ခရစ္စမတ်မှာ မဧပရယ်မပျော်ပါ

ဒီဇင်ဘာ၊ ၂၅

ခရစ္စမတ်နေ့လို့ပြောလိုက်တာနဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးကျူးတဲ့ ပျော်ရွှင်ဖွယ်ဂီတသံတွေကို သံပြိုင်သီဆိုနေတဲ့ သံစဉ်တွေကို နားထဲ အလိုလိုကြားယောင်လာမှာပါ။

ရောင်စုံမီးတွေနဲ့ အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်တွေ၊ အနီရောင်စုလစ်မွန်ချွန်းဘုရား ကျောင်းကနေ လမ်းမပေါ်၊ လမ်းသွယ်တွေထဲအထိ ချမ်းအေးတဲ့ ဆောင်းကို အံ့တုပြီး သီဆိုဖျော်ဖြေမှုတွေ၊ ဦးထုပ်နဲ့ အင်္ကျီလက်မှာ အဖြူရောင်အနားသတ်ထားတဲ့ အနီရောင်ဝတ်စုံ၊ အဖြူရောင်မုတ်ဆိတ်နဲ့ “စန်တာကလော့” ဘိုးဘိုးကြီးက လက်ဆောင်တွေ ဝေပေးနေတာ၊ ခရစ္စမတ်ကတ်လှလှလေးတွေ အပြန်အလှန် လဲလှယ်ကြတာတွေ……..။

ဒါဟာ မဧပရယ် (အမည်လွှဲ)တယောက် တသက်လုံးသိလာခဲ့တဲ့ နှစ်လိုစရာ ခရစ္စမတ်ကာလပေါ့။ အခုတော့ ခရစ္စမတ်လို့ ဆိုလိုက်တာနဲ့ အဲဒီမြင်ကွင်းပုံရိပ်တွေအစား လူတယောက်ကိုသာ မြင်ယောင်နေမိတော့တာ။

“ အဲဒီနေ့ကို မှတ်မိနေပါသေးတယ်၊ အကိုက ပြန်လာရင် ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်တွေ အများကြီးဝယ်ခဲ့ပေးမယ်ဆိုပြီး ပြောသွားတာ၊ ဒီလို ခရစ္စမတ်ကာလရောက်တိုင်း သူပြန်လာမယ်လို့သာ စိတ်ထဲမှာ မျှော်လင့်နေမိတာ”

လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်မှာ ဈေးဝယ်ဖို့ဆိုပြီး အိမ်ကထွက်သွားတဲ့ မဧပရယ်ရဲ့ အကိုဝမ်းကွဲဟာ အိမ်ကိုပြန်ရောက်မလာနိုင်တော့ပါဘူး။ ပြီးတော့ ဈေးကိုလည်း မရောက်ခဲ့ရရှာဘူး။

“မိုဆိုရွာ” လို့ ဆိုလိုက်ရင် သူမရဲ့အကို ဘာဖြစ်ခဲ့တယ်ဆိုတာ တော်တော်များများ သိနိုင်ကြလောက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်းပြောရင် ကရင်နီပြည် ဖရူဆို မြို့နယ်က မိုဆိုရွာ ဖြစ်ရပ်ကို ချန်ထားခဲ့လို့မှ မရတာ။

မဧပရယ်ရဲ့ အကိုဝမ်းကွဲဖြစ်သူဟာ ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြိုနေ့က မိုဆိုရွာနားမှာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား လေးဆယ်ကျော်ထဲက တဦးပါ။

စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်ဖွဲ့တွေက ကလေးငယ်တွေအပါအဝင် အရပ်သားလေးဆယ်ကျော်ကို အစုအပုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာပါ။ မော်တော်ယာဉ် ခုနစ်စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

သတ်ဖြတ်ခံရသူတွေထဲက အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ငါးဦးရဲ့ ရုပ်အလောင်းကို အတည်ပြုနိုင်ခဲ့ပေမယ့် တချို့ကတော့ ဆိုးဆိုးရွားရွား မီးကျွမ်းနေပြီဖြစ်လို့ ကျား၊ မ အသက်အရွယ်နဲ့ လူဘယ်နှဦး ဆိုတာမျိုးကိုပါ အတည်ပြုဖို့ ခက်ခဲသွားတဲ့ အခြေအနေပါ။

