ဩဂုတ် ၊ ၁၇
လက်ရှိ ၂၀၂၄ခုနှစ် ခြောက်လတာကာလအတွင်း စစ်ကောင်စီနဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းဆီးပြီး လူဆယ်ဦး အနည်းဆုံးသေဆုံးတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ အရပ်သား ၃၅၉ဦး အထိရှိတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။
အဲ့ဒီလို အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်အများစုဟာ ရခိုင်၊မန္တလေး၊စစ်ကိုင်းနဲ့မကွေးစတဲ့ တိုင်းနဲ့ပြည်နယ်တွေ မှာဖြစ်ခဲ့ပြီး မသင်္ကာမှုနဲ့စစ်တပ်ကဖမ်းဆီးစစ်ဆေးသတ်ဖြတ်တာ၊လေကြောင်းကဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ် ခတ်မှုတွေကြောင့် သေဆုံးရတဲ့ဖြစ်စဉ်အများစုပါဝင်တယ်လို့ ISP Myanmar က အခုလအတွင်းထုတ်ပြန်တဲ့ အစီ ရင်ခံစာကဆိုပါတယ်။
အခုနှစ်မေလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဒေသခံ ရှစ်ဆယ်နီးပါး ဖမ်းဆီးသတ်ဖြတ် ခံရတဲ့ဖြစ်စဉ်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာမှာ အရပ်သား ၃၂ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ ခြောက်လအတွင်း လူသိများတဲ့ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ အခုနှစ် ဇူလိုင်လ ၂၂ရက်အထိ သုံးနှစ်ခွဲဝန်းကျင်ကာလအတွင်းမှာတော့ နိုင်ငံ တဝန်း လူဆယ်ဦးထက်မနည်းသေဆုံးတဲ့ အစုအပြုံလိုက်ဖြစ်စဉ် စုစုပေါင်း ၅၇ခုရှိခဲ့ကာ အရပ်သား ၁၂၂၄ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ISP Myanmar အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒီလိုအစုအပြုံလိုက်သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးချိန်ဖမ်းဆီးသတ် ဖြတ်ခံရတာ၊လက်နက်ကြီးပစ်ခတ်ခံရတာတွေကြောင့်ဖြစ်သလို စစ်ကောင်စီတပ်မဟုတ်တဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတချို့လည်းပါဝင်တယ်လို့ ISP Myanmar က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUGလူ့အခွင့်အရေးဝန်ကြီးဌာန ကတော့ အခုနှစ် ဇန်နဝါရီကနေ ဇွန်လကုန် အထိ ခြောက်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက အစုအပြုံလိုက်သတ်ဖြတ်မှု ၆၇ကြိမ်ဖြစ်ကာ လူကိုးရာနီး ပါးသေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းထုတ်ပြန်ထားပါတယ်။
NUG ကတော့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို လူငါးဦးအနည်းဆုံးပါဝင်တဲ့ ဖြစ်စဉ်တွေကို အခြေခံ တွက်ချက် စာရင်းကောက်ယူလေ့ရှိပါတယ်။
နောက်ထပ် လေ့လာစောင့်ကြည့်ရေး သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အ ချက်အလက်တွေအရဆိုရင်တော့ ၂၀၂၁ခုနှစ် ဖေဖောဝါရီကနေ ၂၀၂၃ဒီဇင်ဘာအထိ သုံးနှစ်ဝန်းကျင်အတွင်း အာ ဏာသိမ်းစစ်အုပ်စုက လူငါးဦးအနည်းဆုံးပါဝင်တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု ၂၁၀ကိုကျူးလွန်ခဲ့ပြီး ပြည်သူ ၂၇၀၀ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ဒီမှတ်တမ်းတွေအားလုံးမှာ ကွဲပြားချက်တွေရှိနေပေမယ့် တူညီတာကတော့ နိုင်ငံတဝန်းအစု အပြုံလိုက်သတ် ဖြတ်ခံရမှုဖြစ်စဉ်အများစုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ခဲ့တယ်လို့ ဖော်ပြကြတာပါ။
လူငါးဦးအနည်းဆုံးသေဆုံးတဲ့ အစုအပြုံလိုက်ဖြစ်စဉ် အားလုံးရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၁၀၅၄ ဦးအထိ သေဆုံးခဲ့တယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ မှတ်တမ်း တွေ မှာတွေ့ရပါတယ်။
အလားတူ စစ်ရေးပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ BNI-Myanmar Peace Monitor အဖွဲ့က အခု နှစ် မေလအတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ၂၀၂၂ခုနှစ် မေလဆန်းကနေ ၂၀၂၄မလလယ်အထိ နှစ်နှစ် အ တွင်း လူငါးဦးနဲ့အထက်အစုလိုက်သတ်ဖြတ်ခံရမှု ၁၅၄ကြိမ်မှာ အရပ်သား ၁၅၀၀နီးပါးသေဆုံးကာ အဲ့ဒီအထဲက ဖြစ်စဉ် ၄၈ ခုဟာစစ်ကိုင်းတိုင်းမှာဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။
ဒါ့အပြင် ISP Myanmar ရဲ့အစီရင်ခံစာမှာလည်း အခုနှစ်ခြောက်လအတွင်း လူဆယ်ဦးအနည်းဆုံးသေဆုံးတဲ့ အစု အပြုံလိုက်သတ်ဖြတ်မှုတွေထဲက ၃၂ခုဟာ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာဖြစ်ခဲ့ကာ အရပ်သား ၆၆၂ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီပမာဏဟာ လက်ရှိနှစ်ခြောက်လတာအတွင်း နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ အစုအပြုံလိုက်သတ် ဖြတ်မှုတွေ အ တွင်း သေဆုံးသူ စုစုပေါင်း ၁၂၂၄ ဦးရဲ့ ထက်ဝက်ကျော်ပမာဏလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကလက်ရှိ ပဋိပက္ခတွေအတွင်း အစုအပြုံလိုက်သတ်ဖြတ်မှုတွေ တားမနိုင်ဆီးမရ ပေါ်ပေါက်နေဆဲ ဖြစ် ပြီး ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေအရ စစ်ရာဇဝတ်မှု မြောက် တယ်လို့လည်း ISP Myanmar က မှတ်ချက်ပြုထားပါတယ်။