်အပ်ပေးခဲ့တဲ့ သူခိုးအဖွဲ့တွေကိုတောင် သက် ဆိုင်ရာ ရဲစခန်းက ပြန်လွှတ်ပေးနေတာကို တွေ့ရပါတယ်။နယ်လှည့်ပြီး အုပ်စုဖွဲ့ ခိုးယူနေတဲ့ ဖြစ်စဉ် တွေကြောင့် ဒေသခံတွေအနေနဲ့ မလုံခြုံမှုတွေ ခံစားနေရပါတယ်။

မယ်ဇလီကုန်းက ဘုရားတန်ဆောင်းဖေါက်ထွင်းမှု
ဟင်္သာတခရိုင်၊အင်္ဂပူမြို့နယ်၊မယ်ဇလီကုန်းမြို့ပေါ် မဟာသီရိစေတီတော်မြတ်ကြီးရဲ့ တန်ဆောင်းအဟောင်းက သော့ခတ်ထားတဲ့ ဂိုဒေါင်တခုကို စက်တင်ဘာ ၁၁ ရက်နေ့ မွန်းတည့်အချိန်မှာပဲ အမှိုက်ကောက်သမားတွေ အဖြစ်ဟန်ဆောင်ထားတဲ့ အဖွဲ့က သော့ဖျက်ခိုးဝင်ပြီး ပစ္စည်းတွေခိုးယူနေတာကို ဂေါပက အဖွဲ့က ပစ္စည်းတွေနဲ့တကွ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

“အရင်ဆုံး နှစ်ယောက်ကို စတွေ့တာပါ။နောက် နှစ်ယောက်က ပစ္စည်းတွေထားတဲ့ တန်ဆောင်းဟောင်းထဲမှာ ပုန်းနေတယ်”လို့ ဖြစ်စဉ်အတွင်း ဂေါပကအဖွဲ့နဲ့အတူပါဝင်ခဲ့တဲ့ ဆရာတော် တပါးက DNA ကိုမိန့်ကြားပါတယ်။

ဘုရားတန်ဆောင်းတွင်းက ပစ္စည်းတွေကို နေ့ခင်းလင်းလင်းချင်းချင်းမှာပဲ ဝင်ရောက်ခိုးယူသူတွေဟာ အမျိုးသမီးတွေချည်းပဲ လေးဦးပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ခိုးယူထားတဲ့ ဆလိုက်မီးတွေ၊ မြန်မာမှု ပန်းအမျိုးမျိုး ၊ ရှေးဟောင်းရေဒီယို တလုံးနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာပါ။

“သံဃာတွေဘက်ကတော့ ဝိနည်းနဲ့အညီ ပြန်အလှူခံပြီး ဂေါပကအဖွဲ့ကို ပြန်လည်လွှဲပြောင်း အပ်နှံလိုက် ပါပြီ။ ဥပဒေပိုင်းကိုတော့ ဦးဇင်းတို့ နားမလည်ပါဘူး”လို့ ဆရာတော် မိန့်ပါတယ်။

ဖမ်းမိခဲ့တဲ့ ပလုံကောက်တဲ့ အမျိုးသမီးလေးဦးကိုတော့ ဂေါပက အဖွဲ့က မယ်ဇလီကုန်း ရဲစခန်းကို အပ်နှံလိုက်ပြီး ကနစ စစ်မေးချက်တွေအရ သူတို့တွေဟာ ဟင်္သာတမြို့ ပိုးဇာတောကျောင်းလမ်းမှာ နေထိုင်သူတွေလို့ သိရပါတယ်။

ထူးကြီးမြို့ ၁ လမ်း အိမ်ဖေါက်ထွင်းမှုစက်တင်ဘာ လ ၃ ရက်နေ့က ထူးကြီးမြို့ ၁ လမ်းအတွင်းမှာ ပလုံကောက်တဲ့ အဖွဲ့တဖွဲ့က ချိတ်ပိတ်ထားတဲ့ အိမ်တလုံးကို နေ့ခင်းကြောင်တောင်မှာ ဖေါက်ထွင်းပြီးပစ္စည်းတွေယူနေတာကို လမ်းထဲမှာ နေထိုင်သူတွေက ဖမ်းမိခဲ့ပါတယ်။

