အဓမ္မကို တွန်းလှန်ဖို့ တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ မန္တလေးသူများ

ဒီဇင်ဘာ ၊ ၃၀

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် တယောက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ရဲ့ တပ်ခွဲ တခုထဲမှာ ပါဝင် အမှုထမ်းရင်း အာဏာသိမ်း စစ်တပ်ကို ဒရုန်းတိုက်ခိုက်မှု တခု လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ နာကျည်းမှုတွေနဲ့ သူ့အမေရဲ့ တိုက်တွန်းစကားတွေက မိုးမိုးကို တော်လှန်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ တွန်းတင်ပေးလိုက်တာပါပဲ။

PDFတွေထဲမှာ ရာနဲ့ချီ များပြားတဲ့ အမျိုးသမီးတွေ စစ်ရေးလေ့ကျင့်တာ၊ အမျိုးသား ရဲဘော်ရဲဘက်တွေနဲ့ ဒိုးတူဘောင်ဘက် ယှဉ်တွဲနေထိုင်ရင်း တိုက်ပွဲဝင်တာတွေ ရှိနေပြီး မိုးမိုးကလည်း တဦး အပါအဝင် ဖြစ်ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လိင်ခွဲခြားသတ်မှတ်မှု စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ ဒီအခြေအနေဟာ သိသိသာသာ ကွဲထွက်လာတဲ့ အနေအထားသစ် တခုပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အရသာကို ရှားရှားပါးပါး ထိတွေ့ ခံစားခဲ့ရတဲ့ ကာလမျိုးမှာ မိုးမိုးတယောက် လူလားမြောက် ကြီးပြင်းလာခဲ့ပါတယ်။ အဲဒီ ခဏတာ အခိုက်အတန့်လေးကို ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး စစ်တပ်က ပိတ်ဆို့လိုက်တဲ့ အခါမှာတော့ မိုးမိုးဟာ စစ်တပ်ကို တွန်းလှန်ဖို့ ပေါ်ထွန်းလာတဲ့ မြောက်မြားစွာသော PDF အဖွဲ့တွေထဲက တခုနဲ့ ပေါင်းစည်းဖို့ အကြောင်းဖန်လာတော့တာပါပဲ။

စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့တဲ့ အစောပိုင်း ကာလတွေတုန်းက မိုးမိုးဟာ ဆန္ဒပြမှုတွေအတွက် နှိုးဆော်တဲ့ အဖွဲ့တခုမှာပဲ အဓိက ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က ဆန္ဒပြသူတွေကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းလာတဲ့ နောက်မှာတော့ သူဟာ ကိုယ်တိုင် လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ရွေးချယ်သင့်ပြီလို့ မိုးမိုးက ဆုံးဖြတ်ခဲ့တယ်။

“စစ်တပ်က မတရား လုပ်နေတာတွေကို ကျွန်မ လက်ပိုက် ကြည့်မနေနိုင်တော့ဘူး”လို့ ရှမ်းပြည်နယ်ထဲမှာ ဒရုန်းနဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေး တခုကနေ ပြန်လာတဲ့ မိုးမိုးက ပြောပါတယ်။ ရှမ်းပြည်နယ်ဟာ လူဦးရေ ပိုမိုထူထပ်ပြီး မိုးမိုးရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်းနဲ့ နယ်မြေချင်း ဆက်စပ် တည်ရှိနေပါတယ်။ “သူတို့က အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာ။ (PDFထဲ) ကျွန်မ ဝင်လိုက်တဲ့ အဓိက အကြောင်းရင်းက သူတို့ကြောင့် ဖြစ်လာတဲ့ ဒေါသစိတ်ကြောင့်ပဲ”လို့ မိုးမိုးက ဆက်ပြောတယ်။

မိုးမိုးက သူပါဝင်တဲ့ PDF တပ်ခွဲရဲ့ ပြောက်ကျားဝတ်စုံကို ဝတ်ပြီး အနီရောင် ခွပ်ဒေါင်းတံဆိပ် လက်မောင်းတံဆိပ်ကို တပ်ထားပါတယ်။ မန္တလေး PDFထဲမှာ သူ့သူငယ်ချင်းတွေ ရှိနေပြီး သူတို့နဲ့အတူ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အကြောင်းကို မိုးမိုးက ပြောပြပါတယ်။ “ကျွန်မက မန္တလေးမှာ မွေးတယ်။ မန္တလေးသူရှင့်။ ဒီတော့ ကျွန်မလည်း မန္တလေး PDF အဖွဲ့ထဲ ဝင်လိုက်တယ်”လို့ သူက ဆိုတယ်။

မိုးမိုးဆိုတာ နာမည်ရင်း မဟုတ်ပါဘူး။ လုံခြုံရေး အခြေအနေတွေအရ အဲဒီ မိန်းကလေးရဲ့ နာမည်ရင်းကိုလည်း မဖော်ပြနိုင်ပါဘူး။ မန္တလေး PDFထဲမှာ မိုးမိုးလိုပဲ တပ်ဖွဲ့ဝင်အဖြစ် ကျရာတာဝန် ထမ်းနေကြတဲ့ အမျိုးသမီး ၁၀၀ ဝန်းကျင် ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ အဓိက ဆင်နွှဲနေကြပါတယ်။

