မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှု ခရီးလမ်း၏ တိုးတက်မှုများကို ဆန်းစစ်ပိုင်းဖြတ်ခြင်း

စက်တင်ဘာ ၊ ၂

(တော်လှန်ရေး အင်အားစုတွေဟာ တချို့သော အပိုင်းတွေမှာ ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေ ရရှိနေပေမယ့် တချို့ကဏ္ဍတွေမှာတော့ မျှော်မှန်းချက်ကို အမီလိုက်ဖို့ ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်)

 အာဏာသိမ်း စစ်အစိုးရကို စိန်ခေါ်ဖို့ အပြိုင်ရပ်တည်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ လက်အောက်ခံ လက်နက်ကိုင် တ ပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကို ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ စတင် ဖွဲ့စည်းလိုက်ပါတယ်။ PDFရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မတရား သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီကို အမြစ်လှန်ပြီး ဖြုတ်ချဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီဝင် အများစု ဦးဆောင်နေတဲ့ NUGဟာ မြန်မာစစ်တပ်ကို နှစ်ရှည်လများ ရင်ဆိုင် တိုက်ခိုက်နေတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၄ ခုနဲ့ စစ်ရေးအရ အားကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ အဲဒီ EAOတွေကို အတိုကောက် အနေနဲ့ K3Cလို့ ခေါ်ဝေါ်ပြီး အတိအကျ ပြောရရင်တော့ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU), ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသား တပ်ဦး (CNF)တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် NUGက တခြား EAOတွေ၊ အထူးသဖြင့် တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ သိပ်ပြီး ထင်သာမြင်သာ မဟုတ်ပေမယ့် ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိနေပါသေးတယ်။

 

စစ်ကောင်စီအပေါ် ခုခံစစ်ပွဲတွေ စတင်ခဲ့တာ ၂ နှစ်လောက် ကြာမြင့်လာတဲ့ အချိန်ထိ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရဲ့ အဓိက မြို့ကြီးတွေကို ခြေကုပ်မြဲမြဲ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေကလည်း နယ်ခြားဒေသတွေနဲ့ တိုင်းရင်းသား ပြည်နယ်တွေထဲက မြို့ငယ်တွေ အပါအဝင် ထိန်းချုပ် နယ်မြေတွေကို တဖြည်းဖြည်း ချဲ့ထွင်ပြီး သိမ်းယူလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် NUGရဲ့ မဟာမိတ် EAOတွေ ကာလရှည်ကြာ ထိန်းချုပ်ထားခဲ့ပြီး ရှိရင်းစွဲ နယ်မြေတွေလည်း ရှိနေပါသေးတယ်။ ထိန်းချုပ်နယ်မြေတွေ တိုးပွားရရှိရေး ပြိုင်ပွဲက အရှိန်မြင့်လာတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားရေးရာ အကျပ်အတည်းတွေကလည်း တဆက်တည်း ပါလာပါတော့တယ်။ ဇူလိုင် ၃၀ ထိ အခြေအနေအရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁.၉ သန်းကျော် ရှိနေပြီး အဲဒီထဲက ၁.၅၉ သန်းဟာ အာဏာသိမ်းမှု နောက်ပိုင်းမှ စစ်ရှောင်ဘဝ ရောက်လာတာလို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

 

လူ့အခွင့်အရေး ရှုထောင့်က ကြည့်မယ် ဆိုရင်တော့ စစ်ကောင်စီကို ဆန့်ကျင်လို့ အရပ်သား ၃၈၅၀ ထက်မနည်း သတ်ဖြတ် ခံရပြီး ၂၄၁၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရကြောင်း၊ အဲဒီထဲက ၁၅၈ ဦးဟာ သေဒဏ် စီရင်ချက် ချမှတ် ခံထားရကြောင်း ဒေသခံ အန်ဂျီအို အဖွဲ့အစည်း တခုရဲ့ စာရင်းတွေအရ သိရပါတယ်။ မေလ ၃၁ ရက်ထိ ကောက်ယူထားတဲ့ အချက်အလက်တွေကို ကြည့်ရင် မြန်မာနိုင်ငံ အနှံ့မှာ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၇၀၃၂၄ လုံးထိ ရှိလာခဲ့ပါတယ်။ မှတ်သားထားသင့်တဲ့ အခြေအနေ တခုက ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ထင်သာမြင်သာ ထုတ်ပြန်ထားတဲ့ သတင်းဖော်ပြချက်တွေနဲ့ မြန်မာစစ်တပ် ကျူးလွန်တဲ့ လုပ်ရပ်တွေကိုသာ အခြေခံ ကောက်ယူထားတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ ကျူးလွန်နိုင်ခြေရှိတဲ့ ကိစ္စတွေတော့ မပါဝင်ပါဘူး။ အဲဒီ အချက်အလက်တွေ စုယူဖို့ ရင်းမြစ်အရလည်း အားနည်းလွန်းပါတယ်။ သေချာတာ တခုကတော့ လက်ရှိ နိုင်ငံရေး ရာသီဥတု အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရုန်းကန်ရတဲ့ ဖြတ်သန်းမှုတွေဟာ ခပ်မြန်မြန် ပြီးဆုံးသွားမယ့် အလားအလာ မရှိသေးဘူး ဆိုတာပါပဲ။