အတည်ပြုနိုင်တဲ့ အထောက်အထားတွေအရတော့ အဲဒီသေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ မသန်စွမ်းတဦး ပါဝင်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေတဲ့ Save The Children ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ပါတယ်။

“ ခရစ္စမတ်ကာလရောက်ရင် ဝမ်းသာပျော်ရွှင်ကြည်နူးရမှန်း သိပေမယ့် ဒီအချိန်ရောက်လာတိုင်း အမြဲတမ်း ဝမ်းနည်းနေရတယ်၊ စိတ်မကောင်းဖြစ်ရတယ်၊ ဒီကာလကို မဖြတ်သန်းချင်တဲ့အထိ စိတ်ထဲမှာ မကောင်းဘူး ” လို့ မဧပရယ်က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်တခုအနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ နှစ်စဉ် ဒီဇင်ဘာ ၂၅ရက်မှာ ခရစ္စမတ်ပွဲတော်တွေ ကျင်းပကြပါတယ်။

လူကြီးလူငယ် အသက်အရွယ်မရွေး လုပ်စရာရှိတဲ့ လုပ်ငန်းတွေကို ရပ်နားပြီး ပျော်ပွဲရွှင်ပွဲစားသောက်ပွဲတွေနဲ့ တခမ်းတနား ကျင်းပကြသလို ခရစ္စမတ်သီချင်းတွေကိုလည်း တပျော်တပါးသီဆိုကြရင်းနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ ဆွေမျိုးမောင်နှစ်မတွေဆီ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးပို့ကြရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလေ့ ရှိကြပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခတွေကြား ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ခရစ္စမတ်ဆိုပေမယ့် ခရစ္စမတ်ပွဲ ဆင်နွှဲခွင့်မရတဲ့ ခရစ်ယာန်ဘာသာဝင်တွေလည်း အများအပြားရှိနေပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ ပျော်စရာ ခရစ္စမတ်ကာလကို ဖြတ်သန်းခွင့် မရသူတွေ အများအပြား တိုးလာပါတော့တယ်။

နိုင်ငံ့အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်သူမှန်သမျှကို ဖိနှိပ်ဖြိုခွဲရင်း လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာချိန်မှာတော့ နေရာဒေသမရွေး၊ လက်နက်ကိုင်၊ လက်နက်မဲ့ မရွေးကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဒါ့အပြင် နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံပါမချန် လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုး မီးရှို့တာတွေလည်း လုပ်နေသလို နှစ်ဖက်တိုက်ပွဲတွေလည်း မပြတ်ရှိနေတာကြောင့် တောင်ပေါ်ဒေသတွေနဲ့ စစ်ကိုင်းတိုင်းထဲက ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ရာ ဒေသတွေမှာ ခရစ္စမတ်ကာလဟာ လွတ်လပ်ပျော်ရွှင်နေရမယ့် အချိန်မဟုတ်တော့တာ အခုဆိုရင် သုံးနှစ်ရှိပါပြီ။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာ ဒေသခံ ကိုဆလိုင်း (အမည်လွှဲ)ဟာလည်း အရင်က ခရစ္စမတ်ကာလတွေကို စိတ်ကူးနဲ့သာ တမ်းတနေရသူတွေထဲက တယောက်ပါ။

သူနေထိုင်တဲ့ ချင်းတောင်ဒေသက ချင်းလူမျိုးတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ လူနည်းစုသာရှိပြီး ကိုးဆယ်ရာခိုင်နှုန်းလောက်က ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတွေ ဖြစ်ပါတယ်။

ရွာမှာ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က နှစ်ခြင်းဘုရားကျောင်းကို အခုနှစ် ဩဂုတ်လ ၁၂ ရက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တခုလုံး ပျက်စီးသွားသလို သူ့အိမ်လည်း ပါသွားတယ်လို့ ကိုဆလိုင်းက ပြောပြပါတယ်။

“ ခါတိုင်းနှစ်တွေဆို ဒီချိန်ဘုရားကျောင်းမှာ ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ဘုရားသီချင်းတွေ သီဆိုရင်းနဲ့ ပျော်ရွှင်နေတာပေါ့၊ အခုတော့ မျက်ရည်တွေ၊ အပူမီးတွေနဲ့ တော်တော်လေးကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေပါပဲ ” လို့ အသက်လေးဆယ်အရွယ် ကိုဆလိုင်းက ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ခရစ္စမတ်ကာလတွေဟာ မပျော်ရွှင်ရတော့ဘူးလို့ မဧပရယ်နဲ့ ကိုဆလိုင်းတို့လို တိုင်းရင်းသားခရစ်ယာန်ဘာသာဝင်တွေက တညီတညွတ်တည်းပြောကြပါတယ်။

