တိုင်းဧရာက အုပ်ကြီးတို့ ညည်းတွားရချိန်

မတ်၊ ၁

“ ကျွန်တော်တို့က ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေပြီ ” 

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ရဲ့ ညည်းတွားသံပါ။ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ သူတို့လုပ်ဆောင်နေရတဲ့ အလုပ်တွေကို မလုပ်ချင်တော့ဘူးလို့ အစပြုထားတဲ့ စကားဝိုင်းမှာ သူ့ခံစားချက်ကို စကားပုံနဲ့ ခိုင်းနှိုင်းပြောပြနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ အစုလိုက် နုတ်ထွက်စာတင်ကြသေးတယ် မရပါဘူး၊သူတို့လက်မခံကြဘူး” လို့ အဲ့ဒီ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီးတဲ့နောက် သုံးလတကြိမ် မဲနှိုက်ပြီး စစ်မှုထမ်းမယ့်သူကိုရွေးချယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုးရှိပေမယ့် ဒီနှစ်ဆန်းပိုင်းကစလို့ ကျေးရွာတွေကို တလကို လူဘယ်လောက်ပေးရမယ်ဆိုပြီး စစ်ကောင်စီက ဖိအားပေး ညွှန်ကြားလာခဲ့တယ်လို့ သူက ပြောပြပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းထောက်ပံ့ကြေးကိုလည်း ပြည်သူတွေကပဲ ပေးနေရတာဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးလို့ ယူဆပြီး သူအပါအဝင် ဧရာဝတီတိုင်း ခရိုင်နှစ်ခုထဲက ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၀ ဝန်းကျင်လောက် နုတ်ထွက်စာတင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ခုနှစ်အထိ ဌာနဆိုင်ရာ အချက်အလက်တွေအရ ဧရာဝတီတိုင်းမှာ ခရိုင် ၆ ခု၊ မြို့နယ် ၂၆ ခု၊ မြို့ပေါင်း၄၅ မြို့၊ ရပ်ကွက် ၃၀၀၊ ကျေးရွာအုပ်စု ၁,၉၁၄ ခုနဲ့ ကျေးရွာပေါင်း ၁၁,၆၈၄ ရွာရှိပါတယ်။ 

မအူပင်ခရိုင်ထဲက ကျေးရွာအုပ်စုလိုက်ကို အုပ်ချုပ်ရသူတဦးက ဧရာဝတီတိုင်းရဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တဝက်လောက်ဟာ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်လိုကြပြီး သဘောမကျမှုတွေ ရှိလာနေပြီလို့ သူ့အမြင်ကိုပြောပါတယ်။ 

“ ရွာဆိုတာက အကုန်လုံးက ရပ်ဆွေ ရပ်မျိုးဖြစ်နေတာလေ။ ဘယ်သူပဲ ပါသွားပါသွား ကျွန်တော်တို့နဲ့ ရင်းနှီး ပြီးသား ချစ်ခင်ရင်းစွဲရှိပြီးသားသူတွေချည်းပဲ။ ကျွန်တော်ဆို မင်းတို့ရှောင်ကြလို့ အမြဲပြောတယ် ” လို့ အခြေအနေကို ရှင်းပြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းမှာ လူဦးရေ ၆ သန်းကျော်ရှိပြီး အသက်အုပ်စုအလိုက် ခွဲခြားနိုင်မှုအရ လက်ရှိအချိန်မှာ စစ်မှုထမ်းဥပဒေပါ အသက်အရွယ်တွင်းမှာရှိတဲ့သူတွေဟာ ၅ သိန်းဝန်းကျင်ရှိနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ကိုဗစ်ကပ်ရောဂါ၊အာဏာသိမ်းမှုတွေကြောင့် ဒေသတွင်းကလူငယ်တွေအစုလိုက် နေရပ်စွန့်ခွာသွားကြတာ တွေရှိခဲ့သလို စစ်မှုထမ်းဥပဒေကပါ လူငယ်တွေ နေရပ်ကိုစွန့်ခွာသွားအောင်တွန်းထုတ်ခဲ့တာကြောင့် အခုအချိန်မှာတော့ ဧရာဝတီတိုင်းထဲမှာ လူငယ်တွေလျော့နည်းသွားမယ်ဆိုတာ သေချာနေပါတယ်။

ဒီလိုလျော့နည်းသွားတယ်ဆိုရင်တောင် လက်ရှိဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ် နှစ်သိန်းဝန်းကျင်လောက် ရှိနေနိုင်သေးတယ်လို့ DNA ရဲ့သတင်းရင်းမြစ်တချို့က ခန့်မှန်းပါတယ်။

