အောက်တိုဘာ၊ ၁၃
တကျော့ပြန်ရခိုင်စစ်ပွဲစတင်ခဲ့တာ ဒီကနေ့နိုဝင်ဘာလ ၁၃ရက်မှာ တနှစ်ပြည့်မြောက်ခဲ့ပါပြီ။
၁၀၂၇စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီကို ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်ပြီး တလလောက်အကြာမှာ ရခိုင်တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
AAက ရသေ.တောင်မြို့နယ်မောင်တော-အငူမော်ကားလမ်းရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုံးပိုက်နဲ့ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းတွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ၁၃ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်မီးက တပြည်နယ်လုံးပျံ့နှံ့ခဲ့တာလည်းဖြစ်ပါတယ်။
တနှစ်တာကာလအတွင်းမှာAA ဟာ ရခိုင်ပြည်နယ်၁၇မြို့နယ်မှာ ၁၀မြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တို့ကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ပြီး အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မြို့တော်စစ်တွေရဲ့ နယ်မြေအများစုကိုလည်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီဖက်က နခခ-၅လို့ခေါ်တဲ. နယ်ခြားစောင့်တပ်စခန်း တခုသာကျန်ရှိတော့ပြီး AAကတမြို့နယ်လုံးကိုထိန်းချုပ်ထားတာပါ။
တနှစ်တာကာလအတွင်း AAက စကခလို့ခေါ်တဲ့စစ်ဆင်ရေးကွပ်ကဲမူဌါနချုပ်တွေအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်း တရာကျော်ကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရခိုင်စစ်ပွဲရဲ့ထူးခြားချက်
ရခိုင်စစ်ပွဲက အခြားဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့မတူဘဲ ခြားနားမူတွေရှိပါတယ်။
ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်တာနဲ့အညီ မြစ်၊ ချောင်းတွေ ပေါများတာကြောင့် စစ်ကောင်စီဖက်က ရေတပ်ပါအသုံးပြုပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပေမယ့်လည်း AAဖက်က စစ်ကောင်စီရေတပ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး တပ်ပျက်စေတဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း စစ်သင်္ဘောတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ဖြစ်စဥ်က စစ်ကောင်စီနဲ့အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့တာဖြစ်ပါတယ်။
AAထုတ်ပြန်ချက်အရ ရခိုင်ရေကြောင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော သုံးစီး၊ ဇက်သင်္ဘော နှစ်စီးအပါအဝင် စုစုပေါင်း ငါးစီးထက်မနည်းကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး၊ ထို့အတူ စစ်ရေယာဥ်လေးစီးနဲ့ အထက်ကိုလည်း အသုံးပြုမရနိုင်အောင် ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် AAကစစ်ကောင်စီရေတပ်စခန်းတခုကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် မောင်ရွှေလေးရေတပ်စခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ AAက သံတွဲလေဆိပ်နဲ့ စစ်ခေါင်းဆောင်တွေ၊ ခရိုနီတွေရဲ့ အကျိုးစီးပွားတွေ အများအပြားရှိတဲ့ နာမည်ကျော်ခရီးသွားဒေသ ငပလီကမ်းခြေ ဟိုတယ်ဇုန်ကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။ လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ပိတ်ဆို့ထိုးစစ်ဆင်နေပြီး သိမ်းပိုက်နိုင်ဖို့ လက်တကမ်းသာလိုတော့တာပါ။
နပခကို AAသိမ်းပိုက်နိုင်ရင်တော့ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တခုကို ဒုတိယမြောက် လက်လွတ်ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ပြီးခဲ့တဲ့ သြဂုတ်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဖက်က တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
AAအနေနဲ့ အမ်းမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့ ပြည်မဒေသ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်မိသွားမှာဖြစ်ပြီး ရိုးမအရှေ့ခြမ်းကို ဦးတည်လာနိုင်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ဘေးရှောင်နဲ့အရပ်သားထိခိုက်သေဆုံးမူတွေ
တကျော့ပြန်စစ် တနှစ်တာကာလအတွင်းမှာ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၇ သိန်းကျော်ရှိပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။
ရခိုင်ဒေသက ပြည်သူတွေက ပြည်နယ်တွင်းအပြင် ရန်ကုန်နဲ့ဧရာဝတီစတဲ့ဒေသတွေမှာပါ စစ်ဘေးရှောင်ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင်ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက AAထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ပြုလုပ်နေလို့လည်း အရပ်သားထိခိုက်သေဆုံးမူတွေ ဆက်တိုက်တိုးပွားလာနေပါတယ်။
