(၁)
လူဟူသည် ပုထုဇဥ်ဖြစ်သဖြင့် လောဘ၊ဒေါသ၊မောဟ ဟူသော ဟိတ်၃ပါးရှိကြ၏။ ထို့ကြောင့်ပင် ကောင်းမှုထက် မကောင်းမှု၌ ပို၍ မွေ့လျော်ကြ၏။မကောင်းမှု၌ မွေ့လျော်ကြသူများသည် ဆိပ်ကွယ်ရာ အရပ်၌ ကြက်စားလေ့ရှိ၏။ကောင်းမှု လုပ်ဆောင်လေ့ရှိသူများကား လူပုံအလယ်တွင် ထင်ထင်ပေါ်ပေါ် နေထိုင်ပြုမူလေ့ ရှိ၏။သို့သော် အချို့သောသူများမှာ ကုသလာနှင့် အကုသလာကို ယှဉ်တွဲမွေ့လျော်ကြပြန်၏။ ဥပမာပေးရလျှင် ခွက်ပုန်းချတတ်သော ဘုရားလူကြီးမျိုးဖြစ်၏။ထိုသူများသည် အများရှေ့တွင် လူကြီးလူကောင်းယောင် ဆောင်ထားပြီး သူတို့၏မကောင်းမှုများကို လူတွေသိမှာစိုးကြ၏။
(၂)
အင်တာနက်နှင့် ဆိုရှယ်မီဒီယာများ ပေါ်ပေါက်လာသော ဤ၂၁ရာစုကြီးတွင်ကား မကောင်းမှုဟူသမျှသည် မည်သည့် ဆိပ်ကွယ်ရာအရပ်၌ ပြုလုပ်ပါစေ ဘွင်းဘွင်းရှင်းရှင်း ပေါ်တတ်၏။ ကျွန်ုပ်တို့ငယ်စဉ်က မီဒီယာဟူ၍ အစိုးရထုတ် သတင်းစာနှင့် ရေဒီယိုလောက်သာရှိရာ ထိုမီဒီယာက ထုတ်ပြန်သော သတင်းကိုသာ ယုံကြရ၏။ဂေါက်ကွင်း၌ ဟိုဌာနကလူကြီးနှင့် ဒီဌာနက လူကြီးတို့ ဂေါက်ရိုက်ကြရာ ဟိုဌာနလူကြီးသည်
တချက်ထဲနှင့် ကျင်းဝင်အောင်ရိုက်လိုက်၏။ ကျွန်ုပ်တို့ ယုံလိုက်ကြရ၏။ မိုးစပါး စိုက်ပျိုးရာသီတွင် တနိုင်ငံလုံး၌ စိုက်ဧက တသန်းကျော် စိုက်ပျိုးနိုင်ခဲ့၏။ကျွန်ုပ်တို့ယုံလိုက်ကြရ၏။
ဘယ်ပြည်နယ်၌ လက်နက်ကိုင်သူပုန်များသည် ကျေးရွာများကို မီးရှို့ဖျက်စီးပြီး တံတားတစင်းကို မိုင်းခွဲဖျက်စီးလိုက်၏။ကျွန်ုပ်တို့ယုံကြရ၏။မယုံ၍လည်းမရ။ရေဒီယိုကလွှင့်လည်း ဒီသတင်း၊ သတင်းစာဖတ်လည်း ဒီသတင်းဖြစ်၍ ဘဇာတတ်နိုင်မည်နည်း။သတင်းစာခေါင်းကြီး ပိုင်းတွင် အဖျက်သမားဟူသမျှ ဆန့်ကျင်ကြဟူလျှင် ကျွန်ုပ်တို့လည်းဆန့်ကျင်ကြဟု လိုက်အော်ကြယုံသာ။
ယခုလိုမီဒီယာအပေါင်း လက်ဖဝါးပေါ်ခညောင်း သောခေတ်ကြီးတွင်ကား ကျွန်ုပ်တို့သည် ဘဇာကိုမျှ အလွယ်တကူ မယုံကြည်ကြတော့ချေ။တချက်တည်း ကျင်းဝင်တော့ ဘာလုပ်ရမှာလဲ။စပါးဧက တသန်းစိုက်တော့ ဆန်ဈေးကျသွားလား။မီးရှို့တာက ဟိုကောင်တွေလေ စသည်ဖြင့် မေးခွန်း အသီးသီး ထုတ်နိုင်ကြ၏။
လျှပ်စစ်ရထား ပြေးမည်ဆိုလည်း မယုံ၊နြူကလီးယားဓာတ်ပေါင်းဖို ဆောက်မည်ဆိုလည်း မယုံ၊တိုင်းပြည်၏ ဂျီဒီပီ တိုးတက်လာသည် ဆိုလျှင်လည်းမယုံ ကျွန်ုပ်တို့ ခွီနေကြရုံသာ။ ဟိုတလောက ဒေါ်နယ်ထရမ့်နှင့် ဇလန်စကီးတို့ စကားပြောကြပုံကို ရုပ်သံက တိုက်ရိုက်ပြ၏။ ထရမ့်၏ အထက်စီးနိုင်မှုကြောင့် ဇလန်စကီးလေးကို ကမ္ဘာက ဝိုင်းသနားကြ၏။ဂါဇာကိုကုလသမဂ္ဂက ဂျုံအိတ်တွေကူညီသဖြင့် ပါလက်စတိုင်းသားတွေအလုအယက်ယူကြပုံကို ကြည့်ပြီး ကမ္ဘာကစာနာကြ၏။အမေရိကန်က အီရန်ကို
ဗုံးသွားကျဲတာကို ရုရှားက ကျဲပါသည်ဆိုပြီး ညာ၍မရ ။ ဘယ်သူဗုံးကျဲလျှင် ကျဲသည်။ ဘယ်သူမီးရှို့လျှင် ရှို့သည်။ဘယ်သူမုဒိမ်းကျင့်လျှင် ကျင့်သည်။ဘယ်သူလူသတ်လျှင် သတ်သည်။ကမ္ဘာကိုညာ၍မရတော့။