သူတို့အဖွဲ့ရဲ့ ဒရုန်း တိုက်ခိုက်ရေး ယူနစ်မှာတော့ သုံးပုံတပုံလောက်က မိုးမိုး အပါအဝင် အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ ယူနစ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ တဖက်သတ် လေကြောင်း အသာစီး ရနေမှုကို အစွမ်းရှိသမျှ စိန်ခေါ်ပြီး အရပ်ဖက် စီးပွားရေး လုပ်ငန်းသုံး ဒရုန်းတွေမှာ ဗုံးကြဲချလို့ရအောင် ပြုပြင်ရင်း တိုက်ပွဲဝင်နေကြတယ်။ အဲဒီ ဒရုန်းတွေကို စစ်တပ်နဲ့ သက်ဆိုင်တဲ့ စစ်ရေး ပစ်မှတ်တွေပေါ် စေလွှတ်ပြီး ဗုံးသီးတွေ ဖြုတ်ချတာ ဖြစ်ပါတယ်။

“ကျွန်မတို့ ချိန်ရွယ်ထားတဲ့ ပစ်မှတ်တည့်တည့်ဆီ ဗုံးကျသွားတဲ့ နေ့မျိုးဆိုရင် ကျွန်မက တနေကုန် အူမြူးနေတော့တာပဲ။ အရမ်းလည်း တက်ကြွနေမိတယ်”လို့ သူက ဆိုတယ်။ “ဒရုန်းတွေ အသုံးပြုတဲ့ မစ်ရှင်တွေ များများ ရှိစေချင်တယ်။ ကျွန်မ ဘာတွေ လုပ်နိုင်သလဲ ဆိုတာကို လက်တွေ့ပြချင်တယ်”လို့လည်း မိုးမိုးက တက်တက်ကြွကြွ ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေတဲ့ PDF အဖွဲ့သား တဦးဖြစ်တဲ့ ကိုစိုးသူရဇော်က သူ့ရဲ့ အမျိုးသမီး ရဲဘော်ရဲဘက်တွေဟာ တကယ့်ကို ယုံကြည်ကိုးစားထိုက်သူတွေလို ညွှန်းဆိုခဲ့ပါတယ်။

“အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အစွမ်းအစတွေကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ အမျိုးသမီး စစ်သည်တွေအတွက် သူတို့ရဲ့ အစွမ်းကို ဘယ်နေရာမှာ အကောင်းဆုံး ထုတ်သုံးနိုင်မလဲ ဆိုတာကို စဉ်းစားကြည့်တော့ ဒရုန်းတပ်ဖွဲ့မှာ သင့်တော်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။ သူတို့ဟာ ဒရုန်းမစ်ရှင်တွေနဲ့ အကိုက်ညီဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်”လို့ သူက ရှင်းပြပါတယ်။

မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တွဲဖက်ပြီး ကင်းလှည့်တာ၊ ဆေးတပ်သားအဖြစ် ထမ်းဆောင်တာမျိုး တခြားတာဝန်တွေကိုလည်း ယူထားကြပါသေးတယ်။

တီရှပ်တွေနဲ့ စစ်ယူနီဖောင်း ဘောင်းဘီရှည်တွေ ဝတ်ထားတဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေဟာ သတ်မှတ်ထားတဲ့ နေရာမှာ မနက်တိုင်း ဖုန်တထောင်းထောင်း ထနေတဲ့ လမ်းတွေတလျှောက် အပြေးလေ့ကျင့်ကြတယ်။ စစ်ရေးပြမှူးရဲ့ ခရာသံကို သူတို့ နားစွင့်ကြတယ်။ ဒဏ်ပေးခံရတဲ့ အခါမျိုးတွေဆို သူတို့ ထိုင်ထလုပ်တာ၊ ဆောင့်ကြောင့်ထိုင်ပြီး ဖားခုန်ခုန်တာမျိုးတွေ လုပ်ရလေ့ရှိတယ်။ ပြီးရင် စားသောက်တဲ့ နေရာမှာ ထမင်းနဲ့ဟင်းကို စနစ်တကျ တန်းစီယူပြီး စားသောက်ကြတယ်။

မန္တလေး PDFရဲ့ ရန်ပုံငွေကိစ္စနဲ့ အကျွေးအမွေး ကိစ္စတွေကို စီမံခန့်ခွဲတဲ့ အပိုင်းမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက မကင်းပါဘူး။