“သူတို့က အဖွဲ့လိုက်လာတာ။ ကားတစီးပါတယ်။သူတို့အဖွဲ့ကို ချပေးပြီး ကားက ခပ်ဝေးဝေးမှာနေတယ်”လို့ ထူးကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။

ထူးကြီးမြို့မှာ ပလုံကောက်အဖွဲ့က ရပ်ကွက်ထဲမှာ အိမ်ကြိုအိမ်ကြားက ပစ္စည်းတွေကို လိုက်ကောက်ရင်း လစ်ရင်လစ်သလို ပစ္စည်းတွေကို ခိုးယူခဲ့ကြတာပါ ။ သူတို့အဖွဲ့က အဖွဲ့ဝင် နှစ်ဦးက လူမနေတဲ့ ချိတ်ပိတ်ထားတဲ့ အိမ်တအိမ်မှာ ဖေါက်ထွင်းပစ္စည်းယူနေတုန်းမှာ ရပ်ကွက်က မိသွားပြီး ဝိုင်းဖမ်းကြတဲ့အချိန်မှာ ရပ်ကွက်တွင်း နေရာအနှံ့က စုစုပေါင်း ကျားမ ၁၃ ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“အဖွဲ့ခေါင်းဆောင်က ဟင်္သာတကလို့ ပြောတယ်။အဖွဲ့ထဲမှာတော့ ကလေးတွေက အစုံပါတယ်။အင်ပင်ကလည်း ပါတယ်၊ဟင်္သာတကလည်းပါတယ်။ခပ်ငယ်ငယ်တွေ အများအားဖြင့် ၁၈ မပြည့်ကြသေးဘူး။ ငယ်ပေမယ့် ရဲတင်းကြတယ်”လို့ ထူးကြီးဒေသခံက ပြောပါတယ်။

ထူးကြီးမြို့ခံတွေက ဖမ်းမိခဲ့တဲ့သူတွေကို ရဲစခန်းကို သူတို့တွေ ထူးကြီးမြို့ နေရာအနှံ့က ခိုးယူထားတဲ့ သက်သေခံ ပစ္စည်းတွေနဲ့အတူ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

“ အချုပ်ထဲ ထဲ့တော့ကျမှ ကျွန်တော်တို့ ပြန်ခဲ့တာ။ သူတို့ထဲက ၅ ယောက်က သန်လျှင်ကလေး လေ့ကျင့်ရေးကျောင်းကို ရောက်ဖူးခဲ့တဲ့ ကျင့်သားရ သူခိုးလေးတွေပါတယ်”လို့ ကိုမျိုး(အမည်လွှဲက) ပြောပါတယ်။

DNA အနေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာ စက် တင်ဘာ ၁၁ ရက်နေ့က မယ်ဇလီကုန်းမြို့မှာ ဖမ်းမိခဲ့တဲ့ အမျိုးသမီး ၄ ဦးအဖွဲ့ဟာ စက်တင်ဘာလ ၃ ရက်နေ့က ထူးကြီးမြို့မှာ အဖမ်းခံခဲ့ရတဲ့ အဖွဲ့ထဲက အမျိုးသမီး ၄ ဦးနဲ့ တူညီနေတာကို တွေ့ခဲ့ရပါတယ်။

ပုံ(၁)မှာ ပါဝင်တဲ့ အမျိုးသမီး လေးဦးဖြစ်တဲ့ ( a၊b၊c၊d ) ကို ပုံ(၂)မှာရှိတဲ့ အမျိုးသမီး ( a၊b၊c၊d )အဖြစ် တိုက်ဆိုင်စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။