 

ကမ္ဘာ့ သမိုင်းကို လှန်လှောကြည့်မယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ အောင်နိုင်မှုနဲ့ ကျရှုံးမှုတွေကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်စေတဲ့ အခြေခံ စံနှုန်းတွေကို ကောက်နုတ်ကြည့်လို့ ရပါတယ်။ အခု ဆောင်းပါးကတော့ မြန်မာ့ တော်လှန်ရေးနဲ့ ပတ်သက်လို့ အားသာချက်၊ အားနည်းချက်တွေကို အဓိက အရေးကြီးတဲ့ ဧရိယာ ၅ ခုအတွက် ဆန်းစစ် အကဲဖြတ်ထားတာ ဖြစ်ပါတယ်။ အကြောင်းအရာအလိုက် အမြင့်ဆုံး ရနိုင်ခြေကို ၁၀ မှတ်အဖြစ် သတ်မှတ်ပေးထားပါတယ်။

 

လူထု ထောက်ခံမှု (၁၀ မှတ်)

အာဏာသိမ်းလိုက်တဲ့နောက် တပ်မတော် တဖြစ်လဲ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတချို့ကို အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ (စစ်ကောင်စီ)ထဲမှာ နေရာပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား ပြည်နယ်တွေထဲမှာ အုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်ခြေကို လျှော့ချထားစေချင်လို့ ဖြစ်ပါတယ်။ လူများစု ဗမာတိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်မ ဒေသတွေမှာတော့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာမယ် ဆိုတာကို ကြိုတင် တွက်ဆထားဟန် ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ မှန်းချက်တွေက တက်တက်စင် လွဲပါတယ်။ အဲဒီအကြောင်း သူတို့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကိုယ်တိုင် နောက်ပိုင်း အင်တာဗျူး တခုမှာ ပြန်ဝန်ခံခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ ပြည်လုံးကျွတ် အုံကြွမှုကြီးအသွင် ကျယ်ပြန့်သွားခဲ့ပါတယ်။ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။ ဒါပေမဲ့ လူထုက လက်လျှော့မသွားခဲ့ပါဘူး။ ပြည်လုံးကျွတ် အသံတိတ် သပိတ်တွေကို သတ်မှတ်နေ့တွေမှာ တညီတညွတ်တည်း ပါဝင် ဆင်နွှဲရင်း၊ ညပိုင်းဆိုရင် သတ်မှတ် အချိန်အပိုင်းအခြား တခုရောက်တိုင်း သံပုံးတွေတီး တောခြောက်ရင်း အာဏာသိမ်း စစ်တပ်အပေါ် သူတို့ရဲ့ စက်ဆုပ်မှုကို ပြသခဲ့ကြတယ်။ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေအပေါ် လူမှုရေး ပြစ်ဒဏ်ခတ်မှုတွေ စတင်လာကြတယ်။

 

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ဟာ ပြည်သူ့ဝန်ထမ်းတွေကြားမှာ တော်လှန်ရေး အခြေခံမူ တခုအဖြစ် လျင်လျင်မြန်မြန် ဆင့်ကဲပြောင်းလဲ လာတယ်။ CDMကို လာရောက် ပူးပေါင်းသူတွေထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေပါ ပါတယ်။ NUGက ၂၀၂၁ ခုနှစ်၊ နှစ်လယ်လောက်ထိ အခြေအနေအရ CDMမှာ ပူးပေါင်းလာတဲ့ ဝန်ထမ်းပေါင်း ၃၆၀၀၀၀ လောက် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ CDMဟာ နိုင်ငံတကာရဲ့ အာရုံကို ပြင်းပြင်းပြပြ ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆု အတွက်တောင် ဆန်ခါတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။ နောက်တော့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ တင်းပြည့်ကျပ်ပြည့် လက်နက်ကိုင် တော်လှန်မှု ပြည်တွင်းစစ်ပွဲအသွင် ပြောင်းလဲလာတဲ့ အခါမှာလည်း မြန်မာ ပြည်သူတွေ၊ အထူးသဖြင့် ပြည်ပရောက် မြန်မာ့ လူ့အဖွဲ့အစည်းတွေဟာ NUGရော၊ သက်ဆိုင်ရာ EAOတွေကိုပါ ရန်ပုံငွေ ဝိုင်းဝန်း ကူညီရှာဖွေ ထောက်ပံ့ပေးခဲ့ကြပါတယ်။ တော်လှန်ရေး အဓွန့်ရှည် တည်တံ့နေခြင်းရဲ့ အကြောင်းတရားတွေ အားလုံးထဲမှာ လူထု ထောက်ခံမှုဟာ ထိပ်ဆုံးနေရာက ပါဝင်နေပါတယ်။