Laptop ကွန်ပျူတာတွေနဲ့ စာရွက်စာတမ်းတွေ ပြန့်ကြဲနေတဲ့ ရုံးသုံး စားပွဲနားမှာ အလုပ်ရှုပ်နေတဲ့ အမျိုးသမီး တစုဟာ လေကြောင်း အန္တရာယ် သတိပေးချက် ခရာမှုတ်သံကို ကြားလိုက်ချိန်မှာ ဖိုင်တွေနဲ့ စာရွက်စာတမ်းတွေကို ယူပြီး အပြေးအလွှား ရွှေ့ပြောင်းကြတယ်။ ခရာသံဟာ သရုပ်တူ လေ့ကျင့်တဲ့ အဆင့်မှန်း သိပေမယ့် တကယ့် တိုက်ခိုက်မှုနဲ့ ကြုံသလို သဘောထားပြီး နီးရာ ကတုပ်ကျင်း တခုဆီကို သွားရောက် ခိုလှုံကြပါတယ်။

တခြားတနေရာမှာတော့ အမျိုးသမီးတွေက ရိုင်ဖယ် သေနတ်တွေကို တစဆီ ဖြုတ်ပြီး ဆီဝအောင် တိုက်ချွတ် သန့်စင်နေကြတယ်။ အဖွဲ့ရဲ့ တန်ဖိုးကြီး လက်နက်တိုက် အရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းနေကြတာ ဆိုရင်လည်း မမှားပါဘူး။

မကြာသေးခင် သီတင်းပတ်တွေအတွင်း မန္တလေး PDFဟာ ရှမ်းပြည်နယ်ထဲမှာ ညီနောင် မဟာမိတ် သုံးဖွဲ့က ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ စစ်ဆင်ရေး ချိန်ခွင်လျှာ အလှည့်အပြောင်းတွေ ဖြစ်လာတာက အဖွဲ့ဝင် အမျိုးသမီး ဆေးတပ်သားတွေ အတွက်လည်း တာဝန်တွေ ပိုယူရမယ့် အခြေအနေ ဖြစ်လာပါတယ်။

စစ်မြေပြင်က ကုသရေးစခန်းအဖြစ် ယာယီ သတ်မှတ်ထားတဲ့ နေရာမှာတော့ အိမ်တလုံးရဲ့ရှေ့မှာ လူနာတင်မယ့် ကုတင်ကို ပြင်ဆင်ထားတာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ဆေးပုလင်းတချို့ တင်ထားတဲ့ လက်တွန်းလှည်း တခုလည်း ရှိနေပြီး ဆရာဝန် တယောက်နဲ့ သူနာပြု တယောက်က ဒဏ်ရာရ တော်လှန်ရေး တပ်သားတယောက်ကို ပတ်တီးစည်းပေးနေခဲ့ပါတယ်။

နေဝင်မိုးချုပ်လို့ အခြေစိုက်စခန်း ပြန်လာတဲ့အခါ အမျိုးသမီး တချို့က မီးပုံနားမှာ ဝိုင်းဖွဲ့ပြီး ထိုင်နေကြတယ်။ သစ်ပင်တွေကြားမှာ သွယ်တန်းထားတဲ့ ကြိုးတွေပေါ်မှာ အဝတ်တချို့ လှန်းထားပြီး ရိုင်ဖယ်သေနတ်တွေကိုတော့ စားပွဲတလုံးမှာ မှီပြီး ထောင်ထားတာ တွေ့ရပါတယ်။

အလင်းရောင် မှေးမှိန်လာချိန်မှာ အမျိုးသမီး နှစ်ယောက်က သေနတ်တွေကို ယူပြီး လုံခြုံရေး ကင်းစောင့်ဖို့ တောထဲကို ဝင်သွားပါတယ်။ သူတို့ဟာ ပြောက်ကျား ယူနီဖောင်းကို ဝတ်စုံပြည့် ဝတ်ထားတယ်။ လက်မောင်းပေါ်က တံဆိပ်နဲ့ လိုက်ဖက်တဲ့ အနီရဲရဲ နှုတ်ခမ်းနီကိုလည်း ဆိုးထားကြပါတယ်။

ညပိုင်းမှာ မီးပုံနား အဖွဲ့လိုက် စုဝေးစားသောက်ရင်း တချို့ကလည်း အိမ်ကို ဖုန်းဆက်လေ့ ရှိကြတယ်။ အဲဒီအချိန်ဟာ မိုးမိုးတယောက် အတွေးတွေ များတတ်တဲ့၊ အထူးသဖြင့် သူချန်ထားခဲ့တဲ့ သူတွေအကြောင်း ခေါင်းထဲဝင်လာတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။

“တခါတလေတော့ အိမ်ကို ကျွန်မ လွမ်းတာပေါ့”လို့ သူက ဆိုတယ်။ “ဒါပေမဲ့ အမေနဲ့ ဖုန်းပြောဖြစ်တဲ့ အခါတိုင်း သူက ကျွန်မကို ပြောတယ်။ ‘သမီးရေ၊ အမေတို့ အဆင်ပြေတယ်။ တော်လှန်ရေးပြီးမှ အိမ်ပြန်လာခဲ့’တဲ့။ အမေ့စကားကို ပြန်တွေးမိတဲ့ အခါတိုင်း ကျွန်မရဲ့ စိတ်တွေ ပြန်ကြည်လင်သွားတယ်”လို့ မိုးမိုးက ပြောပါတယ်။

(Japan Times၏ ‘Mandalay girls’ upending gender norms on Myanmar’s front lines ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)