စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းမယ့်သူတွေအတွက် လက်နက်ကိုင်မဟုတ်တဲ့ကဏ္ဍတွေ စီစဉ်ထားတယ်လို့ မွန်တော်လှန်ရေးအဖွဲ့တွေ ပြောကြား

ဖေဖော်ဝါရီ၊ ၂၁
 
စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်ဘဲ တိမ်းရှောင်လာတဲ့ မွန်ပြည်နယ်က လူငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နိုင်သလို လက်နက်ကိုင်လမ်းစဉ်မဟုတ်တဲ့ တခြားကဏ္ဍတွေမှာလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ စီစဉ်ပေးထားတယ်လို့ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစု၊ နိုင်ငံရေး အစုအဖွဲ့တွေက ပြောပါတယ်။
 
” အားလုံးကို စစ်ထဲဝင်ပါတော့ မရှိဘူး၊ မိမိလုပ်နိုင်တာကိုပဲ လုပ်ကြပေါ့၊ အများကြီး စီစဉ်ထားပါတယ်” လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာမှုနဲ့ ပြည်လည်နေရာချထားရေးဌာနမှူး မိသုတဇေဝ် DNA ကို ပြောပါတယ်။
 
စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို ဒီလ ၁၀ ရက်က ထုတ်ပြန်အပြီးမှာ လူငယ်တွေဟာ တော်လှန်ရေးအင်အားစုတွေထံဝင်ရောက်တာ၊ ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေသွားပြီး အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ထွက်ခွာနေကြတာ၊ လွတ်မြောက်နယ်မြေတွေဆီ သွားရောက်ဖို့ ပြင်ဆင်တာတွေ ရှိနေတာပါ။
 
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ နိုင်ငံရေးအစုအဖွဲ့တခု ဖြစ်ပါတယ်။
 
“ MSFC မှာ ဌာနတွေ အများကြီးရှိပါတယ်၊ ဘယ်ကဏ္ဍမှာ ဘယ်လိုမျိုးလုပ်ချင်လဲ၊ ဘယ်လို တာဝန်ယူချင်သလဲ၊ စစ်မတိုက်ချင်တဲ့ သူတွေအတွက်ပေါ့၊ ရွေးချယ်ခွင့် အများကြီးရှိပါတယ်၊ ထောက်ပို့လုပ်ချင်သလားပေါ့ ’’ လို့ မိသုတဇေဝ်က ပြောပါတယ်။
 
မွန်ပြည်ဖက်ဒရယ်ကောင်စီလက်အောက်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကော်မတီသုံးရပ်ရှိပြီး အုပ်ချုပ်ရေးကော်မတီလက်အောက်မှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုနဲ့ ပြည်လည်နေရာချထားရေး၊ ပြင်ပဆက်ဆံရေး၊ လူငယ် အမျိုးသမီးကလေးသူငယ်ကျားမတန်းတူရေး၊ သတင်းနဲ့ပြန်ကြားရေး၊ ဘဏ္ဍာရေး စတဲ့ဌာန ရှစ်ခုရှိတယ်လို့ သိရပါတယ်။
 
ဒါ့ကြောင့် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ လက်အောက်ရှိ မိမိကြိုက်နှစ်သက်ရာ ဌာနတွေမှာ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။
 
ဒါ့ပေမယ့် မွန်ပြည်ဖက်ဒရယ်ကောင်စီဘက်ကို ဆက်သွယ်လာတဲ့ လူမှန်သမျှကို သေချာစိစစ်ပြီးမှသာ လက်ခံမှာဖြစ်ပြီး အဲဒီထဲက စိတ်ပါဝင်စားမှုနဲ့ ပညာအရည်အချင်းအပေါ်မှာ မူတည်ကာ သက်ဆိုင်ရာဌာနတွေမှာ တာဝန်ထမ်းဆောင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
 
” ဘာစိတ်ဝင်စားလဲပေါ့၊ ကျွန်မတို့ MSFC မှာ ဘာတွေရှိလဲ ချပြမယ်၊ လူမျိုးပေါင်းစုံ စရိုက်တွေလည်း မတူကြဘူးလေ၊ အဲဒီကိစ္စတော့ သေချာစီစဉ်ထားပါတယ် ” လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ပြည်လည်နေရာချထားရေးဌာနမှူး မိသုတဇေဝ်က ပြောပါတယ်။
 
ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေထဲမှာ လူငယ်တွေအပြင် မိသားစုဝင်တွေ ပါဝင်လာပါကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့လည်း ကြိုဆိုလက်ခံသွားမှာဖြစ်ပြီး လွတ်မြောက်နယ်မြေတနေရာမှာ ဆယ်ရက်ခန့် လက်ခံကျွေးမွေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီထဲမှာမှ တော်လှန်ရေးထဲ မပါဝင်နိုင်သူတွေ၊ တတိယနိုင်ငံသွားမယ့်သူတွေ၊ အိမ်နီးချင်းနိုင်ငံဘက် အလုပ်သွားလုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့သူတွေကို တက်နိုင်ဘက်က ကူညီမှုတွေ ပြုလုပ်ပေးပြီး မိမိသဘောဆန္ဒအရ သွားရောက်နိုင်တယ်လို့ ဆိုပါတယ်။
 
