ဒေလီမြို့မှာ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေး ခြောက်ဦးထက်မနည်း သေဆုံး

မေ၊ ၂၇

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်က ဆေးရုံတခုမှာ မီးလောင်မှုကြောင့် မွေးကင်းစကလေး ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒေလီမှာရှိတဲ့ ဗီဗက်ဗီဟာ ဆေးရုံက မွေးကင်းစကလေး ကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့သွားခဲ့တာပါ။ အခင်းဖြစ်ချိန်က အဲဒီအဆောင်ထဲမှာ ကလေး ၁၂ ဦး ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ 

မှတ်တမ်းဗီဒီယိုတွေအရ ဆေးရုံအဆောင်ရဲ့ နေရာတချို့မှာ မီးညွန့်တွေ ထွက်ပေါ်ပြီး အရှိန်အဟုန်နဲ့ တောက်လောင်နေတာကို တွေ့ခဲ့ရပါတယ်။

ဒေလီအုပ်ချုပ်ရေးမှူး အာဗင် ကက်ဂျ်ရီဝဲလ်က အခုမီးလောင်မှုဟာ ရင်ကွဲစရာ အခြေအနေဆိုး တရပ်ဖြစ်တယ်လို့ ပြောပါတယ်။ မီးလောင်မှု စတင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် ဒီလို ပေါ့လျော့တဲ့ ကိစ္စမျိုးကို မဖြစ်မနေ ထိထိရောက်ရောက် တုံ့ပြန်ရမယ်လို့ ကက်ဂျ်ရီဝဲလ်က ဆိုပါတယ်။

ဒေလီ ရဲတပ်ဖွဲ့ဟာ ဆေးရုံရဲ့ ပိုင်ရှင်ကို ဖမ်းဆီးဖို့ စီစဉ်နေပြီး လောလောဆယ်မှာတော့ အဲဒီပိုင်ရှင်က ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ အိန္ဒိယ အနောက်ပိုင်း၊ ဂူဂျာရတ် ပြည်နယ်ထဲမှာရှိတဲ့ ရက်ဂျ်ကော့တ်မြို့မှာလည်း ဂိမ်းစင်တာတခု ဆိုးဆိုးရွားရွား မီးလောင်မှုကြောင့် လူငယ်တွေနဲ့ ကလေးအများစု အပါအဝင် ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Ref: BBC