ငွေဆောင်နဲ့ ချောင်းသာဟိုတယ်တချို့ ပြန်ဖွင့်နေပေမယ့် ဧည့်သည်နည်းပါးနေ

Photo – Ko Wai Yan/Fb (ပုံစာ – မတ်လ ၉ ရက်က ချောင်းသာကမ်းခြေမှာ တွေ့ရတဲ့ ခရီးသွားတချို့)

မတ်၊ ၁၁

 
တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ဧရာဝတီတိုင်းငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေမှာ ဟိုတယ်၊ တည်းခိုခန်းတချို့ ပြန်ဖွင့်နေပြီဖြစ်ပေမယ့် ခရီးသွားဧည့်သည် လာရောက်မှုနည်းပါးနေသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“အခုလ ပြန်ငြိမ်သွားတော့ (ဟိုတယ်တွေ)ပြန်ဖွင့်နေပြီ၊ လူတော့ အရင်ကလောက် မလာသေးဘူး” လို့ ငွေဆောင်ကမ်းခြေရှိ ဟိုတယ် ဝန်ထမ်းတဦးက ပြောပါတယ်။
 
ရခိုင်နဲ့ ဧရာဝတီအစပ်ရှိ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာတဝိုက် စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက ဇန်နဝါရီနောက်ဆုံးအပတ်ထဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ကူးစက်လာမှာကို စိုးရိမ်ပြီး ရွှေသောင်ယံမြို့က ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြသလို ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေတွေက ဟိုတယ်၊ တည်းခိုခန်းတွေပါ ယာယီပိတ်ထားခဲ့ကြတာပါ။
 
ဒါပေမယ့် တလကျော်အကြာ လက်ရှိအချိန်ထိ ဘောမိကနေ တိုက်ပွဲတွေ ရှေ့ဆက်မတိုးလာတာကြောင့် တိမ်းရှောင်နေသူတွေ နေရပ်ပြန်လာနေကြသလို ဟိုတယ်၊ တည်းခိုခန်းတွေလည်း ပြန်လည်ဖွင့်လှစ်နေကြပြီလို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီအစောပိုင်းမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ယာယီပိတ်သိမ်းချိန်ကတော့ တန်ဖိုးရှိတဲ့ ပရိဘောဂပစ္စည်းတွေ၊ ဟိုတယ်လုပ်ငန်းသုံးပစ္စည်းတွေကိုပါ ကားအကြီးတွေနဲ့ ပုသိမ်အထိ ပြောင်းရွှေ့သယ်ဆောင်သွားတာမျိုးရှိခဲ့ပါတယ်။
 
“ခရီးသွားတွေတော့ရှိတယ်၊ အလည်သွားတာမျိုးတော့နည်းတယ်၊ အလုပ်ရှိလို့သွားကြတာမျိုးများတယ်” လို့လည်း ပုသိမ်ကနေ ချောင်းသာ၊ ငွေဆောင်ဘက် ကားပြေးဆွဲနေတဲ့ ယာဥ်မောင်းတဦးက DNA ကို ပြောပါတယ်။
 
ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတို့မှာ အရင်နှစ်တွေတုန်းကတော့ အခုလို မတ်လနဲ့ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလတို့ဟာ ခရီးသွားဧည့်သည် လာရောက်မှုအများဆုံး ကာလတွေဖြစ်ပေမယ့် ဒီနှစ်မှာတော့ ခရီးသွားလာရောက်မှု ပုံမှန်ထက် နည်းပါးနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
 
ပြန်လည်ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေနဲ့ ခရီးသွား အေဂျင်စီတွေကတော့ ခရီးသွားလာဖို့ လမ်းခရီးအခြေအနေနဲ့ လုံခြုံရေးအခြေအနေ စိတ်ချရတဲ့အကြောင်း ပြောဆိုပြီး ခရီးသွားတွေကို ဖိတ်ခေါ်နေတာတွေ့ရပါတယ်။
 
ဒါပေမယ့် အဲဒီ ငွေဆောင်၊ ချောင်းသာဘက်ကို ခရီးသွားခွင့်မပြုဖို့ ရခိုင်ပြည်နယ် မှတ်ပုံတင်(၁၁/) ကိုင်ဆောင်သူ အပါအဝင် တချို့မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ကန့်သတ်ထားတယ်လို့ သိရပေမယ့်ဘယ်မျဥ်းစောင်းမှတ်ပုံတင်တွေကို အခုလို ကန့်သတ်ထားလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
 
လမ်းခရီးတလျှောက်မှာတော့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ ပုံမှန်စစ်ဆေးတာရှိပေမယ့် တခါတလေကျရင်တော့ တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုးရှိတယ်လို့လည်း အထက်ပါ ယာဥ်မောင်းက DNA ကို ပြောပါတယ်။
ဒါ့အပြင်အခုလို တိုက်ပွဲတွေ ငြိမ်သက်သွားလို့ ရွှေသောင်ယံကနေ တိမ်းရှောင်သွားသူတချို့ နေရပ်ပြန်ကြတာရှိပေမယ့် အခုထိ မပြန်ရဲသေးတဲ့သူတွေလည်း ရှိတယ်လို့လည်းသိရပါတယ်။
 
“ပြန်တဲ့လူတွေတော့ ပြန်ကြတယ်၊ မပြန်ရဲသေးတဲ့လူတွေကတော့ ပုသိမ်မှာပဲရှိသေးတယ်” လို့ ပုသိမ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိ ရွှေသောင်ယံမြို့မှာတော့ ပုံမှန်အနေအထားရှိနေပြီဖြစ်ပေမယ့် ကမ်းခြေကို လာရောက်လည်ပတ်တာမျိုးတော့ သိပ်မရှိသေးဘူးလို့လည်း ဆိုကြပါတယ်။
 
ဘောမိဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန်အတွင်း စစ်ကောင်စီတပ်က ရွှေသောင်ယံကနေတဆင့် စစ်ကူအများအပြား ပေးပို့စေလွှတ်ခဲ့ပြီး တိုက်ပွဲအတွင်း အထိနာလို့ တပ်ပြန်ဆုတ်ချိန်မှာလည်း ရွှေသောင်ယံကနေပဲ တဆင့်ခံ ပြန်ဆုတ်ခဲ့ကြတာပါ။
 
လက်ရှိမှာတော့ ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်တွေထဲက ဒေသတချို့မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။