အောက်တိုဘာ၊ ၂၃
တနင်္သာရီတိုင်း၊ ပုလောမြို့နဲ့ မြိတ်မြို့ကြား ပင်လယ်ပြင်ထဲ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်း ၁၇ လောင်းအထိ ဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မြိတ်မြို့ခံ ပရဟိ တအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
“ကလေးငယ်အလောင်းတွေချည်းပြန်တွေ့တာ၊ သေပြီး နှစ်ရက်မြောက်နေ့ဆိုတော့ တော်တော်များများ ရေပေါ် ပေါ်လာလို့ ပြန်တွေ့တာ” လို့ သူက ဆိုပါတယ်။
ပုလောမြို့နယ်၊ ကျောက်က္ကာရွာနဲ့ ကိုက်တထောင်လောက်အကွာ ပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်၊ ည ၉ နာရီကျော်လောက်က စက်လှေတိမ်းမှောက်ခဲ့တာဖြစ်ပြီး နောက်တရက် နေ့လယ်ပိုင်းမှာပဲ ရုပ်အလောင်း ရှစ် လောင်း ရှာဖွေ့တွေ့ရှိခဲ့ရာကနေ နှစ်ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၂ ရက်အထိတော့ ရုပ်အလောင်း ကိုး လောင်း ထပ်မံတွေ့ရှိခဲ့တာပါ။
နောက်ဆုံး ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ကိုးလောင်းစလုံးကတော့ အသက် ၁၈ နှစ်အောက် အရွယ်မရောက် သေးသူတွေရဲ့ ရုပ်အလောင်းတွေဖြစ်ကြပြီး အဲ့ဒီအထဲမှာ ဆယ်နှစ်အောက် ကလေးငယ်လည်း လေးဦးအထိ ပါဝင်ပါတယ်။
စစ်ဘေးရှောင်တွေ၊ မြိတ်မြို့မှာ ကျောင်းပြ န်တက်မယ့် ကလေးငယ်တွေနဲ့ တိုက်ပွဲကြောင့် ကားလမ်းပိတ်နေလို့ ရေလမ်းကနေ ခရီးဆက်မယ့်သူတွေ စုစုပေါင်း လူကိုးဆယ်လောက်လိုက်ပါလာခဲ့ကြတဲ့ စက်လှေတိမ်းမှောက်မှု အတွင်း ခုနစ်ဆယ်ကျော်ကိုတော့ အသက်ရှင်လျက် ပြန်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ပျောက်နေတဲ့သူတွေကတော့ ရှာတွေ့ဖို့မလွယ်တော့ဘူး၊ နှစ်ရက်အထိပဲ ရေပေါ် ပေါ်တာ၊ သုံးရက်မြောက် ဆိုတော့ ရေအောက်ပြန်မြုပ်သွားတာများတယ်၊ ပျောက်နေတာက ပုစု(ကလေးငယ်)တွေ များတယ်၊ အသက် တော့ မရှင်နိုင်တော့ဘူး”လို့လည်း အထက်ပါ ကယ်ဆယ်ရေးသမားက ပြောပါတယ်။
စာရင်းတွေအရတော့ ပျောက်ဆုံးနေသူ ရှစ်ဦးကျန်ရှိနေပြီး အမှန်တကယ်ပျောက်ဆုံးနေသူဦးရေက အဲ့ဒီ ထက်ပို များနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။
ပျောက်ဆုံးနေသူတွေကိုတော့ ဒေသခံတွေရဲ့ အကူအညီနဲ့ပဲ ဆက်လက်ရှာဖွေနေပြီး လာရောက်ကူညီပေးခဲ့တဲ့ မြိတ်မြို့ခံ ပရဟိတအဖွဲ့အများစုကတော့ ပြန်သွားကြပြီလို့ သိရပါတယ်။
ပုလောမြို့နဲ့ မြိတ်မြို့ကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်က ကြဲကျေးရွာတဝိုက်မှာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဲတဝိုက်က စစ်ဘေးရှောင်တွေနဲ့ လမ်းမှာပိတ်မိနေတဲ့ ခရီးသည်တွေဟာ ရေလမ်းကနေတဆင့် မြိတ်မြို့ကို ခရီးဆက်နေကြတာပါ။
ဒီကနေ မနက်ပိုင်းမှာတော့ မြိတ်ဘက်ကနေ ပုလောဘက်တက်မယ့် ကားတချို့ကို စစ်ကောင်စီတပ်ဘက်က သွားလာခွင့်ပြုနေပြီး ပုလောကနေ မြိတ်ဘက်ဆင်းမယ့် ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ်။