ပုံ(၁)မှာပါဝင်တဲ့ ပန်းပန်ထားတဲ့ a အမျိုးသမီးဟာ ဦးထုပ် အနက်ရောင်ကို ဆောင်းထားပြီး ပုံ(၂)မှာလည်း ဦးထုပ်အနက်ရောင်ကို ကိုင်ထားတာ တွေ့ရပါတယ်။ ပုံ(၁)မှာ ဦးထုပ်အနက်ရောင် ဆောင်းပြီး အကျီအနီကွက်ကြဲ ဝတ်ဆင်ထားတဲ့ b အမျိးသမီးဟာ ပုံ(၂)မှာလည်း အကျီအနီကွက်ကြဲကို ဝတ်ထားပြီး ဦးထုတ်အနက်ရောင်ကို ကိုင်ထားတာ တွေ့ရပါတယ်။ပုံ(၁)မှာ ဦးထုတ်မိုးပြာရောင် ဆောင်းထားတဲ့ c အမျိုးသမီးဟာ ပုံ(၂)မှာလည်း မိုးပြာရောင်ဦးထုတ်ကို ကိုင်ထားတာ တွေ့ရပါတယ်။ ပုံ(၁)မှာ ကာကီရောင်အဖျော့ ဦးထုပ်ကို ဆောင်းထားပြီး ခေါင်းငုံ့နေလို့ မျက်နှာမပေါ်လွင်တဲ့ d အမျိုးသမီးဟာ ပုံ(၂)မှာတော့ ကာကီရောင်အဖျော့ ဦးထုပ်ကိုပဲ ဆောင်းထားပြီး အကျီကလည်း ပုံ(၁) တုန်းက အတိုင်း အကွက်ကြဲကို ဝတ်ဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို့ ပုံတွေကို တိုက်ဆိုင် စစ်ဆေးအပြီးမှာ ထူးကြီးမြို့မှာ မြို့ခံတွေက ဖမ်းပြီး ရဲလက်အပ်ပြီး အချုပ်ထဲ ထဲ့ခဲ့သူတွေဟာ ၈ ရက်အကြာမှာ မယ်ဇလီကုန်းမြို့မှာ ခိုးမှုကို ထပ်မံကျုးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။

“ သူတို့ကို ဘယ်လိုပုံစံပြန်လွှတ်ပေးလိုက်တယ်
တော့ ကျွန်တော်လည်း မသိပါဘူး”လို့ ထူးကြီးမြို့ခံ ကိုမျိုး(အမည်လွှဲ)က DNA ကိုပြောပါတယ်။

“ဒီတနေရာတည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ နေရာစုံမှာ ဖြစ်နေတာပါ။ပလုံကောက်တယ်၊လူလစ်ရင် ရေမော်တာကအစ တွေ့သမျှ အကုန်ယူတယ်”လို့ မယ်ဇလီကုန်းမြို့က ဆရာတော်က မိန့်ကြားပါတယ်။

မယ်ဇလီကုန်းမြို့၊ မဟာသီရိ စေတီတော်မြတ် တန်ဆောင်းအဟောင်း ဖေါက်ထွင်းခံရတဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာပဲ ဇောင်းတန်းမြို့ ၊ရှမ်းတောရွာမှာ တဖွဲ့ ၊ ရုံးဇင်းရွာမှာတဖွဲ့ကို ဒေသခံတွေက ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

ဟင်္သာတမြို့ပေါ်မှာလည်း မလုံခြုံဟင်္သာတမြို့ဟာ ၊ ဧရာဝတီတိုင်းမှာ မြို့တော်ပုသိမ်မြို့ပြီးရင် ဒုတိယမြို့တော် နဲ့ ခရိုင်ရဲတပ်ဖွဲအခြေစိုက်ရာ ၊ ခလရ (၁၈) တပ်စွဲထားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဟင်္သာတမြို့ပေါ်မှာပဲ လုယက်ခံရတာတွေ ၊ ပစ္စည်းပျောက်ရှတာတွေဟာ မကြာခဏ ဖြစ်ပေါ်နေပြီး မြို့ခံတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။

“မနက်အစောကြီးဆိုရင် ဖုန်းလုတယ်၊ပိုက်ဆံအိတ်လုတယ်၊ဆွဲကြိုးဖြတ်တယ် တို့ရပ်ကွက်ထဲမှာ မကြာမကြာ ဖြစ်တယ်။အပြင်ကို မထွက်ရဲသလောက်ပဲ ၊ ပေါ်တာတွေကလည်း ပိုးဆိုးပက်ဆက် ဆွဲနေတာ”လို့ မြဝတီရပ်ကွက်မှာ နေထိုင်သူ ကိုတရုတ်(အမည်လွှဲ) DNA ကို ပြောပါတယ်။