 

နိုင်ငံတကာ ထောက်ခံမှု (၄ မှတ်)

လူထုထောက်ခံမှုဟာ မြန်မာ့ တော်လှန်ရေးရဲ့ အားအကောင်းဆုံး အပိုင်းလို့ ပြောမယ်ဆိုရင် နိုင်ငံတကာ အကူအညီနဲ့ အထောက်အပံ့တွေကတော့ အားနည်းတဲ့ အမှောင်ခြမ်းလို့ သတ်မှတ်ရပါမယ်။ အာဏာသိမ်းမှု အပြီး မြန်မာပြည်သူတွေက မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကနေ လူထုကို အကာအကွယ် ပေးဖို့အတွက် ပြည်ပ လက်နက်ကိုင် စွက်ဖက်မှုမျိုးကို တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အမေရိကန်ဟာ စစ်တပ်အပေါ် လူ့အခွင့်အရေး ရှုထောင့်ကနေ ချဉ်းကပ်ပြီး အစီအစဉ်တကျ အရေးယူ ပိတ်ဆို့တာတွေ၊ ဖိအားပေးတာတွေကို ဦးဆောင် အရေးယူနေရင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကိုလည်း မြန်မာ့အရေး ကူညီဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် ဆက်လက် အကောင်အထည်ဖော်ရေး တွန်းအားပေးနေခဲ့ပါတယ်။

 

ဒါပေမဲ့လည်း အဲဒီလောက် အားထုတ်မှုမျိုးနဲ့တော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ထိထိရောက်ရောက် တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ ယုတ်စွအဆုံး အမေရိကန်ဟာ Quad မဟာမိတ် အဖွဲ့ဝင် မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ကိုတော့ မြန်မာ့ အကျပ်အတည်းမှာ ပူးပေါင်း အဖြေရှာကြဖို့ မစည်းရုံးနိုင်ခဲ့ပါဘူး။ နိုင်ငံတကာ ပံ့ပိုးမှု ကဏ္ဍတခုလုံးမှာဆိုရင် အမေရိကန် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဘားမား အက်ဥပဒေ တခုသာ ထင်ရှားမြင်သာတဲ့ အထောက်အပံ့ တခုအဖြစ် မြင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ၆ လကျော် ကြာလာတဲ့ထိ အဲဒီ အက်ဥပဒေနဲ့ ကိုက်ညီပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ အကောင်အဖော် လုပ်ဆောင်မှုတွေတော့ မတွေ့ရသေးပါဘူး။ တဖက်မှာတော့ မြန်မာ စစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်ကလွဲလို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ပါတယ်။ ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားဆီက ဒေါ်လာ ၄၀၆ သန်းဖိုးနဲ့ တရုတ်ဆီက ဒေါ်လာ ၂၅၄ သန်းဖိုး အပါအဝင် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးလောက် ဝယ်ယူ တင်သွင်းထားနိုင်ပါတယ်။

 

အားကောင်းပြီး ဩဇာပြည့်ဝသည့် ခေါင်းဆောင်မှု (၆ မှတ်)

အများအပေါ် လွှမ်းမိုးနိုင်ပြီး ဩဇာ တိက္ကမနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်မှုမျိုးဟာ ပြည်သူလူထုကို တသားတည်း စည်းရုံးရာမှာ၊ ယုံကြည် ထောက်ခံသူတွေကို စိတ်ဓာတ် မြှင့်တင်ပေးရာမှာ၊ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ဆွဲဆောင်ရာမှာ၊ ရန်သူကို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ထိုးနှက်ရာမှာ သိပ်ကို အရေးပါတဲ့ အရည်အသွေးတခု ဖြစ်ပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထင်ရှားတဲ့ ခေါင်းဆောင် တယောက်က ဦးဆောင်ဦးရွက် လုပ်လာမှာကို အင်မတန် ကြောက်ပါတယ်။ ဒါကြောင့်လည်း သမ္မတ ဦးဝင်းမြင့်နဲ့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာရပါတီ ခေါင်းဆောင်တွေကို အာဏာသိမ်းတဲ့နေ့ မနက်ခင်း ကတည်းက ဖမ်းဆီးထားပြီး အခုထိ ပြန်မလွှတ်သေးတာ ဖြစ်ပါတယ်။