သူတို့လိုပဲ ခရစ္စမတ်နေ့ရောက်တိုင်း မိသားစုတွေနဲ့ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတဲ့အချိန်ကို ပြန်လည်တမ်းတ သတိရနေသူက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် CDM ပညာရေးဝန်ထမ်း နော်ခေဂူး ဖြစ်ပါတယ်။

သူမဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေရင်း စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးပမ်းလာတာကြောင့် သူကိုယ်တိုင်လည်း နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အဲဒီနောက် သူမဟာ စစ်ဘေးရှောင်ကိစ္စတွေ ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်နေရင်းနဲ့ ဒီနှစ်ခရစ္စမတ်ကိုတော့ ပူဆွေးမှုတွေကြားကပဲ စစ်ဘေးရှောင်နေရသူတွေနဲ့အတူ တတ်နိုင်သမျှ ပျော်ရွှင်စွာဖြတ်သန်းသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

“ ဘယ်တတ်နိုင်မလဲ၊ အနော်တို့ မိသားစုတွေ တကွဲတပြားဖြစ်နေသလိုပဲ အခုရှောင်လာကြတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ မိသားစုတွေအများကြီး ဆုံးရှုံးခဲ့ရတာလေ၊ သူတို့ရဲ့ ပူဆွေးဝမ်းနည်းမှုတွေကို ဒီနှစ်ခရစ်စမတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားကြမယ် ” လို့ နော်ခေဂူး ကပြောပါတယ်။

ခရစ်စမတ်နေ့ကို မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်ဘာသာဝင်တွေသာမက နိုင်ငံသားအားလုံးပါဝင်ဆင်နွှဲလေ့ ရှိကြပေမယ့် အာဏာသိမ်းပြီးနောက် ကရင်နီ၊ ချင်း၊ ကရင်ပြည်နယ်အပါအဝင် ခရစ်ယာန်ဘာသာဝင်အများစု ရှိကြတဲ့ နေရာဒေသတွေမှာတော့ ပွဲတော်ကို တခမ်းတနား ကျင်းပပြုလုပ်တာထက် ဝတ်ပြုဆုတောင်းမှုကိုသာ အကျဉ်းရုံးကျင်းပလာကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်းမှာ ခရစ်ယာန်ဘာသာရေးအဆောက်အအုံပေါင်း တရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာရှကက်သလစ်အသင်းတော်များ သတင်းလွှာ UCA က အခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ဖျက်ဆီးခံခဲ့ရတဲ့ထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားပြီး သက်တမ်းနှစ်ရာကျော်ရှိတဲ့ သမိုင်းဝင် ဘာသာရေးအဆောက်အအုံတချို့လည်း ပါဝင်ပါတယ်။

တနှစ်ထက်တနှစ် ပျော်ရွှင်မှုတွေ ကင်းမဲ့လာရတဲ့ ခရစ္စမတ်ကာလကို ဒီနှစ်မှာလည်း ဘုရားကျောင်းမရှိ၊ နေအိမ်တွေမရှိတော့တဲ့ ဒေသခံတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့တော့ ဝမ်းနည်းမှုတွေကြားကပဲ နှစ်သိမ့်ကြိုးစားပြီး ဖြတ်သန်းမယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ နေအိမ်တွေ မရှိကြတော့ပါဘူး။

တောင်ပေါ်ဒေသတွေအဖို့ အဆောက်အအုံတခု တည်ဆောက်ဖို့က မလွယ်ကူလှပါဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ အချိန်တွေ၊ ငွေတွေများစွာ ရင်းနှီးမြှုပ်နှံပြီး ကြိုးပမ်းခဲ့ရတာလို့ ဆိုကြပါတယ်။

“ အချိန်တွေ၊ ငွေတွေ၊ အရင်းအနှီးတွေ လုပ်ဆောင်ရတာတွေမလား၊ အဲလိုအမြတ်တနိုးထားတဲ့ နေရာတခုပေါ့နော်၊ ဒီလိုမျိုး တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံရတာတော့ တကယ့်ကို ဝမ်းနည်းစရာအဖြစ်ပါပဲ ” လို့ ကိုဆလိုင်းက ပြောပါတယ်။

