စက်တင်ဘာ ၊ ၉
(မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှုတွေမှာ သေးငယ်ပေမယ့် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မြင်လာရပါတယ်)
ပဋိပက္ခတွေ ပွေလီ ရှုပ်ထွေးနေတဲ့ အဖွဲ့ဝင်နိုင်ငံ မြန်မာနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ ပိုမိုတင်းမာတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ ဟန်ပြင်လာပုံ ရပါတယ်။ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား အစိုးရဟာ အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းမှု အခြေခံ အကျဆုံး ငြိမ်းချမ်းရေး အစီအမံတွေမှာ ဘာတိုးတက်မှုမှာ မရှိဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်း အသိအမှတ် ပြုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အခုသီတင်းပတ် ကျင်းပခဲ့တဲ့ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးမှာတော့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပဋိပက္ခ မီးလျံတွေ တောက်လောင်နေရာ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံက မြန်မာစစ်တပ်အပေါ် ပထမဆုံးအကြိမ် တိုက်ရိုက် ပြစ်တင် ဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။
အာဆီယံရဲ့ ထုတ်ပြန်ချက်မှာတော့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ကြမ်းကြုတ် ရက်စက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည် ဖော်နေတာတွေ ထင်သာမြင်သာ တိုးတက်မလာတာကို အလေးအနက် စိုးရိမ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ သဘောတူ အဆိုပြုခဲ့တဲ့ အဲဒီ ဘုံသဘောတူညီမှု ၅ ချက်ထဲမှာ မြန်မာနိုင်ငံက အကြမ်းဖက် လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့၊ ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်ဖို့ ဆိုတာတွေ ထည့်သွင်းထားပါတယ်။
အထင်ရှားဆုံး တချက်အဖြစ် အာဆီယံရဲ့ ကြေညာချက်မှာ ဆက်စပ် အဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် မြန်မာစစ်တပ်ကို လိပ်မူပြီး အကြမ်းဖက်မှုတွေ လျော့ကျစေရေး ဆောင်ရွက်ဖို့၊ အရပ်သား ပြည်သူတွေ၊ အိုးအိမ် အဆောက်အအုံတွေနဲ့ ကျောင်း၊ ဆေးရုံ၊ စျေး၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ကို တိုက်ရိုက်ရည်ညွှန်းလာတဲ့ အခြေအနေမျိုးက ဒါပထမဆုံး ဖြစ်ပါတယ်။ အာဆီယံဟာ မြန်မာ့အရေးမှာ အာဏာသိမ်း စစ်တပ်ကို တင်းတင်းမာမာ၊ ပြတ်ပြတ်သားသား ထိတွေ့ ကိုင်တွယ်နိုင်စွမ်း မရှိလို့ အပြင်းအထန် ဝေဖန် ခံနေရချိန်မှာ အခုလို အလှည့်အပြောင်းမျိုး တွေ့လာရတာပါ။ မြန်မာ စစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို လက်ခံပါ့မယ်လို့ ခေါင်းညိတ်ပြရင်း တဖက်မှာတော့ အပြောတမျိုး၊ အလုပ်တမျိုးဆိုတဲ့ အချိုးတွေကို အကြိမ်ကြိမ် အထပ်ထပ် ကျူးလွန်ပြနေခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကတော့ အဲဒီ ဘုံသဘောတူညီမှုတွေကို လက်တွေ့ အကောင်အထည်ဖော်မှု အခြေအနေမှာ ဘာတိုးတက်မှုမှ မရှိဘူးလို့ သတင်းထောက်တွေကို ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါတယ်။