မွန်ပြည်နယ်မှာဆိုရင်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့အပြင် ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေပြီး စုစုပေါင်းတပ်ဖွဲ့ လေးဆယ်ထက်မနည်းရှိနေပါတယ်။
 
အဲဒီတော်လှန်ရေးအင်အားစုတွေကလည်း တခြားတော်လှန်ရေး အင်အားစုတချို့က ဆောင်ရွက်နေသလို သူတို့တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ အသီးသီးဖိတ်ခေါ်နေကြတာ ရှိပါတယ်။
 
မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းကလည်း စစ်မတိုက်ချင်တဲ့ လူငယ်တွေအတွက် သူတို့နဲ့ သင့်တော်တဲ့ နေရာတွေ၊ စိတ်အားဓါတ်သန်တဲ့ တခြားတော်လှန်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
 
” လက်နက်ကိုင်ပြီး စစ်တိုက်ဖို့ သက်သက်မဟုတ်ဘူး၊ နောက်တန်းကနေ ပံ့ပိုးပေးရတဲ့ အင်အားက အများကြီး လိုတယ် ” လို့ သူက ပြောပါတယ်။
 
တော်လှန်ရေးထဲမှာ ပါဝင်လိုစိတ်မရှိဘဲ လူထုတွေကို အတင်းအကြပ် ဖိအားပေးဝင်ခိုင်းတာမျိုးက စစ်အာဏာရှင် စရိုက်လက္ခဏာတခုဖြစ်ပြီး တော်လှန်ရေးအတွက် အထောက်အကူကောင်းတခု မဟုတ်ဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် အမျိုးသားဆိုင်ရာအခွင့်အရေးများ ပြန်လည်ရရှိဖို့အတွက် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ လူထုတွေအနေနဲ့ မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့မှာ လာရောက်တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဒီလ ၂၀ ရက်မှာ မွန်ပြည်သစ် AD က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
 
မွန်လူမျိုးတဲ့ရဲ့ အမျိုးသားဆိုင်ရာအခွင့်အရေးတွေ ပြန်ရဖို့ ရန်သူ (စစ်ကောင်စီ)အား လက်နက်ကိုင်နည်းလမ်းနဲ့ ပြတ်သားစွာ တိုက်ပွဲဝင်ပါမှ အောင်ပွဲရနိုင်မယ်လို့ ယုံကြည်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးမှာ နိုင်ငံတကာရောက်မွန်တွေ သံဃာတော်တွေ မိဘပြည်သူတွေရဲ့ ဝန်းရံထောက်ခံမှု အင်အားဟာ အဓိက ကျောရိုးဖြစ်ကြောင်း ခံယူထားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ ပေါင်မြို့နယ်မှ မွန်လူငယ်တဦးကတော့ စစ်တပ်ထံမှာ စစ်မှုထမ်းရမယ့်အစား တော်လှန်ရေးအင်အားစုတွေထဲကမှ မွန်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ် အဖွဲ့ထံမှာ တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးထားတယ်လို့ ဆိုပါတယ်။
 
” ကိုယ့်မွန်တွေ မပါသေးတဲ့ ကာလမှာ မျက်နှာငယ်ရတယ်၊ အခု ပါဝင်လာပြီးဆိုတော့ မွန်ပြည်သစ်ဆီကိုပဲ ဝင်မှာ၊ ဘာလို့ဆိုတော့ သူတို့မှာ စစ်ရေးအတွေ့အကြုံက တခြားအဖွဲ့တွေထက် ပိုရှိတယ်၊ တစုတဖွဲ့ထဲနဲ့တော့ မလွယ်ဘူးလေ၊ ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူတူ လူငယ်တွေ အတူတူတွန်းလှန်ကြတာပေါ့ ” လို့ အဲဒီမွန်လူငယ်က ပြောပါတယ်။
 
စစ်မှုထမ်းရမယ့်ကာလဟာ သာမန်အခြေအနေမှာ နှစ်နှစ်ဆိုပေမယ့် အရေးပေါ်အခြေအနေဆိုရင် ငါးနှစ်အထိ တိုးမြှင့်နိုင်ပြီး စစ်မှုထမ်းဖို့ ငြင်းဆန်ရင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက ဆိုပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတွေအနေနဲ့ ကိုနည်းကိုဟန်နဲ့ ဆန့်ကျင်ကြဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအစုအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ဖယ်ရှားရေး၊ လက်တွဲညီညီ နဲ့ စစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနဲ့ လွတ်လပ်မှုကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ စစ်ကောင်စီ အာဏာမပြုတ်မချင်း အာဏာရှိနေသရွေ့၊ လူငယ်တွေ ပြည်သူပြည်သားတွေ ဒီအတိုင်းပဲ ထွက်ပြေးနေရမှာပဲ၊ ဖိနှိပ်ခံနေရမှာပဲ ” လို့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ဆိုပါတယ်။
 
“ တော်လှန်ရေးအရှိန်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီးခုခံတိုက်ခိုက်မလား၊ ပြေးမလား ရွေးချယ်စရာနှစ်ခုထဲက ပြန်ပြီးခုခံတိုက်ခိုက်ဖို့ ရွေးချယ်စေချင်တယ် ” လို့ ဖြည့်စွက်ပြောပါတယ်။
 
ဓာတ်ပုံ – မွန်ပြည်တော်လှန်ရေးတပ် MSRF