ရခိုင်မှာ ခုနှစ်ခုမြောက်အဖြစ် ရမ်းဗြဲမြို့နယ်ကို AAသိမ်းပိုက်

မတ်၊ ၇

ရခိုင်ပြည်နယ်အလယ်ပိုင်းရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

 စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူသုံးပြီး အပြင်းအထန်ခုခံခဲ့ပေမယ့် AAကနှစ်လကျော်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။

ရမ်းဗြဲမြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့သိမ်တောင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ကမတ်လ၆ ရက်မှာ စစ်ရေယာဥ်နဲ့ဆုတ်ခွာစဥ် AAကတိုက်ခိုက်ခဲ့ပြီးနောက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ AAနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

ရမ်းဗြဲမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က လနက်နက်ချသူတွေအများအပြားရှိတယ်လို့သိရပေမယ့် အသေးစိတ်ကိုမသိရှိရသေးပါဘူး။

” အသေးစိတ်ကို တပ်တော်ကလိုအပ်သလိုထုတ်ပြန်ပေးမယ်နော် ” လို့အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။ 

ရမ်းဗြဲအခြေအနေနဲ့ပတ်သတ်လို့ AAပြောရေးဆိုခွင့်ရှိသူခိုင်သုခဆီဆက်သွယ်နေဆဲဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကို AAသိမ်းယူနိုင်ခဲ့တာက ရခိုင်အလယ်ပိုင်းဒေသမှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲလို့လည်းဆိုနိုင်ပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲလေးလခန့်ကာလအတွင်း သိမ်းယူနိုင်ခဲ့တဲ့ ခုနှစ်ခုမြောက်မြို့နယ်လည်းဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ AAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လကျော်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ.တာဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကိုလက်လွတ်ရပြီးနောက် စစ်ကောင်စီက စစ်ရေယာဥ်များမှလက်နက်ကြီးပစ်ခတ်တာအပြင်လေကြောင်းကပါ တိုက်ခိုက်မူတွေပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

လက်ရှိကာလမှာ AAကချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်နဲ့ အလယ်ပိုင်းဒေသရှိရမ်းဗြဲ မြို့နယ်တို့ကို

သိမ်းပိုက်ထားတာပါ။ဒါ့အပြင် AA ဟာ ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ အလယ်ပိုင်းရှိ ကျောက်ဖြူနဲ့ တောင်ပိုင်းရှိ တောင်ကုတ်မြို့နယ်တို့မှာ ထိုးစစ်တွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ရခိုင်ဒေသတခုလုံးမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကျန်နေသေးတဲ့မြို့တွေကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ လက်ချက်အညံ့ခံကြဖို့ AA က မကြာခဏ သတိပေးနေပါတယ်။