ရာသီဥတု ပူလွန်းလို့ ထိုင်းမှာ ရထားသံလမ်းတချို့ ကွေးသွား


မေ၊ ၃

ရာသီဥတု ပူပြင်းလွန်းတာကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရထားလမ်းတချို့ ကွေးသွားတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

နက်ခွန်ဆီ သမ်မာရတ် ဒေသမှာ မီးရထား သံလမ်းတွေ ကွေးသွားကြောင်း သတင်းပေးပို့မှု ရရှိခဲ့တဲ့နောက် ရထား ပြေးဆွဲမှုတွေကို ယာယီ ရပ်ဆိုင်းခဲ့ရပြီး ဝန်ထမ်းတွေက သံလမ်း ပြန်အသုံးပြုလို့ ရတဲ့ထိ ရေဖျန်းတာ အပါအဝင် အအေးပေးတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရပါတယ်။

ရွန်ဖီဘွန်နဲ့ ခိုချွမ်သောင် ဘူတာတွေကြားမှာ ရထားလမ်းပိုင်းမှာ သိသိသာသာ ကွေးထွက်သွားတာကို တွေ့ခဲ့ရတာလို့ ရထား ပို့ဆောင်ရေး ဌာန အကြီးအကဲ အီကာရက် ဆရီ အာရာယန်ပေါင်က ပြောပါတယ်။

ရာသီဥတုက မတန်တဆ ပူပြင်းတဲ့အခါ ရထားသံလမ်းတွေရဲ့ သတ္တုသားတွေ ပွလာပြီး ခုံးတာ၊ ကွေးတာတွေ ဖြစ်တတ်တယ်လို့ သူက ရှင်းပြပါတယ်။ ပုံစံပျက်သွားတဲ့ သံလမ်းပေါ်မှာ ရထားတွေ ခုတ်မောင်းမိတဲ့အခါ အန္တရာယ် ကြုံနိုင်ခြေတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ရထားလမ်းတွေ ပုံမှန် အခြေအနေ ပြန်ဖြစ်အောင် ရေခဲတုံးတွေနဲ့ပါ အအေးပေးခဲ့ရပြီး နောက်ထပ် အလားတူ အခြေအနေတွေ ထပ်ဖြစ်မလာအောင် အချိန်ပြည့် စောင့်ကြည့်ရမယ်လို့ အီကာရက်က မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်းအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေဟာ ဆိုးဆိုးရွားရွား ပူပြင်းတဲ့ နွေရာသီကို ဖြတ်သန်းနေရပြီး အခုနှစ်ထဲမှာ အမြင့်ဆုံး အပူချိန်အဖြစ် ၄၄.၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ တိုင်းတာ ရရှိထားကြောင်း သိရပါတယ်။

Ref: Bangkok Post