မြောက်ကိုရီးယားလုပ် ဒုံးကျည်ကြောင့် ကိယက်ဗ်မှာ အရပ်သား အသေအပျောက်တွေ ကြုံခဲ့ကြောင်း ယူကရိန်း စွပ်စွဲ

ဩဂုတ်၊ ၁၂

မြို့တော် ကိယက်ဗ်မှာ သားအဖနှစ်ယောက်ကို သေဆုံးစေခဲ့တဲ့ ရုရှားဒုံးကျည်ကို မြောက်ကိုရီးယားက ထုတ်လုပ်ပေးထားတာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတွေအတွက် မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေဟာ လုံခြုံရေးအရ စိုးရိမ်စရာ အခြေအနေသစ်တခု ဖြစ်လာနေတယ်လို့လည်း ဩဂုတ် ၁၁ ရက်နေ့မှာ ဇီလန်စကီးက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဟာ ကိယက်ဗ်မြို့ဆီ ပဲ့ထိန်းဒုံးကျည် အမျိုးမျိုး အပါအဝင် ဒုံးကျည်မျိုးစုံနဲ့ ဒရုန်းတွေ ဒါဇင်တချို့ကို ကိယက်ဗ်ဆီ ချိန်ရွယ် ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲက ဒရုန်းတွေ အကုန်လုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့်လည်း ဒုံးကျည်တချို့ကတော့ မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ကိယက်ဗ် မြို့တော်ဝန်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း အသက် ၄ နှစ်အရွယ် သားငယ်နဲ့ သူ့ရဲ့ဖခင်တို့ သေဆုံးခဲ့တယ်လို့လည်း ယူကရိန်းက ကြေညာပါတယ်။ ပြီးတော့ အဲဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားက ထုတ်လုပ်တဲ့ အမျိုးအစား မဟုတ်ဘဲ မြောက်ကိုရီးယားရဲ့ KN-23 အမျိုးအစား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

KN-23တွေဟာ ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ်နိုင်စွမ်းမှာ အားနည်းချက်တွေ အထင်အရှား ရှိနေကြောင်း၊ ဒီတော့ စစ်ရေး ပစ်မှတ်တွေအတွက် ခြိမ်းခြောက်မှု နည်းပေမယ့် လမ်းချော်ထိမှန်တဲ့အခါ အရပ်သား ပြည်သူတွေအတွက် အရမ်း အန္တရာယ်များကြောင်း ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို အဓိက တာဝန်ယူထားရတဲ့ လေတပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုင်ကိုလာ အိုလက်စ်ခ်ချုခ်က ဆိုပါတယ်။

လဆန်းပိုင်းတုန်းကလည်း ရုရှားပစ်လွှတ်တဲ့ ဒုံးကျည်တွေထဲမှာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ အမျိုးအစားတွေ ပါဝင်ကြောင်း ယူကရိန်းက ကြေညာခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ လတုန်းကလည်း ယူကရိန်း ထောက်လှမ်းရေး (SBU)က ရုရှားဟာ မြောက်ကိုရီးယားလုပ် Hwasong-11 ဒုံးကျည် အနည်းဆုံး အစင်း ၂၀ လောက် ပစ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ ရုရှားလုပ် Isnakder-M တာတိုပစ် ဒုံးကျည်တွေနဲ့ ဒီဇိုင်းပိုင်း နီးစပ် တူညီမှုတွေ ရှိနေတာကြောင့် ရုရှားက နည်းပညာ အကူအညီ ပေးထားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ရေး၊ ကာကွယ်ရေး ကဏ္ဍအပါအဝင် ဆက်ဆံရေး သိသိသာသာ တိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် လက်နက် အရောင်းအဝယ် သဘောတူညီမှုတွေ ရှိနေတယ် ဆိုတာကိုတော့ နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။ မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် လုပ်ခြင်းဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အတိအလင်း ချိုးဖောက်တဲ့ အဓိပ္ပါယ်လို့လည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Newsweek