 နွေဦးဇွဲဆိုတဲ့ နာမည်ဝှက်နဲ့သာ ဖော်ပြစေလိုတဲ့ ဧရာဝတီတိုင်း၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးကတော့ သန်းနဲ့ချီတဲ့ ဒေသတွင်းလူဦးရေတွေကြား သိန်းဂဏန်းလောက်သာရှိတဲ့ လူငယ်တွေကို သိသိသာသာမမြင်နိုင်တော့တာကြောင့် လူငယ်တွေ ရှားပါးသွားပြီဆိုပြီး ပြောနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“လူငယ်တွေဟာရှားသွားတယ်ဆိုပေမယ့် ကောက်သင်းကောက်ကြည့်ရင် သိန်းဂဏန်း လောက်ရှိနေသေးတယ်။ ဒါကို စကစကသိတယ်။ ဒါကြောင့် (စစ်မှုထမ်းဖို့)အတင်းဖိအားပေးနေတာ ” လို့ သူက သုံးသပ် ပါတယ်။

ဒီသုံးသပ်ချက်ကို DNA က ဆက်သွယ်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း လက်ခံကြပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ဘယ်ကိုမှထွက်မသွားနိုင်ကြတဲ့ ဒီလူငယ်တွေကို သူတို့ရဲ့ သဘောဆန္ဒမပါပဲ စစ်မှုထမ်းဖို့ အတင်းအဓမ္မလွှတ်ဖို့ ဖြစ်လာနေတယ်ဆိုတာဟာ သူတို့ လက်သင့်မခံနိုင်တဲ့ ကိစ္စရပ်ဖြစ်နေတာပါ။

“ကျွန်တော်တို့ရွာမှာ လဝက က စာရင်းနဲ့လာတာ စစ်မှုထမ်းနိုင်မယ့်သူ ၁၇၀ ကျော်ရှိတယ်၊သူတို့စာရင်းမှာ။ ရွာမှာ အဲ့လောက်တော့ မရှိတော့ဘူးဆိုပေမယ့် ၅၀ ဝန်းကျင်လောက်ရှိနေသေးတယ် ” လို့ ကျုံပျော်မြို့နယ်ထဲက အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ ကျေးရွာအုပ်စု တစုကို လူ ၇၀၀ ရအောင် စုပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေနဲ့ စစ်မှုထမ်းမှာပါဝင်ရမယ့်စာရင်းကို လဝက ကပို့လာတဲ့အခါ အသက် ၁၆ နှစ်ဝန်းကျင် ကလေးတွေပါ ပါဝင်လာတာတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မကျေမနပ်ဖြစ်နေကြတာပါ။

ဥပဒေထွက်လာကတည်းက ငြင်းဆန်ခဲ့ကြတဲ့ အုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် အလိုက်သင့်နေထိုင်ခဲ့ကြသလို စစ်မှုထမ်းထောက်ပံ့ကြေး၊ အစားထိုးကြေး စတဲ့ငွေကြေးတွေကိုလည်း အတိုက်အခံသိပ်မလုပ်ဘဲ ပေးနေမယ်ဆိုရင် ဒီကိစ္စက အဆင်ပြေသွားနိုင်တယ်လို့ တွက်ချက်ထားခဲ့ကြတာလို့ DNA ကစကားပြောခဲ့တဲ့ ဧရာဝတီဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုကြပါတယ်။

ဧရာဝတီတိုင်းဟာ နွေဦးတော်လှန်ရေးစတင်စဉ်က တိုင်းလုံးကျွတ်ပါဝင်ခဲ့တဲ့ နယ်မြေတခုဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းရင်းတွေများစွာကြောင့် တော်လှန်ရေးကာလ လေးနှစ်တာအတွင်းမှာ တည်ငြိမ်တဲ့ နယ်မြေတခုအဖြစ်ရှိနေခဲ့ပါတယ်။

စစ်ကောင်စီအားကောင်းတဲ့ ဒေသလို့ သတ်မှတ်ပြောဆိုနေကြပေမယ့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီကပဲ မဲဆန္ဒနယ် အားလုံး အနိုင်ရခဲ့တဲ့နယ်မြေဖြစ်ပါတယ်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက စုစုပေါင်းမြို့နယ် ၂၆ခု၊ ရွေးကောက်ပွဲမဲဆန္ဒနယ် ၉၂ ခုပါဝင်တဲ့ ဧရာဝတီ မှာ NLD အမတ်တွေကပဲ မဲဆန္ဒနယ်တိုင်းကို တိုင်းလုံးကျွတ်အနိုင်ရခဲ့တာပါ။

