“နေမကောင်းလို့ ခွင့်ယူတာတောင် မရဘူး။ အလုပ်သမား သမဂ္ဂတော့ရှိတယ် ဒါပေမယ့် အလုပ်ရှင်ဘက်က ဖွဲ့ပေးထားတဲ့ အဖွဲ့ပါ။ ဒီကာလမှာ အလုပ်သမားအခွင့်အရေးက ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့ ဆိုတဲ့သဘောပါပဲ”
၁၀၊ စက်တင်ဘာလ။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ DONG LONG(Pathein) အထည်ချုပ် စက်ရုံမှာ အလုပ်သမား ဥပဒေချိုးဖောက်မှုတွေအပြင် ကိုယ်ထိလက်ရောက် ပြုလုပ်မှုတွေပါ ရှိနေတာကြောင့် ဒီစက်ရုံမှာ ချုပ်လုပ်နေတဲ့ အမှတ်တံဆိတ်တွေ အနေနဲ့ ဖြေရှင်းပေးဖို့ စက်ရုံ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။
“ ကျွန်မတို့အနေနဲ့ကတော့ သက်ဆိုင်ရာ ဘရန်း(အမှတ်တံဆိပ် ကုမ္ပဏီ)တွေကို တိုင်တာမျိုးတော့ လုပ်လို့ရပါတယ်။ လုပ်ထားတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဒါကို ထိရောက်ဖို့ဆိုရင် ဒီဘရန်းတွေက ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ် ” လို့ အလုပ်သမားရေး လှုပ်ရှားသူတဦးက ပြောပါတယ်။
ဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော်နဲ့ Muji , Mayoral, Golf ,SEM/Rတံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပြီး ရုံခွဲအနေနဲ့ KUMUDRA(Pathein) အထည်ချုပ်စက်ရုံကို ဒီစက်ရုံနဲ့ ကပ်ရပ်မှာ ထပ်မံဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
“ နေမကောင်းလို့ ခွင့်ယူတာတောင် မရဘူး။ အလုပ်သမား သမဂ္ဂတော့ရှိတယ် ဒါပေမယ့် အလုပ်ရှင်ဘက်က ဖွဲ့ပေးထားတဲ့ အဖွဲ့ပါ။ ဒီကာလမှာ အလုပ်သမားအခွင့်အရေးက ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့ ဆိုတဲ့သဘောပါပဲ ” လို့ အလုပ်သမား တဦးက ပြောပါတယ်။
အလုပ်ဝင်ချိန်ကနေ အလုပ်ဆင်းတဲ့အချိန်ထိ ဖုန်းတွေကိုသိမ်းထားတာကြောင့် အရေးကြီးအကြောင်း ကိစ္စတွေကို မသိရတာတွေလည်း ရှိနေပြီး စက်ရုံဝန်ထမ်းအဆင့်အလိုက် အုပ်ချုပ်သူတွေက မတန်တဆ ဆဲဆို ရိုက်နှက်နေတာတွေဟာ ဆိုးဝါးလွန်းနေတာကြောင့် အလုပ်သမားတွေက သည်းခံနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။
“ အောစူပါ ဒေါ်မေချိုဦးကအလုပ်သမားတွေကို ကြီးကြီးငယ်ငယ် ခေါင်းခေါက်တာတွေ၊ ကျောကုန်းထုတာတွေလုပ်တယ် တစ်ခုခုဆို ပါးစပ်က ကောင်းကောင်းမွန်မွန်မပြောချင်ဘူး လက်ပါတယ် ၊ အထည်တွေနဲ့ ပစ်ပေါက်တာတွေလုပ်တယ် ” လို့ ကိုယ်တိုင်ခံခဲ့ရတဲ့ အလုပ်သမားတဦးက ဆိုပါတယ်။
ဒေါ်မေချိုဦးဟာ စက်ရုံတွင်းက လိုင်း ၄ လိုင်းကို ကိုင်ထားရသူဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် အထည်ရေကို ချုပ်နိုင်တာထက် ပိုချုပ်ခိုင်းတာ၊ သူတို့တောင်းဆိုတဲ့ အထည်အတိုင်းမပေးနိုင်ရင် ထမင်းမစားခိုင်းတာ၊ ရေမသောက်ခိုင်းတာ၊ အိမ်သာမသွားခိုင်းတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။