အောက်တိုဘာ၊ ၂၁
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ဆက်စပ်ပြီး လူမှုကွန်ရက်မှာ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးနဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတို့ကြား ပြဿနာတွေ တက်နေကြပါတယ်။
၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ရရှိထားတဲ့ ပြင်သစ် တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ပြည်သူတွေအတွက် စာနာ ဝမ်းနည်းကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
တရားလက်မဲ့ ဗုံးကြဲမှုတွေဟာ ကလေးတွေနဲ့ အမျိုးသမီးတွေကိုတောင် ချမ်းသာမပေးခဲ့ဘူးလို့ ဘန်ဇီးမားက အစ္စရေးကို ရှုတ်ချတဲ့ သဘောမျိုး ဝေဖန်ထားခဲ့ပါတယ်။ ဒါကို ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂါရဲလ် ဒါမာနင်က ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ အစ္စရေး ပြည်သူတွေအတွက် ဘန်ဇီးမားက ဘာကြောင့် ချန်လှပ်ပြီး ဆုတောင်းပေးခဲ့သလဲ ဆိုတာမျိုး မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဘန်ဇီးမားဟာ မွတ်ဆလင် ဘရားသားဟုဒ် အဖွဲ့နဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတာ လူတိုင်းလည်း သိနေပြီးသား ကိစ္စလို့ ဒါမာနင်က ဆိုပါတယ်။ ဂါဇာအခြေစိုက် ဟားမားစ် အဖွဲ့ဟာ မွတ်ဆလင် ဘရားသားဟုဒ်ကနေ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကြီးရဲ့ ရပ်တည်မှုနဲ့ ပတ်သက်လို့ အငြင်းပွားစရာ အခြေအနေတွေ ရှိနေပြီး ဘာသာရေး အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိခဲ့ဖူးပါတယ်။
လက်ယာစွန်း သတင်း Channel တခုဖြစ်တဲ့ CNewsနဲ့ အင်တာဗျူးမှာ ဒါမာနင်က ဒဏ္ဍာရီလာ ဟိုက်ဒရာ သတ္တဝါကြီးလိုမျိုး ခေါင်းတလုံးကို ဖြတ်လိုက်ရင် နှစ်လုံး အသစ်ပေါက်လာတဲ့ မွတ်ဆလင် ဘရားသားဟုဒ်ကို ပြင်သစ်နိုင်ငံက တိုက်ခိုက်နေရကြောင်း၊ အဲဒီ အဖွဲ့အစည်းကြီးဟာ အစွန်းရောက် ဂျီဟတ်ဒ်ဝါဒကို ဖြန့်ဝေနေကြောင်း ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ဘောလုံးပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် ကစားနေတဲ့ ဘန်ဇီးမားရဲ့ ရှေ့နေကတော့ ဒါမာနင်ရဲ့ စွပ်စွဲချက်ကို အတိအလင်း ငြင်းဆိုပြီး ဝန်ကြီးဟာ မဟုတ်မမှန် လိမ်လည် ပြောဆိုခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။
ဘန်ဇီးမားဟာ ဘယ်တုန်းကမှ မွတ်ဆလင် ဘရားသားဟုဒ်နဲ့ ပတ်သက်မှု မရှိခဲ့ဖူးကြောင်း၊ အရပ်သား ပြည်သူတွေအပေါ် ဗုံးကြဲချနေတဲ့ ကိစ္စကို ဆန့်ကျင်ပြီး နစ်နာသူတွေအတွက် ဆုတောင်းပေးတယ် ဆိုတာဟာ ဟားမားစ်တွေအတွက် ဝါဒဖြန့်ပေးတာ မဟုတ်သလို အကြမ်းဖက် ဝါဒကို အားပေးတဲ့ ဘယ်လို သဘောထား ရပ်တည်ချက်မှ မပါဝင်ကြောင်း သူ့ရဲ့ရှေ့နေ ဟူဂူးစ် ဗီဂီရာက ပြောပါတယ်။
သူက ဝန်ကြီးရဲ့ စကားအပေါ် မကျေနပ်တာကြောင့် ဘန်ဇီးမားက တရားရေးအရ တုံ့ပြန်ဖို့ စဉ်းစားနေတယ်လို့တောင် ဆိုပါတယ်။ ဒါပေမဲ့ ဒါမာနင်ကတော့ သူ့ရဲ့ စကားကို ရုပ်သိမ်းဖို့ ငြင်းဆိုထားပါတယ်။
မွတ်ဆလင် ဘရားသားဟုဒ်ဟာ အီဂျစ်နိုင်ငံမှာ စတင် အခြေပြု ပေါက်ဖွားလာပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ပျံ့နှံ့သွားတဲ့ အစ္စလာမ်မစ် လှုပ်ရှားမှုကြီး တခုဖြစ်ပါတယ်။ ဆော်ဒီအာရေးဘီးယား၊ အီဂျစ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ တော်တော်များများမှာ အဲဒီ လှုပ်ရှားမှုကို ပိတ်ပင်ထားပေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအများစုမှာတော့ အရေးယူ ကန့်သတ်တာ မရှိသလို အကြမ်းဖက် အဖွဲ့အစည်း တခုအနေနဲ့ ကြေညာမထားဘူးလို့ သိရပါတယ်။