‘ဘုံသဘောတူညီမှု ၅ ချက်အပေါ် အာဆီယံ ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်များ’လို့ ခေါင်းစဉ်တပ်ထားတဲ့ ကြေညာချက်မှာတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး သေးငယ်ပေမယ့် သိသာထင်ရှားတဲ့ အာဆီယံရဲ့ တုံ့ပြန်မှု အပြောင်းအလဲတွေကို မြင်လာရပါတယ်။ ပထမ တခုက အလွတ်သဘော အကြံပေး လုပ်ငန်းအစီအမံ တခုကို ဖော်ဆောင်မယ် ဆိုတာပါ။ အာဆီယံက အဲဒီ အစီအမံကို သုံးပွင့်ဆိုင် လုပ်ငန်းစဉ် ဆိုတာမျိုး သုံးနှုန်းပါတယ်။ အာဆီယံရဲ့ အနီးစပ်ဆုံး ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥက္ကဋ္ဌနဲ့ တာဝန်လွှဲယူမယ့် အနာဂတ် ဥက္ကဋ္ဌလောင်း သုံးနိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆောင်ရွက်ကြမယ့် အစီအမံ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကိုင်တွယ် တုံ့ပြန်မှုတွေ နှစ်အလိုက် ဆက်စပ်နေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်မနေဖို့ပါ။
အာဆီယံရဲ့ ကြေညာချက်မှာတော့ မြန်မာဟာ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် အခြေအနေကိုပါ စွန့်လွှတ်ရမယ်ဆိုတာ အတည်ပြုထားပါတယ်။ ဒါကလည်း အာဆီယံ ဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင်တွေက တာဝန်ယူပြီး ထိပ်သီး အစည်းအဝေးတွေ ကျင်းပတာမျိုးကို အနောက်မဟာမိတ် နိုင်ငံတွေရဲ့ သံတမန် အသိုက်အဝန်းက ဆန့်ကျင် ဆန္ဒပြပြီး အာဆီယံနဲ့ ဆက်ဆံရေး ထိခိုက်လာမှာကို စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌနေရာ သတ်မှတ်ချက်ဟာ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နာမည်အစ အင်္ဂလိပ် စာလုံး အက္ခရာစဉ်နဲ့ အလှည့်ကျ ပြောင်းလဲစေတာ ဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်မှာ မြန်မာရဲ့ အလှည့်ကျော်သွားပြီး အာဆီယံ ဥက္ကဋ္ဌ နေရာကို ဖိလစ်ပိုင်အတွက် လျာထားလိုက်ကြောင်း၊ နောက်ထပ် သီးခြား ဆုံးဖြတ်ချက် တခုခု ထွက်ပေါ်မလာခင် ဒီသဘောထားဟာ အတည်ဖြစ်ကြောင်း အာဆီယံ ကြေညာချက်မှာ ပါရှိနေပါတယ်။
မြန်မာဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ နေရာကနေ ဖယ်ပေးရဖွယ် ရှိတယ်ဆိုတာ အရင်လကတည်းက သတင်းထွက်ခဲ့ပေမယ့် အာဆီယံ ကြေညာချက်မှာတော့ ရှင်းလင်းပြတ်သားတဲ့ အချက်တချို့ ပါဝင်လာပါတယ်။ မူလက မြန်မာဟာ အာဆီယံ ဥက္ကဋ္ဌ နေရာကို တနှစ်လောက် ဆိုင်းငံ့ပြီး ၂၀၂၇ မှာ ပြန်ရယူဖွယ် ရှိတယ်လို့ ယူဆစရာ ဖြစ်ခဲ့ပေမယ့် အခုကြေညာချက် အရတော့ အခြေအနေတွေ တိုးတက်လာရင်တောင် ၁၀ နှစ်ကြာ တပတ်လည်အောင် ပြန်စောင့်ရတော့မယ့် အဓိပ္ပါယ်ပါပဲ။
နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ သုတေသီ တဦးဖြစ်တဲ့ အေရွန်ကော်နယ်လီကလည်း လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာ တခုကို မျှဝေ ရေးသားခဲ့တယ်။ သူက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနေရာ ဆိုင်းငံ့စေမှုဟာ ၂၀၀၆ ခုနှစ်နဲ့ ကွာခြားသွားကြောင်း ထောက်ပြထားပါတယ်။ အဲဒီတုန်းက မြန်မာ စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဟာ သူတို့ကိုယ်တိုင် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ခွင့်ကို စွန့်လွှတ်ပေးပါတယ်ဆိုတဲ့ သဘောမျိုး သိက္ခာဆယ် ကြေညာခွင့်မျိုးလေး အာဆီယံက ဖန်တီးပေးခဲ့သေးတယ်လို့ သူက ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီတကြိမ် အာဆီယံ ကြေညာချက်မှာတော့ အသုံးအနှုန်း၊ အရေးအသား အားလုံးက အဲဒီတုန်းကလို အနေအထားဆီ ဦးမတည်တော့ပါဘူး။ ကျန်တဲ့ အဖွဲ့ဝင် နိုင်ငံ ၉ ခုရဲ့ သဘောထား ဆန္ဒအရ မြန်မာရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ခွင့်ကို ဖယ်ထုတ်လိုက်တယ်ဆိုတာ အရမ်းထင်ရှား မြင်သာနေစေပါတယ်။
နောက်ပြီး အာဆီယံ ထုတ်ပြန်ချက်ဟာ ၂၀၂၁ ခုနှစ်၊ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း မြန်မာ စစ်တပ်ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေဟာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ တားမြစ်ခံထားရတဲ့ သတ်မှတ်ချက်ကို မပြောင်းမလဲ ဆက်လက် တည်တံ့စေမယ် ဆိုတာကိုပါ ထပ်လောင်း အတည်ပြုသွားပါတယ်။ အာဆီယံဟာ ဘုံသဘောတူညီမှု ၅ ချက် အကောင်အထည်ဖော်ရေး အားထုတ်မှုတွေမှာ ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မရှိမချင်း အဲဒီ သဘောထားကို ပြောင်းပစ်တော့မှာ မဟုတ်ပါဘူး။
တော်လှန်ရေး အစိုးရလို့ သတ်မှတ်ရမယ့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးကတော့ CAN သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကနေ ကန်ထုတ်ခံရခြင်းက အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခုလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ သူက အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် နောက်ထပ် ပြတ်သားတဲ့ ဒဏ်ခတ်မှု ခြေလှမ်းတွေ၊ ဥပမာအားဖြင့် အာဆီယံနဲ့ ဆက်စပ် အစည်းအဝေး အားလုံးမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ်မှန်သမျှ တက်ရောက်ခွင့် ပိတ်ပင်တာမျိုး ကိစ္စတွေ အကောင်အထည် ဖော်ပေးဖို့လည်း တိုက်တွန်း တောင်းဆိုသွားပါတယ်။
အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေဟာ အများမျှော်လင့်သလောက် အခြေအနေထိ ခြေလှမ်း ကျယ်ကျယ် မလှမ်းသေးဘဲ မြန်မာ့ အကျပ်အတည်း ဖြေရှင်းမှုမှာ သိပ်အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီမှု ၅ ချက်ကိုသာ အဓိက ကိုးကားရာအဖြစ် ဆက်လက် သတ်မှတ်ထားမယ်လို့ ပြောကြားထားတဲ့တိုင် အာဆီယံ ဥက္ကဋ္ဌ နေရာကို ယောင်လို့တောင် မမျှော်လင့်မိစေနဲ့ ဆိုတဲ့ တင်းမာပြတ်သားတဲ့ သတင်းစကားမျိုးကိုတော့ စစ်ဗိုလ်ချုပ်တွေဆီ အောင်အောင်မြင်မြင် ပေးပို့လိုက်ပါပြီ။ Xမှာ ကော်နယ်လီ ရေးသားထားတာက အခုကိစ္စနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ မြန်မာ မပါတဲ့ လက်ကျန် အာဆီယံ ၉ နိုင်ငံဟာ ဒီကြေညာချက်နဲ့ ပတ်သက်လို့ သိပ်ပြီး ခက်ခက်ခဲခဲတောင် မညှိရဘဲ သဘောတူညီမှု ရခဲ့ကြတယ်လို့ သိရပါတယ်။