(၃)
တနေ့သ၌ ကျွန်ုပ်အာဖျံကွီးသည် လက်ဘက်ရည်ဆိုင် တဆိုင်၌ ညနေတိုင်း အာရိုက်နေကျ
ဖြစ်ရကား ထိုနေ့တွင်လည်း ကျောင်းဆရာကလေး ကိုနမော၊သူဌေးကလေး ကိုကိုဆွေတို့နှင့် အတူ
သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းများကို မြိန်ယှက်စွာ ဖောင်းထုနေစဉ် ကျွန်ုပ်တို့ဝိုင်းသို့ ရပ်ကွက်ထဲမှ ဦးအာလူးဆိုသူကြီး ရောက်လာ၏။
ဦးအာလူးသည် ရပ်ကွက်ဓမ္မာရုံ လူကြီးဖြစ်ပြီး ဖုန်းတလုံးနှင့် ကမ္ဘာပတ်နေသူ ဖြစ်၏။သူ့ဖုန်းထဲတွင် ဖေ့ဘွတ်၊တယ်လီဂရမ်၊ အင်စထရာဂရမ်၊တစ်တော့၊ဝီချပ်အစုံရှိ၏။တခါတရံ သူနားမလည်သော အနှီအက်ပလီကေးရှင်း ကိစ္စရပ်များကို ကျွန်ုပ်တို့အား လာမေးလေ့ရှိ၏။ယခုလည်း မဆိုင်းမတွပင် “လုပ်ကြပါဦးကွာ အခုအေအိုင်ဆိုတာ ပေါ်နေတယ်ဆို၊ ငါ့လည်းပြပါဦး ဘယ်လိုလုပ်ရသလဲလို့’ဟုဆိုလေ၏။
ကျောင်းဆရာပီပီ ဆရာတတ်ရန်ဝန်မလေးသော ကိုနမောက “ဦးလေးရယ် အေအိုင်ဆိုတာ ဉာဏ်ရည်တုကို ပြောတာဗျ အင်္ဂလိပ်လိုကတော့ အာတီဖစ်ရှယ် အင်တဲလီးဂျန့်ပေါ့ဗျာ..”စသည်ဖြင့် သူတတ်ကြောင်းများ ထုတ်ကြွားနေစဉ် စိတ်မရှည်တော့သော ကျွန်ုပ်က လိုရင်းတိုရှင်းကာ”အေအိုင်ဆိုတာ ဂွေကိုင်စရာမလိုဘဲ လိုရာခရီးကို ရောက်တယ်ဗျ။ ဦးလေးသိချင်တာကို ရေးလိုက်တာနဲ့ သူကအကုန်ပြောမှာ
ဦးလေးက ဘာသာရေးသမားဆိုတော့ ရိုက်ပြမယ် ပဌာန်းပေါ့ သည်မှာကြည့်”
“ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တခုအပါအဝင်ဖြစ်သည်။ပဋ္ဌာန်း ဟူသည်မှာ ပ နှင့် ဌာန နှစ်ခုပေါင်းဖြစ်ကာ ပ ဆိုသည်မှာ အမျိုးမျိုးအစားစား များပြားသော၊ ဌာန ဆိုသည်မှာ အကြောင်းဟု အသီးသီး အဓိပ္ပာယ်ရသည်။”
“တွေ့လားဦးလေး သူပြန်ပြောတာမှန်လား” “မှန်တာပေါ့ကွာ တော်လိုက်တဲ့အေအိုင်”
ဦးအာလူးအား သူ့သိချင်သော အကြောင်းအရာ တခုနှစ်ခုလောက် ရှာပေးလိုက်ရာ အေအိုင်ကို
သဘောကျသွားပြီး နောက်ဆုံး အေအိုင်ကို ပညာစမ်းသည့်အနေနှင့် မင်းအောင်လှိုင် ရှာပေးစမ်းပါ ဆိုသဖြင့် ကျွန်ုပ်ရိုက်ထည့်လိုက်ရာ ” ထိုသူမှာ မြန်မာစာရေးဆရာတဦး ဖြစ်၏။သူသည် စာအုပ်နှစ်အုပ်ရေးသား ထုတ်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာရေးလျှက်ရှိသည်။”ဟူ၍ထွက်လာ၏။
ဦးအာလူးမှာ ထိုစာကိုဖတ်ပြီး မျက်လုံးပြူးသွား၏။ထို့နောက်” တော်လိုက်တဲ့ အေအိုင်ကွာ ဒီလူကြီး စာရေးဆရာ ဖြစ်နေတာ ငါတို့မသိဘူး။ သူက နှိုက်နှိုက်ချွတ်ချွတ် သိတယ်နော်။ ဒါပေမဲ့ ဒီအေအိုင်ကိုတော့ ငါ့မိန်းမသုံးခိုင်းလို့မရဘူးကွ” ဟုဆိုလေ၏။ “ဘာဖြစ်လို့တုန်း’ဟု ကျွန်ုပ်တို့ ပြိုင်တူမေးလိုက်စဉ် သူပြန်ဖြေသော စကားကြောင့် ကျွန်ုပ်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်ရချေတော့သည်။
“ငါ့နာမည် ရိုက်ထည့်လိုက်လို့ရှိရင် ငါမယားငယ်ထားတာ ပေါ်သွားမှာပေါ့ကွ” ဟူသတတ်။