နိုင်ငံတဝန်းဒေသအနှံ့မှာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲတွေကို အကြောင်းပြပြီး အရပ်ဘက်ပစ်မှတ်တွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။

“ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်တာပေါ့၊ စစ်တပ်က ဒီလိုလုပ်နေတာ အခုမှမဟုတ်ဘူး၊ အရင်ခေတ်တွေတုန်းကလည်း လုပ်နေတာပဲ၊ အခု အာဏာသိမ်းပြီးနောက်ပိုင်းဆို ဒီလိုမျိုး ပစ်ခတ်မှုတွေက အတိုင်းအဆမရှိ ဆက်လုပ်နေတာ မျက်မြင်ပဲလေ ” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံလည်းဖြစ်၊ ခရစ်ယာန်ဘာသာဝင်တဦးလည်းဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

အရပ်ဘက်ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက လက်မခံဘဲ အစဉ်တစိုက်ငြင်းဆန်လေ့ ရှိပါတယ်။

ဒါပေမယ့် မကြာသေးခင်က ကရင်နီမှာ လေယာဉ်ပစ်ချခံရပြီး တော်လှန်ရေးတပ်တွေ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီ လေယာဉ်မှူးကတော့ သူတို့အနေနဲ့ တိုက်ပွဲ ရှိရှိ၊ မရှိရှိ အရပ်ဘက်ပစ်မှတ်တွေမှာ တော်လှန်ရေးတပ်တွေ လှုပ်ရှားမှု ရှိတယ်ဆိုတဲ့ သတင်းတွေအရ တိုက်ခိုက်ဖို့ ညွှန်ကြားခံရတာတွေ ရှိတယ်လို့ ဝန်ခံထားပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ဦးတည်တိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဒေသတွေက ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ခရစ္စမတ်ကာလကို ဟိုတုန်းကလို ဖြတ်သန်းဖို့ထက် ဘေးအန္တရာယ်ကနေ ရှောင်တိမ်းဖို့သာ သတိပြုနေကြရပါတယ်။

“ တောထဲတောင်ထဲမှာ စစ်ရှောင်နေရတာလေ၊ ခရစ္စမတ်အချိန်အခါကြုံလို့ရှိရင် အပေါင်းအသင်း မိသားစုတွေနဲ့ လုံခြုံစွာ ဘေးကင်းစွာနဲ့ ပူပင်ကင်းမဲ့စွာနဲ့ ဘယ်လိုအချိန်အခါမျိုးမှ ကျင်းပခွင့် ဝတ်ပြုဆုတောင်းခွင့် မရှိခဲ့ဘူး။ နေ့စဉ်နေ့တိုင်း ဘယ်အချိန် လေကြောင်း တိုက်ခိုက်ခံရမလဲ လက်နက်ကြီးကျမလဲ သတိပြုနေထိုင်နေရတဲ့ အခြေအနေဖြစ်နေတယ် ” လို့ စောနန္ဒဆူးက ပြောပါတယ်။

တဘက်မှာလည်း စစ်ကောင်စီဟာ ဘာသာရေးခေါင်းဆောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာ၊ ညှင်းပမ်းနှိက်စက်တာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အရေးယူတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ဘာသာရေးခေါင်းဆောင်တွေထဲမှာ ဒေသအလိုက် လူသိများထင်ရှားသူတွေ၊ ဒေသခံတွေနဲ့ သက်ဆိုင်ရာ ဘာသာဝင်တွေက ယုံကြည်လေးစားကြသူတွေ ပါဝင်သလို ဒေါက်တာခလမ်ဆမ်ဆွန်လို ဘာသာရေးအသိုင်းအဝိုင်းမှာရော နိုင်ငံရေးအသိုင်းအဝိုင်းမှာပါ လူသိများတဲ့ ပုဂ္ဂိုလ်လည်း ပါဝင်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌဟောင်းနဲ့ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ပုဒ်မသုံးခုနဲ့စွဲဆိုကာ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“ ဒါတွေအားလုံးဟာ ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်နေတယ် ” လို့ စောနန္ဒဆူးက ပြောပါတယ်။