ပြင်ပမှာ လူတွေ ထင်ကြေးပေးနေတာထက် ပိုပြီး မြန်မာကိစ္စမှာ အာဆီယံ နိုင်ငံတွေ စည်းစည်းလုံးလုံး ရှိခဲ့ကြကြောင်း၊ အထူးသဖြင့် ထိုင်းမှာ အခုသီတင်းပတ်အတွင်း အစိုးရ အပြောင်းအလဲ ဖြစ်သွားချိန်မှာ ဒီကိစ္စက ပိုသိသာလာကြောင်း ကော်နယ်လီက မှတ်ချက် ပေးထားခဲ့ပါတယ်။
နေပြည်တော်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေကလည်း ဒီအနေအထားကို သေချာပေါက် နားလည် သိမြင်ပါလိမ့်မယ်။ ဒီတော့ စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမူးရှူးတိုး ထုတ်ပြန်ချက်တခုမှာ သူတို့ဟာ အာဆီယံရဲ့ ကြေညာချက်ကို ကန့်ကွက်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ပါဘူးဆိုတဲ့ အာဆီယံ စံနှုန်းတွေကို ကျန်တဲ့ ၉ နိုင်ငံက ချိုးဖောက်ပါတယ် ဆိုပြီးလည်း စစ်တပ်က စွပ်စွဲထားပါသေးတယ်။
မူအားဖြင့်တော့ အာဆီယံ ကြေညာချက် မတိုင်ခင် မူကြမ်းအဆင့်မှာ မြန်မာကို အသိပေးပြီး ဆွေးနွေး အကြံယူတာတွေ ရှိခဲ့ပေမယ့် မြန်မာရဲ့ အမြင်နဲ့ သဘောထားတွေကိုတော့ အလေးထား ထည့်သွင်းမှု မရှိခဲ့ဘူးလို့လည်း စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် အာဆီယံ ကြေညာချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ဆုံးဖြတ်ချက်တွေကလည်း တဖက်သတ်ဆန်ပြီး ဘက်လိုက်လွန်းတယ်လို့ ရှုတ်ချထားပါတယ်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာ အာဏာသိမ်း မြန်မာစစ်တပ်ဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက အရာရှိတွေကို ဖိတ်ကြားပြီး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စတွေကို ရှုထောင့် မျိုးစုံအတွက် ဆွေးနွေးခဲ့တာကလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်လောက်ပါဘူး။ ဒါဟာ စစ်တပ်ဟာ အာဆီယံရဲ့ သတိပေးချက်တွေကို မျက်ကွယ်ပြုပြီး သူတို့ရဲ့ အာဏာကို မြဲမြံအောင် ဆက်ထိန်းမယ် ဆိုတာရယ်၊ အာဆီယံအစား အိမ်နီးချင်း နိုင်ငံတချို့အပြင် ရုရှားနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ဦးတည်မယ် ဆိုတာတွေရယ်ကို အချက်ပြလိုက်တာ ဖြစ်ပါတယ်။
အာဆီယံ အနေနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်ချက်တွေအရ မြန်မာစစ်တပ်ကို အတင်းအကျပ် ဖိအားပေးတာမျိုးတွေ လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ အကျပ်အတည်း ဖြေရှင်းမှုနဲ့ ပတ်သက်လို့ အာဆီယံက လေးလေးနက်နက် ရှေ့တိုးလုပ်ဆောင်တာတွေ မရှိဘူးဆိုရင် အနည်းဆုံးတော့ အဖွဲ့အစည်းရဲ့ နိုင်ငံတကာ မျက်နှာစာမှာ ရပ်တည်မှု အခြေအနေတွေ မှေးမှိန် ထိခိုက်သွားနိုင်တာ အမှန်ပါပဲ။
(The Diplomat၏ ASEAN Tweaks Its Approach Toward Military-Ruled Myanmar ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)