တရုတ်-အမေရိကန် အားပြိုင်မှုမှာ နောက်ထပ် ကြားခံနယ်မြေတခု ဖြစ်လာနိုင်တဲ့ မြန်မာ့ ပြည်တွင်းရေး

စက်တင်ဘာ၊ ၁၄

ဩဂုတ် လလယ်လောက်တုန်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိဟာ မြန်မာနိုင်ငံထဲက ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့အကြောင်း သတိပေးမှုဆန်ဆန် ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်းရေး အရှုပ်အထွေးတွေနဲ့ နစ်မွန်းနေရင်း တပြိုင်တည်းမှာပဲ တရုတ်နဲ့ အမေရိကန်ကြား ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုရဲ့ ကြားခံ နယ်မြေတခုအသွင် ဆောင်လာနေပါတယ်။

မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုကို အမေရိကန်က ချဲ့ထွင်လာတဲ့ အချိန်မှာ တရုတ်ဆီက အခုလို သတိပေး စကားမျိုး ထွက်ပေါ်လာခဲ့တာပါ။ ဒီအခြေအနေကို တရုတ်က မလိုလားပါဘူး။ စိုးရိမ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန်ရဲ့ ရည်ရွယ်ချက်တိုင်းကို တရုတ်က သံသယကြီးကြီး ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဝမ်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ လာအို၊ ထိုင်း၊ မြန်မာ (စစ်ကောင်စီ)တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဩဂုတ် ၁၆ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တဲ့အခါ ဒီသဘောထားကို အလွတ်သဘော ထပ်ပြောခဲ့ပါတယ်။ မြန်မာ့ ပြည်တွင်းရေး ကိစ္စတွေဟာ ပြည်ပနိုင်ငံတွေ၊ အထူးသဖြင့် ဒေသတွင်းက မဟုတ်တဲ့ နိုင်ငံတွေရဲ့ သက်ရောက် လွှမ်းမိုးမှု ကင်းစင်သင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အလေးအနက် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရော၊ တရုတ်အစိုးရ လက်အောက်ခံ မီဒီယာတွေကပါ တူညီတဲ့ သဘောထားတွေကို လျင်လျင်မြန်မြန် ထုတ်ပြန်ခဲ့ကြပါတယ်။ ပြည်ပ စွက်ဖက်မှုဆိုတဲ့ စည်းနဲ့ ပတ်သက်ရင် ဘယ်အဖွဲ့အစည်းကမှ အလှမ်းကျယ်တာမျိုး မဖြစ်သင့်ဘူး ဆိုတာမျိုး တရုတ်ဖက်က လေသံလွှင့်ခဲ့ပါတယ်။

အမေရိကန် အရာရှိတွေနဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေကြား ချိတ်ဆက် ဆွေးနွေးမှုတွေ ပိုထင်ရှားလာတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး ဝမ်ကလည်း အာဆီယံ သုံးနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆွေးနွေးချိန်မှာ အရပ်သား အစိုးရ ပြန်လည် ကူးပြောင်းရေးအတွက် အားပေး ထောက်ခံမယ် ဆိုတာကို ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။

ဝမ်က အမေရိကန်ကို တိုက်ရိုက် နာမည် မတပ်ခဲ့ပေမယ့်လည်း သူရည်ညွှန်းတဲ့ ပြည်ပ စွက်ဖက်မှုတွေ ဆိုတာဟာ မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးပွားလာတာကို တိုက်ရိုက် တုံ့ပြန်တာ ဖြစ်နိုင်ကြောင်း ယူဆမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ အခြေစိုက် အမျိုးသား စစ်ရေး ကောလိပ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်သူ ဇာခါရီ အဘူဇာက တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန်အပေါ် မယုံကြည်မှုတွေ တစထက်တစ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။