ရခိုင်တကျော့ပြန်စစ် စတင်ခဲ့တဲ့၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာကာလအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့မေလကနေသြဂုတ်လအထိ လေးလတာကာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ အကြိမ်ရှစ်ရာကျော်နိုင်ငံအဝန်းမှာပြုလုပ်ခဲ့ပြီး ရခိုင်ဒေသမှာအများဆုံးဖြစ်တယ်လို့လည်း လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ဉာဏ်လင်းသစ်ရဲ့ အောက်တိုဘာ ၉ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ လေးလတာအတွင်းတိုင်းနဲ့ ပြည်နယ်၁၂ခုမှာလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၂၀ပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်မှာ ၁၇၆ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့တာပါ။
အဲဒီ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ရခိုင်ဒေသမှာအရပ်သား ၁၀၁ ဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီအစီရင်ခံစာ အချက်အလက်တွေအပြင် DNAစောင့်ကြည့်မှတ်တမ်းတွေအရပါဆိုရင် ပြီးခဲ့တဲ့ တနှစ်နီးပါးကာလအတွင်း ရခိုင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သား လေးရာထက်မနည်းသေဆုံးခဲ့ပြီး ခြောက်ရာနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာဆိုလည်း ဒေသခံပြည်သူ သောင်းနဲ့ချီ ပိတ်မိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။
ရခိုင်တိုက်ပွဲလက်တလောအခြေအနေ
ရခိုင်ပြည်နယ်ရဲ့ မြို့နယ်ထက်ဝက်ကျော် သိမ်းပိုက်ထားတဲ့ AAက လက်ရှိမှာ တောင်ဖက်အစွန်ဆုံး ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်၊ ပဲခူးတိုင်းနဲ့ဆက်စပ်နေတဲ့ တောင်ကုတ်မြို့နယ်၊ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်အမ်းမြို့နယ်နဲ့ အနောက်ဖက်အစွန်ဆုံး မောင်တောမြို့နယ်တွေကို ပိတ်ဆို့ထိုးစစ်ဆင်နေပါတယ်။
အဲဒီမြို့နယ်တွေရဲ့ စစ်ကောင်စီတပ်စခန်းအများစုကိုလည်း သိမ်းပိုက်ထားပြီး နယ်မြေအများစုကိုလည်း ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် မြို့တော်စစ်တွေမှာလည်း မြို့ပေါ်လောက်ကလွဲပြီး ဒေသတခုလုံးကိုပိတ်ဆို့ထိန်းချုပ်ထားတာပါ။
ဒါကြောင့်မလို့ ရခိုင်ပြည်နယ် ၁၇မြို့နယ်မှာ စစ်ကောင်စီက ကျောက်ဖြူနဲ့ မာန်အောင်လောက်သာ ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်စီမံကိန်းတွေတည်ရှိတဲ့ ကျောက်ဖြူမှာဆိုလည်း AAက ကျေးလက်နယ်မြေအများစုကို ထိန်းချုပ်ထားပြီလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အနောက်ဖက်စစ်မြေပြင်အလားအလာ
ပြီးခဲ့တဲ့ တနှစ်ကာလအတွင်းမှာ AAက စစ်ရေးအောင်မြင်မူတွေ ရရှိခဲ့ပြီး တပြည်နယ်လုံးကို ထိန်းချုပ်အုပ်စိုးနိုင်ဖို့ အလားအလာကောင်းနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
“ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ရတယ်၊ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ကလည်း တဖြေးဖြေး နီးကပ်လာတာပါ့၊ ဒါကြောင့် သူတို့စစ်ဆင်ရေး တနှစ်ကတော့ အာရက္ခတပ်တော်အတွက် ထူးခြားတဲ့ အောင်ပွဲလို့ ပြောလို့ ရပါတယ်”လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက မှတ်ချက်ပြုပါတယ်။
လက်ရှိထိုးစစ်ဆင်နေတဲ့ အမ်း၊ တောင်ကုတ်၊ ဂွနဲ့မောင်တောမြို့နယ်တွေကိုလည်း AAက အခုနှစ်မကုန်ခင်ကာလမှာ သိမ်းပိုက်နိုင်မယ်လို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒါပေမယ့်တရုတ်အကျိုးစီးပွားတွေရှိတဲ့ ကျောက်ဖြူနဲ့မြို့တော်စစ်တွေကို သိမ်းပိုက်နိုင်ဖို့ကတော့ ပြည်သူနဲ့မြို့မထိခိုက်မနစ်နာစေဖို့အပြင် ပြည်ပဖိအားတွေကြောင့် AAအနေနဲ့ မဟာဗျူဟာချမှတ်ဖို့အပြင် အချိန်ယူရနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်။
“တရုတ်အကျိုးစီးပွားရှိတဲ့ ကျောက်ဖြူတို့၊ ပြည်နယ်မြို့တော် စစ်တွေတို့ကိုတော့ ဘယ်လိုဗျူဟာနဲ့ တိုက်မလဲ၊ ဘယ်လိုပုံစံ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ မြို့မနာအောင်၊ ပြည်သူတွေ မနာအောင် ဗျူဟာမြောက်တိုက်နိုင်ဖို့ အချိန်နည်းနည်းတော့ ယူမယ်လို့တော့ ယူဆပါတယ်” လို့ဦးဖေသန်းကသုံးသပ်ပါတယ်။
ပြည်မနဲ့ဆက်စပ်ဝင်ပေါက်တွေဖြစ်တဲ့ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောင်တောမြို့ကိုသိမ်းပိုက်နိုင်ရင် AAအနေနဲ့ ဒေသတွင်းစီးပွားရေး၊အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုမိုအားကောင်းအောင်လုပ်ကိုင်နိုင်မယ်လို့ အကဲခတ်တွေကခန့်မှန်းကြပါတယ်။
“အခုတိုက်နေတဲ့ မြို့တွေ ကျသွားမယ်ဆိုရင် စီးပွားရေးအားဖြင့် ပို့လို့ ကောင်းလာမယ်၊ စစ်ရေးအားဖြင့်လည်း ပိုကောင်းလာမယ်၊ ကိုယ့်ရခိုင်ပြည်ကို ထိန်းထားနိုင်မယ်ပေါ့”လို့ဦးဖေသန်းကပြောပါတယ်။
လက်ရှိမှာလည်း AAက ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့လုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက်နိုင်တာမလို့ အနာဂတ်ကာလမှာ ပြည်နယ်တခုလုံးကို ထိန်းချုပ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နွေဦးတော်လှန်ရေးကို ပိုမိုပြီးတတပ်တအားပါဝင်လာမယ်လို့ သုံးသပ်ထားကြတာဖြစ်ပါတယ်။