စစ်ကောင်စီဘက်က အစဉ်တစိုက်ငြင်းဆိုလေ့ရှိပေမယ့် အာဏာသိမ်းစစ်တပ်ဟာ သူတို့အာဏာတည်မြဲဖို့ အားထုတ်ရင်း ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရပ်သားတွေအပေါ် အစုအပြုံလိုက်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာကို တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ အခုနှစ် မတ်လ ၁၃ ရက်အထိ နိုင်ငံတဝှမ်းမှာ အရပ်သားငါးယောက်နဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ကို စစ်ကောင်စီက ကျူးလွန်ထားတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီသတ်ဖြတ်မှုတွေကို ကရင်နီ၊ ကချင်၊ စစ်ကိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး လူပေါင်း ၇၆၆ ယောက်အသတ်ခံခဲ့ရတယ်လို့ NUG ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သတ်ဖြတ်ခံထားရတဲ့သူတွေထဲမှာ အမျိုးသား ၄၈၂ ဦး၊ အမျိုးသမီး ၇၈ ဦးပါဝင်ပြီး ကျန် ၂၀၆ ဦးကတော့ ရုပ်အလောင်းတွေကို ကျား၊ မ မခွဲခြားနိုင်တော့တဲ့ အခြေအနေပါ။

မဧပရယ်ရဲ့ ဝမ်းကွဲအကိုအပါအဝင် ကလေးတွေနဲ့အရပ်သား လေးဆယ်ကျော်သတ်ဖြတ်ခံခဲ့ရတဲ့ မိုဆိုရွာဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ပြစ်ဒဏ်ကင်းလွတ်နေဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြစ်ပေးနိုင်ဖို့နဲ့ နစ်နာသူတွေ တရားမျှတမှု ရရှိစေရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုအကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်စဉ်မျိုးတွေကို နိုင်ငံတကာကသိအောင် ကြိုးစားဆောင်ရွက်နေပြီး နိင်ငံတကာ တရားမျှတမှု ရှာဖွေရေးအဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့လို အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ IEC အတွင်းရေးမှူး (၁) ဒေါ်ဇူးပဒုမ္မာ ကပြောပါတယ်။

“ လက်ရှိအခြေအနေကတော့ ကျွန်မတို့ လုပ်ဆောင်ချင်သလောက် လုပ်ဆောင်လို့မရတဲ့ အကန့်အသတ်တွေလည်း အများကြီး ရှိနေတဲ့အခါမှာ ကျွန်မတို့ ကြိုးစားလုပ်ဆောင်နေတဲ့ အပိုင်းကိုပဲ အသိပေးပြောပြချင်ပါတယ် ” လို့ သူက ဆိုပါတယ်။

မိုဆိုရွာဖြစ်စဉ်ဟာ ပြည်သူတရပ်လုံးကို ဒီကနေ့အထိ ခြောက်လှန့်နေဆဲ ဖြစ်သလို စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ စိတ်ဓာတ်ကိုလည်း ပိုပြီးခိုင်မာလာစေတယ်လို့ ဖရူဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းမှူး ကိုကနဲက ပြောပါတယ်။

“ မီးရှို့အသတ်ခံရတဲ့ အထဲမှာ ပါဝင်သွားတဲ့ မိသားစုဝင်တွေ၊ ညီအကို မောင်နှမတွေအတွက်တော့ အားတင်းထားပါလို့၊ ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်နေပါတယ် ” လို့ နစ်နာခဲ့ရသူတွေကို သူကသတင်းစကားပါးပါတယ်။

“ ကျွန်တော်တို့ကိုလည်း ဝိုင်းပြီးတော့ ဆုတောင်းပေးခြင်းနဲ့ဖြစ်ဖြစ်ပေါ့နော် ကူညီပေးပါဦးလို့ ပြောချင်ပါတယ် ” လို့လည်း ကိုကနဲက ဖြည့်စွက်ပြောပါတယ်။

မဧပရယ်ကတော့ မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ အကိုဝမ်းကွဲလိုအဖြစ်မျိုးတွေ ထပ်မဖြစ်စေချင်တော့သလို မကြာခင်မှာ နွေဦးတော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ ယုံကြည်နေတဲ့အကြောင်း အခုလိုပြောပါတယ်။

“ ကျွန်မတို့ ယုံကြည်မှုနဲ့အတူ ဘုရားသခင်လည်း ရှိနေတယ်၊ တော်လှန်ရေးမောင်နှမတွေ အားလုံး ဆက်ပြီး ရှင်သန်ကြပါ၊ အတူတူဖြတ်ကျော်ပြီးတဲ့တနေ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ္စမတ်ကာလကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကြမယ်”