ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတိုက်ပွဲမှာ PDF ခြောက်ဦးကျဆုံး

နိုဝင်ဘာ၊ ၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ခြောက်ယောက်ကျ ဆုံးပြီး နှစ်ဦးဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံက  သိရပါတယ်။

” များလွန်းတာကြီး ကျဆုံးတာက။ တနေကုန်စိတ်ထဲနေလို့မကောင်းဘူး။ အဖမ်းခံရတဲ့သူရောဆို ရှစ်ယောက်၊ ကိုးယောက်လောက်ကျတယ်လို့ ကျွန်မတို့လည်းကြားရတာပဲ။ တိတိကျကျကြီးတော့မပြောနိုင်ဘူး” လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် Telegram ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ် ဦးသေဆုံးပြီးနှစ် ဦးအရှင်ဖမ်းမိတယ်လို့ ကနဦးသတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ ကာကွယ်ရေးရဲဘော် ကိုး ဦးသေဆုံးပြီးသေနတ် ခြောက် လက်သိမ်းဆည်းရမိခဲ့တယ်လို့ ပြန်လည်ဖော်ပြခဲ့ကြပါတယ်။

” မနက်က ခြောက်ယောက်ကျတယ်။ သေနတ်ခြောက်လက်ပါသွားတယ်။ နှစ်ယောက်ဖမ်းဆီးခံရတယ်လို့သိတယ်။ ခု စစ်တပ်ကဖော်ပြတာမှာ ကျတာက ကိုးယောက်။ အဲ့ကျတဲ့စရင်းထဲမှာ အရှင်ဖမ်းဆီးခံရတဲ့ နှစ်ယောက်ပါ၊မပါမသိရဘူး။  ” လို့ ဂန့်ဂေါမြောက်ပိုင်း ဒေသခံတော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

 အဖမ်းခံရသူနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက အရှင်မထားလောက်ဘူးလို့ သူကဆက်ပြောပါတယ်။

အခုလို တော်လှန်ရေးရဲဘော်တွေကျဆုံးရတာဟာ မြောက်ခင်ရန်းစစ်ကောင်စီအဖွဲ့ဝင်တွေ သေသေ ချာချာပြင်ဆင်ထားတဲ့ထဲ  ဝင်ပေါက်မှားသွားတာကြောင့် ဖြစ်နိုင်တယ်လို့လည်း အဲဒီတော်လှန်ရေး ရဲဘော်က ဆိုပါတယ်။

ဒေသခံတော်လှန်ရေး ရဲဘော်တဦးနဲ့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ မြောက်ခင်ရန်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF )ခြောက်ဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရတယ်လို့သိရပြီး DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးကိုလည်း မသိရသေးပါဘူး။

ဂန့်ဂေါမြို့နယ် ၊မင်းရွာရဲစခန်းကို PDF တွေက နိုဝင်ဘာ ၃ ရက်၊ မနက်ပိုင်းမှာသိမ်းပိုက်ခဲ့ပါတယ်။

 အဲဒီနေ့ညမှာ  တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာစခန်းကိုစွန့်ခွာသွားကြပြီး လေးမိုင်အကွာက   မြောက်ခင်ရန်းရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေ နဲ့သွားရောက်ပူး ပေါင်းခဲ့ကြတယ်လို့သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ  မြောက်ခင်ရန်း၊ကုက္ကား၊ ဟံသာဝတီ ကျေးရွာတွေဟာ ဂန့်ဂေါ – ကလေး ကားလမ်းမပေါ်မှာ အစဉ်လိုက်ရှိတဲ့ပျူစောထီးကျေးရွာတွေဖြစ်ပါတယ်။