ဒါဟာ အခြေအနေ အချိန်အခါပေါ်လိုက်ပြီး အလိုက်သင့် အလျားသင့်နေတတ်ကြတဲ့ ဧရာဝတီတိုင်းသားတွေရဲ့ အမူအကျင့်ကြောင့်ဖြစ်တယ်လို့ နွေဦးဇွဲလို့ နာမည်ဝှက်သုံးထားတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“အပြစ်ပြောတာတော့ မဟုတ်ပါဘူး၊ဒါပေမယ့် ဧရာသားတွေက နေလို့ရသမျှပေကပ်နေတတ်ကြတယ်။ အခုလို နေလို့မရအောင် အကြပ်ခံရတာက တော်လှန်ရေးအတွက် တနည်းတဖုံကောင်းလာတာမျိုးလည်း ဖြစ်နိုင်တယ် ” လို့ သူက ထင်မြင်ယူဆနေပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီ ဆီမှာ ခံဝန်ကတိထိုးပြီး ပိုနေမြဲ၊ကျားနေမြဲ ဆက်လက်နေထိုင်နေတဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေ၊တော်လှန်ရေးလှုပ်ရှားမှုတွေထဲပါဝင်နေပေမယ့် သက်ဆိုင်တဲ့ ဒေသနဲ့ ချိတ်ဆက်မှုအားနည်းတဲ့ အမတ်တွေအပေါ်မှာလည်း တုံ့ပြန်ဝေဖန်ချက် တချို့ရှိနေပါတယ်။

ဧရာဝတီဒေသတွင်းတော်လှန်ရေး ခိုင်မာအားကောင်းမှုမရှိတာဟာ လွှတ်တော်ကိုယ်စားလှယ်တွေကအစ နေသာသလို နေနေကြတာကြောင့်လို့ ကျုံပျော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ဝေဖန်ပါတယ်။

လက်ရှိအခြေအနေတွေကတော့ တဖက် ဖက်ကိုရွေးချယ်ရပ်တည်ဖို့ ဖြစ်လာနေတာကြောင့် အသက်ရှင်ဖို့ အခွင့်အလမ်းပိုများတဲ့ ဘက်ကိုသာ သူ့ရွာသားတွေကို ပို့ပေးချင်တယ်လို့ ပြောပါတယ်။

မအူပင်က ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း သူ့ရွာက လူငယ်တွေကို ဘယ်လိုနည်းနဲ့ လွတ်မြောက်အောင် လုပ်ပေးနိုင်မလဲဆိုတာကို လမ်းစရှာဖွေနေတယ်လို့ ဆိုပါတယ်။

သူတို့အတွက် ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး စစ်ကောင်စီအောက်က အုပ်ချုပ်ရေးမှူးတွေဖြစ်နေတာကြောင့် တော်လှန်ရေး အင်အားစုတွေက အမြင်မကြည်ဖြစ်နေကြသလို တဖက်မှာလည်း စစ်ကောင်စီရဲ့ ဖိအားတွေရှိနေတာကြောင့် အစစ အရာရာခက်ခဲနေတယ်လို့ ပြောပါတယ်။

လက်ရှိတော်လှန်ရေးတိုက်ပွဲတွေထဲပါဝင်နေတဲ့ ဧရာဝတီတိုင်းသားတချို့ကတော့ သူတို့ဇာတိမြေက အုပ်ချုပ်ရေးမှူးတွေရဲ့ စကားကို မယုံသင့်ဘူးလို့ DNA ကတဆင့် နိုင်ငံရေး၊ စစ်ရေး ဦးဆောင်နေသူတွေဆီကို သတင်းစကားပါးကြပါတယ်။

“ဧရာမှာ မကောင်းတဲ့ကောင်တွေလည်း အများကြီးပဲ။ သူတို့ အုပ်ချုပ်ရေးမှူးတွေ လုပ်နေလို့ ဒီလိုတွေဖြစ်လာတာပဲလေ။ တနိုင်ငံလုံးဖြစ်တုန်းက နေသာသလိုနေကြပြီး ခုမှ သူတို့ကိုထိလို့နာကြတာ ” လို့ ဧရာဝတီတိုင်းပြင်ပက တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေပြီး ဧရာသားဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်အကောင့်ကို သုံးစွဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဟင်္သာတခရိုင်ထဲက တလုတ်ထော်ကျေးရွာမှာတော့ စစ်မှုထမ်းဆင့်ခေါ်စာကို ငြင်းပယ်လိုက်သူကို သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးအမှုဖွင့် အရေးယူဖို့လုပ်ဆောင်နေတာကြောင့် လူငယ်တွေဟာ အခြားရွာတွေကို တိမ်းရှောင်မှု ပြုလုပ်တာမျိုးတွေ ရှိနေပါတယ်။