“တရုတ်ရဲ့ ရှုထောင့်က ကြည့်ရင် သူတို့က မြန်မာ့ကိစ္စမှာ အမေရိကန်ကို ဝင်မပါစေချင်ဘူး”လို့ သူက VoAကို မှတ်ချက်ပေးခဲ့ပါတယ်။ “တကယ့်ပြဿနာ အစစ်က မြန်မာကိစ္စမှာ တရုတ်ဟာ ကျွန်တော်တို့နဲ့လည်း ညှိညှိနှိုင်းနှိုင်း မလုပ်ချင်တာပဲ”လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အခြေစိုက်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကာလရှည်ကြာ စောင့်ကြည့် လေ့လာခဲ့သူ ဦးလှကျော်ဇောကလည်း တူညီတဲ့ သဘောထား အမြင်မျိုး ရှိနေပြီး တခြား ပြည်ပစွက်ဖက်မှုတွေ ဆိုတာထက် မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ပါ​ဝင်ပတ်သက်မှုတွေကို တရုတ်က ပိုစိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာ့အရေးကို ဖြေရှင်းရာမှာ တရုတ်ဟာ ဦးဆောင်ဦးရွက် နေရာမှာ ရှိချင်တယ်။ နှစ်ဆန်းပိုင်းတုန်းက ကြားဝင် စေ့စပ်ပေးတဲ့ ပုံစံမျိုးတွေလိုပေါ့”လို့ ဦးလှကျော်ဇောက ထောက်ပြခဲ့ပါတယ်။ ဒါဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ (ညီနောင်မဟာမိတ် သုံးဖွဲ့)ကြားမှာ အပစ်အခတ် ရပ်စဲရေးအတွက် တရုတ်က ဝင်ညှိပေးတာကို ဆိုလိုတာပါ။

VoAက ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဝါရှင်တန်မှာရှိတဲ့ တရုတ် သံရုံးက မြန်မာနိုင်ငံမှာ ပြည်တွင်း မတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းစစ်ကို လှုံ့ဆော်ပေးမယ့် ပြည်ပ စွက်ဖက်မှု မှန်သမျှကို တရုတ်က ဆန့်ကျင်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ “ပြည်ပ အင်အားစုတွေက မြန်မာ့ ပြည်တွင်းရေးကို ရည်ရွယ်ချက်ရှိရှိ ဝင်စွက်ဖက်တာ မှန်သမျှကို တရုတ်က ဆန့်ကျင်မှာ ဖြစ်ပါတယ်”လို့ သံရုံးက VoAဆီကို အီးမေးလ်နဲ့ အကြောင်းပြန်ခဲ့ပါတယ်။

အဘူဇာကတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ တူညီတဲ့ ရည်မှန်းချက် ရှိပေမယ့်လည်း မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ကြမယ့် အလားအလာ အင်မတန် နည်းပါတယ်လို့ သုံးသပ်ခဲ့တယ်။

“တရုတ်ရော၊ အမေရိကန်ပါ လိုချင်တာက ရှင်းပါတယ်။ စစ်တပ် အုပ်စိုးမှုနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေဖို့ပါ။ ပြီးတော့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံကို မြင်တွေ့ချင်တယ်။ ဒါပေမဲ့ ရေတို ကြည့်ရင်တောင်မှ အဲဒီအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အလားအလာက သိပ်နည်းပါတယ်”လို့ သူက ပြောပါတယ်။

တကယ်တော့ ဒီအခြေအနေမျိုးဟာ အရှေ့တောင်အာရှရဲ့ တခြားဒေသတွင်း နိုင်ငံတွေကြားမှာလည်း ဖြစ်တည်နေပြီးသားပါ။ တရုတ်နဲ့ အမေရိကန်တို့ဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုကို လိုလားတယ် ဆိုပေမယ့် ချဉ်းကပ်မှု နည်းလမ်းတွေက အရမ်းကွာခြားတယ်လို့ မကြာသေးခင်က အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)ရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားခဲ့ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးလိုပါတယ်။ ဥပမာ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ် အာဏာသိမ်းခဲ့တာကို အကြောင်းပြုပြီး ၂၀၂၂ ခုနှစ်မှာ အမေရိကန်က ဘားမားအက် ဥပဒေ အတည်ပြုပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေကို လက်နက် မဟုတ်တဲ့ အကူအညီတွေ ပေးဖို့၊ အာဏာသိမ်း စစ်ကောင်စီအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမို လမ်းပွင့်စေဖို့ပါ။

