ဇွန်၊ ၁၂
နာမည်ဆိုးတွေ ရှိခဲ့ဖူးတဲ့ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တခုအပေါ် လက်နက်တပ်ဆင်ခွင့် ပိတ်ပင်မိန့်ကို အမေရိကန်က ပယ်ဖျက်ပေးလိုက်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းရဲ့ အေဇော့ဗ် တပ်မကို လက်နက် ထောက်ပံ့မှုနဲ့ လေ့ကျင့်မှုတွေ ခွင့်ပြုမပေးဘဲ ကာလရှည်ကြာ အရေးယူ ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အဲဒီ တပ်မဟာ လက်ယာ အစွန်းရောက် အင်အားစုတွေနဲ့ ဆက်နွှယ်မှု ရှိနေတဲ့ အငြင်းပွားစရာ နောက်ခံ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အေဇော့ဗ်တပ်မဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာသေချာတဲ့ အထောက်အထားတွေ မတွေ့ရတာကြောင့် အခုလို ဆုံးဖြတ်ချက် ပြောင်းလဲခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ဆိုပါတယ်။
အခုအခါ ယူကရိန်း အမျိုးသား အစောင့်တပ်ရဲ့ လက်အောက်ခံ ယူနစ်တခုအဖြစ် ရပ်တည်နေတဲ့ အေဇော့ဗ်တပ်မကတော့ အမေရိကန်ရဲ့ သဘောထား အပြောင်းအလဲကို ကြိုဆိုခဲ့ပြီး ရုရှားအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားစေမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ယူကရိန်းနဲ့ စစ်ခင်းနေတဲ့ ရုရှားဖက်က အခုကိစ္စကို ရှုတ်ချခဲ့ပြီး ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ခေတ်သစ် နာဇီဝါဒီတွေနဲ့ ပရောပရည် လုပ်နေတယ်လို့ စွပ်စွဲသွားပါတယ်။
အက်ဇော့ဗ် တပ်မဟာ ၂၀၁၄ ခုနှစ်က ရုရှားတပ်တွေ ခရိုင်းမီးယားကို သိမ်းယူခဲ့တဲ့နောက် နိုင်ငံ အရှေ့ဖျားက ရုရှားလိုလားတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ထိုးစစ်ကြီး စတင်လာတဲ့နောက် ယူကရိန်း အမျိုးသား အစောင့်တပ်ရဲ့ လက်အောက်ခံ ယူနစ်တခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
အဲဒီ တပ်မဟာ ၂၀၁၆ တုန်းက အေဇော့ဗ် ဒေသမှာ ပြည်သူပိုင် ပစ္စည်းတွေကို လုယက်တာ၊ အတင်းအကျပ် ရွှေ့ပြောင်းစေတာမျိုးတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင် ထွက်ပေါ်ခဲ့ဖူးပါတယ်။ အမေရိကန်ကတော့ အဲဒီတပ်မနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ ဆက်နွှယ်မှုတွေကြောင့် အရေးယူ ပိတ်ဆို့ခဲ့ပေမယ့် တပ်မရဲ့ ခေါင်းဆောင်ပိုင်းကတော့ အဲဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။
Ref: BBC