ဖေဖော်ဝါရီ၊ ၂၇
စစ်ကိုင်းတိုင်းကောလင်းမြို့ပေါ်နဲ့ အနီးတဝိုက် နေရာအများစုကို စစ်ကောင်စီတပ်တွေပြန်ရသွားခဲ့ပြီးနောက် ကောလင်းမြို့အရှေ့ဘက် ၁၃မိုင်ကျော်အကွာက စစ်စခန်းတခုကို တော်လှန်ရေးတပ်တွေကထိုးစစ်ဆင်နေတာ ကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ကောလင်းမြို့နယ် အရှေ့ခြမ်း ကျောက်တန်းရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးက သစ်ဖုလှဘုရား ကုန်းမှာ နှစ်နှစ်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အခုလ ၂၃ ရက်ကစလို့ ထိုးစစ်ဆင်နေပြီး စစ် ကောင်စီက လေကြောင်း၊လက်နက်ကြီးပစ်ကူတွေအသုံးပြုနေတယ်လို့ ကောလင်းခရိုင် အမှတ်(၁)တပ်ရင်း Kawlin People Defense Force – KLPDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် အခုလ ၂၃ရက် မနက် ငါးနာရီလောက်ကစခဲ့တဲ့ အဲ့ဒီ တိုက်ပွဲဟာ ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေဆဲပဲလို့ ကောလင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ရှောင်ရတာရှိသလို ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာလည်း ကားတွေ ပိတ်မိ နေကြ ဆဲပဲလို့ ကောလင်းမြို့နယ်အတွင်းကမြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Kawlin Revolution-KR တာဝန် ရှိသူတဦးကပြောပါတယ်။
“တိုက်ပွဲအနီးအနားမှာ စစ်ဘေးရှောင်နေရတဲ့ ရွာတွေ ရှိတယ်၊အဲနားက စစ်ရှောင်ဦးရေဘယ်လောက်ရှိလဲက မသိ ရသေးဘူးဗျ၊ တိုက်ပွဲ မစခင် ကြိုရှောင်ခိုင်းထားတာတော့ ရှိတယ်၊ရွှေဘို-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားတွေ ရောကားကြီးတွေရော ပိတ်မိနေတာ”လို့ သူကပြောပါတယ်။
ကောလင်းမြို့နဲ့ အင်းတော်၊ထီးချိုင့်မြို့တွေကို ဆက်သွယ်ရာလမ်းကြောင်းပေါ်က ကျောက်တန်းရွာ လမ်းဆုံအ နီးမှာ တိုက်ပွဲတွေဖြစ်နေကြတာဖြစ်ပြီး မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီက ညနေလေးနာရီကနေ ညခု နစ်နာရီလောက်အထိ ဂျက်ဖိုက်တာသုံးစင်းနဲ့ဗုံးသီးချတာ၊စက်သေနတ်နဲ့ပစ်ခတ်တာတွေလုပ်ခဲ့သလို ဟောင် ဝပ် ဇာနဲ့ ဆယ်ကြိမ်ကျော်ပစ်ခတ်ခဲ့တယ်လို့ Kawlin People Defense Force – KLPDFကဖော်ပြထားပါတယ်။
အာဏာမသိမ်းမီက ကဗျာတောအုပ်အဖြစ် ဖန်တီးထားရှိခဲ့တဲ့ သစ်ဖုလှဘုန်းတော်ကြီးကျောင်းအနီးက ကုန်း ပေါ်မှာ အာဏာသိမ်းပြီးနောက် လာရောက်စခန်းချတပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကုန်းကိုတော်လှန်ရေးတပ် တွေ က သိမ်းပိုက်ဖို့ကြိုးပမ်းနေကြတာလို့ သိရပါတယ်။
လက်ရှိမြို့နယ် အရှေ့ခြမ်းမှာတိုက်ပွဲပြင်းထန်နေသလို ကောလင်းမြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်နဲ့ ကောလင်းမြို့ပေါ်နေရာအများစုကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီး တဝိုက်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာတွေကြောင့် ဒေသခံငါးသောင်းကျော်လောက် စစ်ဘေးရှောင်နေ ရပြီးအကူအညီတွေလိုအပ်နေ တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
“အခြေအနေက ဆိုးပါတယ်၊ အိမ်တွေလည်း မီလောင်ကုန်ပြီ မီးရှို့တာ၊ အဲ့ကနေ မထွက်လာခင်ကတော့ PDF တွေ ချထားပေးတဲ့နေရာမှာပဲ၊ နေရာထိုင်ခင်းတွေ ရှိပေမဲ့ စားသောက်ဖို့က အဆင်မပြေဘူး၊ တော်တော် ခက်ခဲကြတာ”လို့ ကောလင်းမြို့ကနေ စစ်ရှောင်လာတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အခုစစ်ရှောင်နေရတဲ့ ကောလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးကို အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပရောက်စေတနာရှင်တချို့က ကူညီ ထောက်ပံ့မှုတွေ ပြုလုပ်နေပေမဲ့ စစ်ရှောင်ရတဲ့ကာလ ရှည်ကြာလာတာနဲ့အမျှ လိုအပ်ချက်က ရှိနေဆဲဖြစ် တယ်လို့ ဆိုပါတယ်။
ကောလင်းမြို့နယ်ဟာ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၆ အုပ်စု ကျေးရွာပေါင်း ၂၀၂ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦး ရေ တသိန်းခွဲကျော်ရှိတဲ့ ခရိုင်ရုံးစိုက်ရာမြို့နယ်တခု ဖြစ်ပါတယ်။
အခုလအတွင်း တကျော့ပြန်ဖြစ်ခဲ့တဲ့ ကောလင်းနယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေလက်ချက်နဲ့ ဒေသခံငါးဆယ်ကျော်သေဆုံးကာ စစ်အုပ်စု တပ်စွဲအခြေချရာနေရာတွေကလွဲလို့ မြို့ပေါ်ဧရိယာ ၈၀ ရာခိုင်နှုန်း ကျော်လောက်မီးလောင်ပျက်စီးသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
“အရပ်သားတွေ သေဆုံးတာတော့ ရှိနေတာပဲ၊ ပြေးလွှာရင်းနဲ့ စစ်ကြောင်းနဲ့တိုးတဲ့သူတွေ၊ မြို့ထဲပိတ်မိ နေတဲ့ သူတွေပေါ့၊ သတ်ဖြတ်ခံရတာတွေလေ တချို့ဆို အခုထိ ဆက်သွယ်မရသေးဘူး၊ မြို့ထဲတော့ မီးလောင်ထား တာများနေပြီး နေဖို့က အဆင်မပြေကြတော့ဘူး” လို့ ကောလင်းမြို့ကနေ စစ်ရှောင်လာတဲ့ ဒေသခံအမျိုးသားက ပြောပါတယ်။