တလကျော်ကြာ တည်ငြိမ်နေတဲ့ ပြည်တွင်းရွှေစျေး အနည်းငယ်ပြန်လှုပ်

နိုဝင်ဘာ၊ ၃
 
ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ လယ်ကစပြီး အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃၄ သိန်းကျော်နဲ့ တည်ငြိမ်နေရာကနေ မနေ့ကစပြီး ရွှေဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာတယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေငြာပြီးတဲ့နောက် ရွှေဈေးနှုန်းဟာ တကျပ်သားကို သိန်းလေးဆယ်နီးပါး ဈေးမြင့်တက်ခဲ့ပြီး ရွှေဈေးဟာ နှစ်လခွဲနီးပါးလောက် မတည်မငြိမ်ဖြစ်ခဲ့တာပါ။
 
အဲဒီလို ရွှေဈေးနှုန်း မတည်ငြိမ်ဖြစ်ရာကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်ကနေ နိုဝင်ဘာ ၁ ရက်အထိ ရွှေဈေးနှုန်းဟာ အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၃၄ သိန်းကျော်နဲ့ တည်ငြိမ်ခဲ့ကာ မနေ့ကစပြီး ရွှေဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာပါတယ်။
 
ပြည်တွင်းရွှေစျေးဟာ နိုဝင်ဘာလ ၁ ရက်မှာ ၃,၄၈၅,၀၀၀ ကျပ်နဲ့ မနေ့က တကျပ်သားကို ၃,၅၀၀,ဝဝဝ ကျပ်၊ ဒီကနေ့မှာတော့ ၃,၅၅၀,ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပေမယ့် ၃,၅၀၀,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့တာပါ။
 
“ ရွှေကတော့ ပြောနေကျပါပဲ။ ဒေါ်လာဈေးကြောင့်နဲ့ ကမ္ဘာ့ရွှေကြောင့်ပဲ တက်တာပေါ့။ ဈေးကွက်ထဲလည်း နည်းနည်း အရောင်းလိုက်တယ် ပြောရမယ်။ ရွှေဈေးတက်ပေမယ့်လေ “ လို့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းက ရွှေကုန်သည်တဦးက ပြောပါတယ်။
 
ပြည်တွင်း‌ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကို စစ်ကောင်စီက ထိန်းချုပ်ထားတာကြောင့် တည်ငြိမ်နေတာသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေနေရ ရွှေဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်လာမှာလို့ ရွှေကုန်သည်တွေက ဆိုပါတယ်။
 
” ဒီထက်ပိုတက်လာနိုင်ချေရှိပါတယ်။ ကျတယ်ဆိုတာကလည်း စစ်ကောင်စီက ထိန်းချုပ်ထားလို့ပါ။ လက်ရှိနိုင်ငံရေးအရ ရွှေဈေးရော အခြား‌ရော ဈေးကတက်ကိုတက်မှာ ” လို့ အဲဒီရွှေကုန်သည်က ပြောပါတယ်။
 
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်ကြီးများအသင်းက မီးလင်းရွှေတကျပ်သားကို ၃,၁၀၅,၅ဝဝ ကျပ် သတ်မှတ်ထားပါတယ်။
 
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ နိုဝင်ဘာ ၂ ရက် မနေ့က တအောင်စကို ၁,၉၈၇ ဒေါ်လာအထိရှိပြီး ဒီနေ့မှာတော့ ၁,၉၈၈ ဒေါ်လာထိ ပေါက်ဈေးရှိနေတာပါ။
 
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ နိုဝင်ဘာ ၂ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၂၇ဝ ကျပ်၊ တယူရို ၃,၄၉၆ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၃၆၅ ကျပ်၊ တရုတ်တယွမ် ၄၅ဝ ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၀ ဒဿမ ၉၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
 
ဒါပေမယ့် နိုဝင်ဘာ ၃ ရက်ဒီကနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၂၇ဝ ကျပ်၊ တယူရို ၃,၄၈၁ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၃၆၅ ကျပ်၊ တရုတ်တယွမ် ၄၅၅ ကျပ်နဲ့ ထိုင်းတဘတ်ကို ၉ဝ ဒဿမ ၅၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး နေရာနဲ့ အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
 
ဓာတ်ပုံ – AFP