သိန္နီမြို့ကို ညီနောင်မဟာမိတ်အဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေ

အောက်တိုဘာ ၊ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်- မြန်မာ ကုန််သွယ်ရေး လမ်းကြောင်းမှာ အရေးပါတဲ့ သိန္နီမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို သုံးဖွဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ် ကိုးကန့်တပ် ( MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက DNA ကိုအတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာမြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တွေက သိန္နီမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ပြည်တွင်းသတင်တချို့မှာ ဖော်ပြနေတာရှိပေမယ့် အတည်ပြုလို့တော့ မရနိုင်သေးဘူးလို့ သူကဆိုပါတယ်။

“သိန္နီမြို့ ကိုသိမ်းပိုက်ထားတယ်ဆိုတဲ့သတင်းကို အတည်ပြုမရသေးဘူး ။အဲမှာရှိတဲ့ စစ်ကောင်စီတပ်တွကို ချေမှုန်းရန်အတွက် ချေမှုန်းရေး တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေပါတယ် ” လို့ လီကျာဝင်းက ဆိုပါတယ်။

ဒါ့အပြင် ပူးပေါင်းတပ်တွေဟာ သိန္နီမြိုမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ အထိုင် တပ်စခန်းတွေ အပါအဝင် သိန္နီမြို့ရဲစခန်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ)၁၆ နဲ့  နမ့်စလတ် ရဲစခန်းကို တိုက်ခိုက်နေတယ်လို့ သူကဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့(MNDAA)၊တအာင်းတပ်ဖွဲ့(TNLA) နဲ့ ရခိုင်တပ်တော် (AA) တို့ သုံးဖွဲ့ဟာ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ဒီလ ၂၇ ရက် မှာစတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ် အများစုက စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။

စစ်ဆင်ရေး သုံးရက်တာအတွင်း ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးဆယ်ကျော်လောက်ကို သိမ်းဆည်းရရှိတာရှိသလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရရှိထားပြီး စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ကိုးကန့်တပ်ရဲ့ ပြောခွင့်ရ လီကျာဝင်းက ဆိုပါတယ်။

“တပ်စခန်းအများဆုံးသိမ်းနိုင်တဲ့နေရာကတော့ ကျနော်တို့ ကိုးကန့်အထူးဒေသ(၁) ချင်းရွှေဟော်ဒေသရဲ့ တပ်စခန်းတွေအများဆုံးသိမ်းရထားတယ်။ စစ်သုံပန်းတွေကတော ့ဖမ်းဆီးရမိထားတယ် ။ဆယ်နဲ့ချီရှိတယ် အသေးစိပ်အချက်အလက်တော့ စုဆောင်းနေဆဲပါ ” လို့ သူဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ရာနဲ့ချီကို ချေမှုန်းနိုင်ခဲ့သလို တင်ကား နှစ်စီးကိုလည်း ဖျက်ဆီးခဲ့နိုင်တယ်လို့ သူကဆိုပါတယ်။

“ ချင်းရွှေဟော်မှာ ရှိတဲ့ တပ်စခန်းတခုကို ကျနော်တို့ သိမ်းပိုက်တိုက်ပွဲဆင်တဲ့အချိန် သူတို့ တင်ကားနှစ်စီးက ကျနော်တို့ လမ်းကြောင်းကို ပိတ်ဆို့ထားတာပေါ့နော်။ အဲလိုခြေနေမျိုးမှာ တင်ကားနှစ်စီးကို ဖျက်ဆီးလိုက်ပြီးတော့ အဲတပ်စခန်းကိုလည်း သိမ်းလိုက်တယ် ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီဖက်ကလည်း ရှမ်းမြောက်တိုက်ပွဲတွေမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်မျိုးစုံကို အသုံးပြုတိုက်ခိုက်တာတွေအပြင် ဖျက်အားပြင်း ဒုံးကျည်တွေနဲ့ပါ တိုက်ခိုက်တာမျိုးတွေကို ပါလုပ်ဆောင်နေတာပါ။

 ဒါပေမယ့် အဲဒီလိုတိုက်ခိုက်မှုတွေဟာမြောက်ပိုင်းမဟာမိတ်တပ်တွေထက် ပြည်သူလူထုကို သာအဓိက ထိခိုက်ရတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရသူဆိုပါတယ်။