တိုက်ပွဲတွေကြောင့်ဧရာဝတီတိုင်းပုသိမ်-မုံရွာလမ်းပိုင်းမှာလမ်းပန်းဆက်သွယ်ရေးအခက်တွေ့နေ


“ မော်တော်ယာဉ်တွေဟာ ခရီးစဉ်လမ်းကြောင်းတွေ ပြောင်းလဲပြေးဆွဲနေရတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ ငသိုင်းချောင်းကနေ မြန်အောင်မြို့ကို သွားလာခဲ့တဲ့ ခရီးသွားပြည်သူတ ယောက်က သူ့အနေနဲ့ ယာဉ်စီးခ နှစ်ဆကျော်ပိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။”

၅၊သဩဂုတ်လ။

ပုသိမ် – မုံရွာ လမ်းခရီးကို သွားလာနေတဲ့ မော်တော် ယာဉ်တွေဟာ တလုတ္ထော် (ဟင်္သတ) – အင်္ဂပူကနေ မြန်အောင် – ကြံခင်းလမ်းပိုင်းအတိုင်း ပြောင်းလဲသွားလာနေရတာကြောင့် အချိန်ပိုမိုကြာမြင့်တာနဲ့ စရိတ်ကြီးမြင့်တာတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ပုသိမ် – မုံရွာလမ်းပိုင်းဟာ တိုက်ပွဲတွေကြောင့် ဧပြီလကစတင်ပြီး ရေနံသာဂိတ် ( ငသိုင်းချောင်း ) ကနေ ကွင်းကောက်မြို့ (အင်္ဂပူ) အထိ သွားလာဖို့အဆင်မပြေတော့တာကြောင့် မော်တော်ယာဉ်တွေဟာ ငဝန် မြစ်အရှေ့ဘက်လမ်းပိုင်းတွေကို အသုံး ပြုပြီးတော့ မြို့ကွင်းတံတား (အင်္ဂပူ) ကိုအသုံးပြုပြီးသွားလာနေ ရတာပါ။

“အကွာအဝေးတွေကို တိုင်းကြည့်ရင် မိုင်တွေပိုသွားတော့ အချိန်တွေကြာတာပေါ့။ လမ်းတွေကလည်း ပုသိမ် – မုံရွာလမ်းလို မကောင်းဘူးလေ။ ကားလည်းနာ ၊ ဆီလည်းကုန်တယ်”လို့ ဧရာဝတီတိုင်းနဲ့ ဥသျှစ် ပင် (ပဲခူးတိုင်း) အကြား ကုန်ကားမောင်းနှင်နေသူက ပြောပါတယ်။

မော်တော်ယာဉ်တွေဟာ ခရီးစဉ်လမ်းကြောင်းတွေ ပြောင်းလဲပြေးဆွဲနေရတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ ငသိုင်းချောင်းကနေ မြန်အောင်မြို့ကို သွားလာခဲ့တဲ့ ခရီးသွားပြည်သူတ ယောက်က သူ့အနေနဲ့ ယာဉ်စီးခ နှစ်ဆကျော်ပိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“မြန်အောင် မျှင်ဝါးတောင်ရွာကို အရင်က တယောက် ၈ ထောင် ၊ အခု ၂ သောင်းပေးရတယ်။ အတွင်း လမ်းကနေဆိုတော့ ဝေးတယ်။ ကားကြီး ၊ ကားသေးအကုန်လုံးက အတွင်းလမ်း ( ငဝန်မြစ်အရှေ့ဘက် ခြမ်း) ကနေအကုန်သွားနေကြတာ”လို့ သူကပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ နေထိုင်သူတစ်ဦးက သူတို့ရဲ့ မြို့နယ်ထဲကို ဖြတ်သန်းသွားတဲ့ ပုသိမ် – မုံရွာလမ်းပိုင်းကို သွားလာခွင့်ပိတ်ထားတာနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်လို့ ပြောပါတယ်။”ပိန္နဲကုန်းကျေးရွာအုပ်စု ပဒါတ်ကုန်ရွာက စာသင် ကျောင်းအလွန်မှာဆိုရင် ကျွန်းပင်ကြီးကိုလှဲပြီးတော့ကို ပိတ်ထားတာ”လို့ သူ ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပုသိမ် – မုံရွာလမ်းပိုင်းအနီးက တိုက်ပွဲတွေအကြားပိတ်မိနေတဲ့ကျေးရွာတွေမှာ နေထိုင်သူတွေအနေနဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် အရှေ့ဘက်ငဝန်မြစ်ဆီကို လယ် ကွင်းတွေဖြတ်သန်းပြီးတော့ သွားလာနေကြတယ် လို့ ဒေသခံတွေကပြောပါတယ်။