မြဝတီရပ်ကွက်ဟာ ဟင်္သာတတက္ကသိုလ်နဲ့ အနီးဆုံးရပ်ကွက် ဖြစ်ပြီး ဘော်ဒါဆောင်တွေအများဆုံး ရှိနေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။စက်တင်ဘာလ ဒုတိယပတ်ထဲမှာပဲ လမ်းလျှောက်ပြီး ကျောင်းသွားနေတဲ့ တက္ကသိုလ်ကျောင်သူတဦးရဲ့ အိတ်ကို ဆိုင်ကယ်သမားတဦးက ဆွဲယူထွက်ပြေးသွားတယ်လို့ ကိုတရုတ်က ပြောပါတယ်။ဒါ့အပြင် လမ်းတွေ၊အိမ် တွေအတွင်း ပစ္စည်းပျောက်မှု့တွေကလည်း နေ့ခင်း ကြောင်တောင် မရှောင် ဖြစ်နေတယ်လို့ မြို့ပေါ်မှာ စားသောက်ဆိုင်ဖွင့်ထားသူတဦးက DNA ကို ပြောပါတယ်။

“ဆိုင်ရှေ့မှာ မြောင်းကို အပေါက်ဖေါက်ပြီး အမှိုက် တွေမပါအောင် သံချောင်းနဲ့ ဂဟေဆော်ပြီး မြောင်းဖုံးလုပ်ထားတာ။အဲဒါတောင်မှ လုပ်လို့ မနိုင်ဘူး ။ တခုပြီး တခုအခိုးခံရတာ ။အခုတော့ မြောင်းပေါက် ကို ဟောင်းလောင်းထားလိုက်ရတဲ့ ဘဝရောက်ရော”လို့ ဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်တွေ အတွင်းမှာလည်း လူငယ်တွေကို စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ရုတ်တရက် ဝင်ဖမ်းတာတွေလည်း လုပ်နေပါတယ်။

“မဲနှိုက်တာလည်း မရှိဘူး။ရုတ်တရက်ကြီး ညနေ စောင်းကြီး ရောက်လာပြီးတော့ စစ်မှုထမ်းမဲပေါက် တယ် လိုက်ခဲ့ဆိုပြီး လာခေါ်တာ။ အရပ်ဝတ်တွေရော ၊ စစ်ယူနီဖောင်းတွေနဲ့ရော ပါတယ်။ ကျွန်မတို့ကို သတင်းမထွက်စေနဲ့ သတင်းထွက်ရင် နင်တို့ကိုပါ လာခေါ်မယ်ဆိုပြီး ပြောသွားတယ်လို့” ကာယကံရှင်တဦးက DNA ကိုပြောပါတယ်။

( ဆက်စပ်သတင်း >>https://www.facebook.com/photo/?fbid=1205662128273529&set=a.605723161600765)

▪️ စစ်သားတွေရဲ့ မူးယစ်ရမ်းကားမှု

ဟင်္သာတခရိုင်အတွင်းက လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အစပ်က ဘုရားကုန်းကျေးရွာမှာလည်း စက်တင်ဘာ ၇ ရက်နေ့ညက ရှေ့တန်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားနှစ်ဦးက ရွာထဲကို အရက် မူးဝင်လာပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ၊ အိမ်တအိမ်ပေါ်တက်ပြီး အမျိုးသမီးတဦးကို ဖက်နမ်းတာ၊အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ထိကပါးရိကပါး စော်ကားတာတွေ လုပ်ခဲ့ပါတယ်။

