စစ်တပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်လို့ TNLA စွပ်စွဲ၊ အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆို

နိုဝင်ဘာ၊ ၁၉
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဓာတုလက်နက် အဆိပ်ငွေ့ ဗုံးနဲ့ တိုက်ခိုက်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပြီး အရေးယူပေးဖို့ တအာင်းတပ်မတော် (TNLA) က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
 
“ မနေ့က (နမ့်ခမ်းမြို့အနီး)စခန်းကုန်းကို သိမ်းနေတဲ့အချိန်မှာ သူတို့က ဓာတု အဆိပ်ငွေဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေရှိတယ်။ တပ်ဖွဲ့ဝင်ဘယ်နှစ်ဦးလောက်မှာ ထိခိုက်မိတယ်ဆိုတာ ကျမတို့ စိစစ်နေတုန်းပေါ့။ နောက်မှာပဲ ထုတ်ပြန်လိုက်မယ် ” လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေး ရုံးတာဝန်ခံ အမျိုးသမီးတဦးက ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဒီလ ၄ ရက်တုန်းကလည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မိုင်းကျက် တပ်စခန်းကို တအာင်းတပ် (TNLA) ကတိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံးနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီစွပ်စွဲချက်နဲ့ပတ်သတ်ပြီး စစ်ကောင်စီက တစုံတရာတုံ့ပြန်ဖြေရှင်းတာ မရှိသေးပါဘူး။
 
တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်တချို့ဟာ ပုံစံတူ အဆိပ်သင့်ပြီး ခန္ဓာကိုယ်မှာ ထိရှဒဏ်ရာ တစုံတရာမရရှိဘဲ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာခံစားရတာ၊ စိတ်လှုပ်ရှားမြန်ဆန်တာ၊ မောပန်းတာ၊ အောက်စီဂျင်ကျတာကို ပြင်းထန်စွာ ခံစားနေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
အဲဒီ ရဲဘော်တွေကိုတော့ TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့တာဝန်ရှိသူတွေကို DNA အနေနဲ့ အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
 
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထိတွေ့မှု တိုက်ပွဲတွေမှာ အခုလို စစ်ရာဇဝတ်မှု ကျူးလွန်ပြီး နိုင်ငံတကာမှာ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဓလက်နက် အသုံးပြုပြီး တိုက်ခိုက်တာ၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ရပ်ရွာ ပြည်သူလူထုနဲ့ အိုးအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
 
ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်သူလူထုကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့နဲ့ စစ်ရာဇဝတ်မှု၊ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးနိုင်ဖို့TNLAက တောင်းဆိုထားပါတယ်။
 
စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေ၍ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့လို့ ကလေးငယ်များအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်တပ်များက အသိပေးထုတ်ပြန်ထားသည်။
 
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဓာတုလက်နက်တွေ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုတာကို တားမြစ်တဲ့ သဘောတူစာချုပ် CWC ကို ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထားထားတဲ့ ၁၉၁ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်။
 
၁၉၈ဝ ပြည့်နှစ်ဝန်းကျင် လောက်ကတည်းက နိုင်ငံထဲမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတာ ဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်အစိုးရရဲ့အကြီးတန်းအရာရှိက သောမတ်ဒီနန်းနိုက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စွပ်စွဲပြောဆိုဖူးပါတယ်။
 
အဲဒီတုန်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (အခု ဗိုလ်ချုပ်ဇော်မင်းထွန်း) ကတော့ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားလည်း မရှိသလို ထုတ်လုပ်ဖို့လည်း မရှိကြောင်းနဲ့ အသုံးပြုတာလည်း မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့တချို့က စစ်တပ်ဟာ ဓာတုအဆိပ်ငွေ့လက်နက်တွေ အသုံးပြုတိုက်ခိုက်တယ်လို့ ပြောဆိုခဲ့ကြဖူးသလို အထောက်အထားတချို့လည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။
 
အရင် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က ဓာတု အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA အဖွဲ့က ပြောခဲ့ဖူးပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီဗုံးတွေ ကြဲချခဲ့ပြီးနောက် လေထုထဲမှာ အဝါရောင်အမှုန်တွေ လွင့်ပျံနေကာ ထူးခြားတဲ့ အနံ့တမျိုးရပြီး မြေပြင်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မူးဝေတဲ့ဒဏ်ကို ခံစားကြရတယ်လို့ ကော်ဘရာစစ်ကြောင်းက ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ထုတ်ပြန်အသိပေးခဲ့ပါတယ်။
 
ဒါ့အပြင် ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတချို့မှာလည်း စစ်ကောင်စီက အလားတူ လက်နက် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
 
တော်လှန်ရေး ကာလအတွင်း လေကြောင်းကိုသာ အဓိကထား တိုက်ခိုက်နေတဲ့ စစ်တပ်အနေနဲ့ တိုက်ပွဲတွေအတွင်း လေကြောင်းပစ်ခတ်မှုတွေ ထိရောက်မှု မရှိတော့တဲ့အခါ အခုလိုမျိုး ဓာတုလက်နက်တွေ ထုတ်သုံးလာနိုင်သလို ကရင်ပြည်နယ်ဖက်မှာလည်း အခုလိုမျိုး အသုံးပြုတာတွေ ရှိခဲ့တယ်လို့ CDM တပ်မတော်သားတချို့က ဆိုပါတယ်။
 
“ လေတပ်ရဲ့အနေအထားကလည်း သူတို့စစ်သည်တွေက စစ်ပန်းနေတယ်။ ဆီကအစ လေယာဉ်မှာသုံးတဲ့ ဗုံးတွေ၊ ရော့ကတ်တွေကအစ ခမ်းလာတော့ သူတို့ နောက်ဆုံး ဘာမှလုပ်စရာမရှိ အခြေအနေလည်း မဟန်တော့ ဒီလို အဆိပ်ဗုံးတွေ သုံးလာမှာပဲ။ သူတို့အကျင့်အရလည်း ယုတ်မာတဲ့စိတ်ဓာတ်အရ သုံးကိုသုံးမယ် ” လို့ CDM တပ်ကြပ်ကြီး ဇေယျာက သုံးသပ်ပါတယ်။
 
ဓာတ်ပုံ – TNLA