ဧရာဝတီတိုင်းမြို့နယ်အများစုမှာ စပါးအဝယ်ရပ်ထားလို့ လယ်သမားတွေအခက်တွေ့နေ

ဇန်နဝါရီ ၊ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အများစုမှာ စပါးဈေးက အရင်နှစ် ထက်ကျဆင်းနေတဲ့အပြင် စပါးဝယ်ယူမယ့်ကုန်သည်တွေလည်း မရှိကြဘူးလို့ ဒေသခံလယ်သမားအ ချို့က ပြောပါတယ်။

ပြီးခဲ့မိုးစပါးပေါ်ချိန်မှာဆိုရင် စပါးဈေးနှုန်းက တင်း ၁၀၀ ကို ၁၀ သိန်းကျော်သာရှိခဲ့တာကြောင့် လယ် သမားအားလုံးနီးပါးက အရှုံးပေါ်ခဲ့ရပါတယ်။ မိုးစပါးကိုသိုလှောင်ပြီး ဈေးနှုန်းမြင့်တက်လာမှာစောင့်နေ သူတွေရှိပေမယ့်လည်း ဝယ်ယူမည့်သူမရှိဘူးလို့ ကျိုက်လက်မြို့နယ် ကညင်ချောင်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ လယ်သမားတဦးကပြောပါတယ်။

၂၀၂၄ ခုနှစ်ဆောင်းစပါးပေါ်ချိန်တုန်းက စပါးဈေးနှုန်းဟာ တင်း ၁၀၀ ကို သိန်း ၂၀ ကျော်ရှိခဲ့တာကြောင့် ဧရာဝတီတိုင်းက လယ်သမားတွေ အဆင်ပြေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မိုးစပါးဟာ ရာသီဥတုနဲ့ ပိုးမွှားအန္ဒရာယ်ကို ရင်ဆိုင်ခဲ့ရတာကြောင့် အထွက်နှုန်းလျော့ခဲ့တဲ့အပြင် စပါးဈေးနှုန်းကလည်းကျဆင်း ခဲ့တာကြောင့် လယ်သမားတွေအခက်အခဲတွေ့ကြုံခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိစိုက်ပျိုးထားဆဲဖြစ်တဲ့ ဆောင်းစပါးကတော့ လာမယ့်မတ်လကုန်ပိုင်းမှာ စတင်ထွက်ရှိမှာပါ။ ဆောင်းစပါးခင်းတွေကတော့ အထွက်နှုန်းကောင်းဖို့ အလားအလာရှိနေတယ်လို့လည်းကျိုက်လက်မြို့နယ်နဲ့ မအူပင်မြို့နယ်မှာနေတဲ့ လယ်သမားအချို့ကပြောပါတယ်။

ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတက်ခဲ့တဲ့ မြစ်ရေဟာ ဆောင်းစပါးစိုက်ပျိုးရာသီကုန်တဲ့ အချိန်အထိ ပြန်လည်ကျဆင်းခြင်းမရှိတာကြောင့် ရေနက်ကွင်း လယ်အချို့ဟာ အခုအချိန်အထိ စိုက်ပျိုးနိုင်တာမရှိဘူးလို့ မအူပင်မြို့နယ် သိုက်ကုန်းကျေးရွာအုပ်စုမှာနေတဲ့ လယ်သမားတဦးကပြော ပါတယ်။

“ကျွန်တော်တို့အပိုင်က လယ်ဧက ၂၀၀ နီးပါးလောက်မှာ ဧက ၃၀ လောက်က စိုက်လိုက် ရေနစ်လိုက် ပြန်စိုက်လိုက်နဲ့ အခုထိအပင်မဖြစ်ဘူး။ စိုက်ပျိုးရာသီလည်းကုန်ပြီဆိုတော့ ထပ်မစိုက်ကြတော့ဘူး။ စိုက်လို့အောင်တဲ့ အခင်းတွေကတော့ စပါးကောင်းတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် မြောင်းမြမြို့နယ်က လယ်သမားတဦးကလည်း လက်ရှိကာလမှာ စပါးစျေးနှုန်းက အရင်နှစ်တွေထက် ကျဆင်းနေတဲ့အပြင် အဝယ်တွေရပ်ထားကြတယ်လို့ ပြောပါတယ်။

“စျေးကတတင်းကို တသောင်းခုနှစ်ထောင် နှစ်သောင်းအောက်ပေါ့ အမျိုးအစားအလိုက်၊ဒါပေမယ့်အဝယ်တွေရပ်ထားကြတာ ဘာလို့လဲတော့မသိဘူး၊ အဆင်မပြေကြဘူး” လို့ပြောပါတယ်။

ဧရာဝတီဒေသကြီးရဲ့ တည်နေရာအများစုဟာ တနှစ်ကို စပါး ၃ ကြိမ်စိုက်ပျိုးပါတယ်။ ဒါပေမယ့်လည်း နွေစပါးကတော့ ရေသွင်းစိုက်ပျိုးရာမှာလွယ်ကူတဲ့ လယ်ဧကတွေမှာသာ စိုက်ပျိုးတာဖြစ်ပါတယ်။

လက်ရှိကာလမှာ ဧရာဝတီတိုင်း ပုသိမ်၊ရေကြည်စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်ရတာတွေရှိနေတာလည်းဖြစ်ပါတယ်။