အမေရိကန်ဟာ တော်လှန်ရေး အစိုးရလို့ သတ်မှတ်ရမယ့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကိုလည်း ဝါရှင်တန်မှာ ရုံးဖွင့်ခွင့် ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ NUGကို မြန်မာရဲ့ တရား​​​ဝင် အစိုးရ အနေနဲ့တော့ အသိအမှတ် မပြုသေးပါဘူး။

ဩဂုတ် ၁၆ ရက်နေ့တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးဌာနရဲ့ အကြံပေး အရာရှိ တွမ် ဆူလီဗန်နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကူညီမှု အေဂျင်စီ (USAID) အရာရှိ မိုက်ကယ် ရှစ်ဖာတို့ နှစ်ဦးဟာ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး အားထုတ်မှုတွေကို ချီးကျူးခဲ့ပြီး အဲဒီ အားထုတ်မှုတွေကို အားပေး ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် ဂျိတ်ခ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်တို့ကလည်း ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဩဂုတ် ၂၇၊ ၂၈ တွေ့ဆုံမှုတွေမှာ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားခဲ့ပါဘူး။

မြန်မာနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ မူဝါဒတွေကကျတော့ ပြည်တွင်းမှာ လာရောက် မြှုပ်နှံထားတဲ့ များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာရဲ့ ပထဝီ အနေအထားအရ မဟာဗျူဟာကျတဲ့ အခြေအနေတွေကို အဓိက ဗဟိုပြုနေပါတယ်။ မြန်မာဟာ တရုတ်အတွက်တော့ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက်ရစေမယ့် အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်နေပါတယ်။

 “အိမ်နီးချင်း နိုင်ငံတခု ဖြစ်နေတာကြောင့် တရုတ်ဟာ မြန်မာနဲ့ ပတ်သက်ရင် မြှုပ်နှံမှု၊ စိတ်ဝင်စားမှု ပိုများတယ်။ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ရဖို့အတွက် မြန်မာဟာ တရုတ်ရဲ့ အစီအမံတွေမှာ အရမ်း အရေးကြီးတယ် ဆိုတာကို လူတိုင်းလည်း သိထားကြပြီးသားပါ”လို့ ဦးလှကျော်ဇောက ပြောပါတယ်။ နောက်ပြီး မြန်မာ့ ပထဝီဝင် အနေအထားဟာ တရုတ်ရဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု မဟာစီမံကိန်းကြီး (BRI)အတွက်လည်း အထူး အချက်အခြာ ကျနေတာကို သူက ထောက်ပြခဲ့ပါတယ်။

“ဒါပေမဲ့ BRIမှာ မြန်မာရဲ့ ဆက်စပ် ပါဝင်လာမှုဟာ တရုတ် မျှော်လင့်ထားသလို ချောချောမွေ့မွေ့တော့ မဟုတ်ဘူး”လို့ ဦးလှကျော်ဇောက ဆိုတယ်။ “ဒါကြောင့်လည်း တရုတ်ဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပရောဂျက်တွေကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်ချင်နေတယ်။ ဒီရည်မှန်းချက်​ အောင်မြင်ဖို့အတွက် တရုတ်ဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေးအတွက် ဖြစ်နိုင်သမျှ နည်းအားလုံးကို သုံးလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပြီး ကုလသမဂ္ဂမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေက မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ မမေစံပယ်ဖြူကတော့ တရုတ်ဟာ နိုင်ငံတကာ အခင်းအကျင်းတွေမှာ အားကောင်းတဲ့ ပါဝါမျိုး ပိုင်ဆိုင်လာနေပြီး တရုတ်ရဲ့ စီးပွားရေး ဖြန့်ကျက်နိုင်အား ကောင်းမွန်ခြင်းက တရုတ် လွှမ်းမိုးမှုကို တွန်းလှန်လိုတဲ့ အနောက်နိုင်ငံတွေကို ရုန်းကန်ရစေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ဆက်တိုက် ချဲ့ထွင်လာတာကို အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ တွန်းလှန်နိုင်စွမ်းက ဆက်တိုက် ကျဆင်းလာနေတာ အမှန်ပါပဲ”လို့ သူက ပြောကြားသွားပါတယ်။

(VoA၏ China, US at odds over war-torn Myanmar’s future as geopolitical tensions rise ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)