ဘုရားကုန်းကျေးရွာဟာ ပုသိမ်၊မုံရွာကားလမ်းဘေးမှာရှိတဲ့ ပိန္နဲကွင်း၊တိုင်တရာကျောင်းအနီးကကျေးရွာ တရွာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက စစ်ဖြစ်နေတဲ့ ရှေ့တန်းဧရိယာတွေ ဖြစ်ပါတယ်။ ကွင်းကောက်မြို့မှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၅) နဲ့ ၇ မိုင်ကျော် သာ ကွာဝေးပြီး ၊ ဘုရားကုန်းကျေးရွာအနီးက ဂွေးတောက်ကွင်း၊ဘဲ့ပြားကုန်းစတဲ့ ရွာတွေမှာ ရှေ့တန်းစခန်းတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနေ့က ဖြစ်စဉ်မှာတော့ အဲဒီလို မူးရစ်ယမ်းကားနေတဲ့ စစ်သားနှစ်ဦးကို ဘဲ့ပြားကုန်းရှေ့တန်းစခန်းက အရာရှိတဦးအပါအဝင် စစ်သားအချို့လိုက်လာ ပြီး ထိန်းသိမ်းပေမယ့် အမူးလွန်နေပြီး ထိန်းမရတဲ့အတွက် နေရာမှာတင် သေနတ်နဲ့ ပစ်သတ်သွားခဲ့ပြီး အလောင်းတွေကို ရွာမှာ ထားခဲ့တယ်လို့ သိရပါတယ်။
(ဆက်စပ်သတင်း>>https://www.facebook.com/photo?fbid=1205307668308975&set=pcb.1205312281641847)

▪️ ဟင်္သာတမြို့ပေါ်က နှစ်လောင်းပြိုင် လူသတ်မှု

စက်တင်ဘာလ ၈ ရက်နေ့ညနေ ၅ နာရီခန့်က ဟင်္သာတမြို့ရဲ့ လူစည်ကားပြီး ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ မီတာ ၃၀၀ ကျော်သာ ကွာဝေးတဲ့ နေရာတခုမှာ နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ဟင်္သာတမြို့ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်း လမ်းဆုံအနီးမှာ ရှိတဲ့ ဒေါက်တာတင်မောင်ထွန်း သွားဆေးခန်းမှာ သွားဆရာဝန်ကြီး ဒေါက်တာတင်မောင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မီမီသက်တို့ကို ဓါးနဲ့ထိုးခဲ့သတ်ခဲ့တဲ့ အမျိုးသားတဦးဟာ ဆေးခန်းထဲက ဆိုင်ကယ်ကို အေးအေးဆေးဆေးတွန်းပြီး ထွက်သွားခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ဒါပေမယ့် အမှုဖြစ်ပြီး ၇ ရက်ပြည့်တဲ့အထိတော့ လူသတ်တရားခံကို မဖမ်းမိသေးပါဘူး ။

“ရဲအမှုစစ် အနေနဲ့ကတော့ ကျားကိုတွေ့ပြီး ကျားခြေရာ မတွေ့ဖြစ်နေပါသေးတယ်။ကျားကလည်း လျှင်တယ်ဆိုရင်တော့ ခြေရာရှိမှအထောက်အထား ရမှာကိုး။အရည်အချင်းရှိရင် အမှုမှန်ပေါ်ပါတယ်။ခုခေတ် တပ်ဖွဲ့ဝင်တွေက အတွေ့အကြုံအများကြီးရှိတဲ့ ရဲမှုထမ်းတွေကို ဥပေက္ခာပြုနေတာ သူတို့ရဲ့အမှားပဲ။ cause of crime မှာ w-7 ဆိုတာနဲ့ သုံးသပ်ရတယ်။ ။ why နဲ့တင် ၅၀ % scop ကျဉ်းသွားမှာ၊တော်သေးတယ်။တခုတော့ ရှိတာပေါ့ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းက ကျဆင်းနေရတဲ့ အထဲ အမှုကို တပတ်အတွင်းတို့ သုံးရက်အတွင်းတို့ ပေါ်ရင်ပေါ် မပေါ်ရင် ရခိုင်တို့၊ကရင်တို့ ချင်းတို့ ပြောင်းပစ်မယ်လို့ အမိန့်ထုတ်လိုက်ရင်တော့ မကောင်သူထိပ် ကောင်းသူထိပ် ဆိုတဲ့အတိုင်း ကံဆိုးသူ မောင်ရှင်တယောက်တော့ တရားခံအဖြစ် တရားစွဲတင် ခံရလိမ့်မယ်”လို့ အငြိမ်းစားရဲအရာရှိတဦးက မှတ်ချက်ပေးပါတယ်။
(ဆက်စပ်သတင်း >> (၁)https://www.facebook.com/photo/?fbid=1204932785013130&set=a.605723161600765
(၂) https://www.facebook.com/deltanewsagency/videos/717362624679371