ကျုံပျော်၊ ဟင်္သာတနဲ့ မအူပင်ခရိုင်တွေထဲက ကျေးရွာအများစုမှာ ညဘက်တွေမှာ ပေါ်တာဆွဲသလို ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် အိမ်တွေမှာမနေရဲကြပဲ လယ်ကွင်းတွေထဲမှာ သွားရောက်ပုန်းရှောင် နေကြရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာ လယ်ကွင်းတွေထဲထိ လာဖမ်းမှာကို စိုးရိမ်နေရတယ် ” လို့ ဟင်္သာတခရိုင်ထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ရွာလေးမှာ နေထိုင်တဲ့ ကိုစိုးသူ က ပြောပါတယ်။

ရေကြည်မြို့နယ်မှာလည်း စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်တွေက အလားတူ ပြုမူဆောင်ရွက်တာတွေရှိနေပါတယ်။

မြို့နယ်ထွေအုပ်က မြို့နယ်အတွင်းရှိ စစ်မှုထမ်းဖို့အသက်ပြည့်သူတွေကို စာရင်းပြုစုကာ စစ်မှုထမ်းဖို့အလှည့်ကျ သူတွေကို မဲနှိုက်ရွေးချယ်တယ်ဆိုပြီး လူငယ်တွေကို နေအိမ်အထိ လိုက်လံ ဖမ်းဆီး တာတွေလုပ်နေတယ်လို့ ရေကြည်ဒေသခံတချို့က မကြာသေး ခင်ရက်ပိုင်းအတွင်းကပဲ DNAကို ပြောထားပါတယ်။

အခုဆောင်းပါးအတွက် DNA က ဆက်သွယ်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့အခက်အခဲတွေကို ဖွင့်ဟညည်းတွားကြပေမယ့် မြို့နယ်ထွေအုပ်ရဲ့မဲနှိုက်ရွေးချယ်မှုအရ စစ်မှုထမ်းဖို့ အလှည့်ကျ တယ်ဆိုပြီး လာဖမ်းခေါ်တာကြောင့် အကိုဖြစ်သူတိမ်းရှောင်နေရတဲ့ ရေကြည်ဒေသခံအမျိုးသမီးကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာလည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသူတွေလို့ ဝေဖန်စွပ်စွဲပါတယ်။

“အုပ်ကြီးနဲ့ ရပ်ရွာ စာရေးတွေကလည်း ထွေအုပ်က ခိုင်းတိုင်း တစ်သဝေမတိမ်းလိုက်နာတယ်လေ၊ ဒီပုံစံ အတိုင်း ဆို တသုတ်ပြီး တသုတ် လူငယ်တွေကို အကုန်ခေါ်မယ့်ပုံ”လို့သူကဆိုပါတယ်။

တနိုင်ငံလုံးအနှံ့ ခုခံတွန်းလှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက သူတို့အတွက် တိုက်ခိုက်ရေး အင်အား ဖြည့်တင်းနိုင်အောင်နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးခြိမ်းခြောက်ပြီး လူသစ်စုဆောင်း နေပေမယ့် လူငယ်အများစုကတော့ အဲ့ဒီဝဲဂယက်ထဲ တိုးဝင်ဖို့ထက် ရှောင်ထွက်လို့ရနိုင်မယ့် နည်းလမ်းတွေ ကိုသာရှာဖွေနေကြပါတယ်။

“ကျွန်တော်တို့က ပြည်ပရန်ကျူးကျော်လာလို့ တိုက်ရမှာမို့ စစ်ထဲဝင်ရမှာဆိုရင် အချိန်မရွေးပါပဲ။ ခုကျတော့ အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ခိုင်းနေတော့ မလုပ်ချင်ဘူး အဲ့ဒါ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ပါ ” လို့ ဟင်္သာတခရိုင်ထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ရွာလေးမှာ နေထိုင်တဲ့ ကိုစိုးသူ က ပြောပါတယ်။

ဧရာဝတီတိုင်း အခြေစိုက်တော်လှန်ရေး အင်အားစုတွေကတော့ စစ်မှုထမ်းရှောင်မယ့် လူငယ်တွေကို အချိန်မရွေး ကြိုဆိုနေကြောင်းနဲ့ သူတို့နဲ့ပူးပေါင်းမယ်ဆိုရင် လမ်းခရီးလုံခြုံမှုကအစ တာဝန်ယူဆောင်ရွက်ပေးဖို့ ရှိနေတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ဟင်္သာတက ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကတော့ ဘာလုပ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေမို့ သူ့ရွာက လူငယ်တွေကို  “ စစ်မှုထမ်းမယ့် လူမရှိလို့ ငါ့ဖမ်းမယ်ဆိုလည်း အဖမ်းခံလိုက်မယ်၊ မင်းတို့တော့ ရှောင်ကြပါကွာ” လို့ ပြောထားပါတယ်တဲ့။