 

နောက်ပြီး ဦးမင်းကိုနိုင် အပါအဝင် NLDနဲ့ ဆက်နွှယ်ပြီး လူထုရဲ့ ယုံကြည်မှုကို ခံယူရရှိထားတဲ့ ပုဂ္ဂိုလ်မျိုးတွေကိုလည်း စစ်တပ်က ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဦးမင်းကိုနိုင်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင်အဖြစ် New York Times သတင်းဌာနက ရည်ညွှန်း ဖော်ပြတာ ခံခဲ့ရဖူးပါတယ်။ ရိုဟင်ဂျာ ပြဿနာတွေ နောက်ပိုင်းမှာ သိပ်ပြီး ထင်ထင်ပေါ်ပေါ် မရှိတော့ပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အဆင့်မှာတော့ သူဟာ ပြည်သူလူထုက မျှော်ကြည့်ရမယ့် နေရာဆီ ပြန်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ NUGမှာတော့ အံ့ဩစရာ ကောင်းလောက်အောင်ပဲ ဦးမင်းကိုနိုင်က အရေးကြီး အခန်းကဏ္ဍမျိုးကနေ ပါဝင်မနေပါဘူး။

 

NUGရဲ့ လက်ရှိ ယာယီ သမ္မတ ဒူဝါ လရှီးလာဟာ သူဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း၊ လူမှုစွမ်းရည်နဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကြောင့် အလေးအနက် ချီးကျူးခံရသူ တဦးပါ။ ဒါပေမဲ့ မလေးမစား သဘောမျိုးနဲ့ မဟုတ်ဘဲ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် သူ့ကို ယာယီ သမ္မတနေရာ ခန့်အပ်ထားတာဟာ NUGရဲ့ အယုံကြည် အားအထားဆုံး EAO တခုဖြစ်တဲ့ KIOကို ရည်ညွှန်းထားတဲ့ သင်္ကေတ တခုလောက်သာ ဖြစ်နေပါတယ်။ ဒူဝါ လရှီးလာက KIOနဲ့ အတော်လေး နီးစပ်သူအဖြစ် သတင်းထွက်နေပါတယ်။ အခုဆိုရင် NUG ယုံကြည်ရတဲ့ လက်နက်ကိုင် မိတ်ဖက် အဖွဲ့အစည်းတွေကြားမှာ ခေါင်းဆောင်သစ်တဦး ထွက်ပေါ်ဖို့ အချိန်တန်နေပြီလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာစီရယ်လ်က အားလုံးကို စုစည်းနိုင်ပြီး ဩဇာ တိက္ကမ ပြည့်ဝတဲ့ လူပုဂ္ဂိုလ် တဦးဖြစ်ပြီး လူထုနဲ့ ထိတွေ့ ချိတ်ဆက် လှုပ်ရှားမှုတွေဟာ အရမ်း ပရော်ဖက်ရှင်နယ် ပီသမယ်ဆိုရင် တော်လှန်ရေးမှာ အရမ်း အကျိုးများစေမယ်လို့ မှတ်ချက် ပေးထားပါတယ်။

 

လိုက်လျောညီထွေ ပြောင်းလဲမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း (၈ မှတ်)

သဘာဝအရဆိုရင် လက်နက်ကိုင် တော်လှန်ရေးတွေဟာ ခန့်မှန်းထားတာထက် ပိုကြာသွားတတ်သလို မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံလာရတတ်ပါတယ်။ ဒီတော့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းတွေဟာ တော်လှန်ရေး ကြာကြာ ရပ်တည်နိုင်စွမ်းနဲ့ အဆုံးသတ် အောင်ပွဲတွေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ PDFတွေ၊ NUGနဲ့ ဆက်စပ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF)တွေဟာ နိုင်ငံတကာဆီက ဘာအထောက်အပံ့မှ မရပေမယ့် စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ဒဏ်ကနေ ပြည်သူတွေကို ကူညီ ကာကွယ်ပေးဖို့ ပေါက်ဖွားလာကြတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကာလရှည်ကြာ တည်တံ့ခဲ့ပြီးဖြစ်တဲ့ EAOတွေဟာ PDFနဲ့ LDFတွေအတွက် နည်းစနစ်ပိုင်းနဲ့ ကျင့်ဝတ်ပိုင်း ထောက်ပံ့ပို့ချပေးတဲ့ အရင်းအမြစ်တွေ ဖြစ်လာပါတယ်။

 

EAOတွေ ကိုယ်တိုင်မှာပါ ပိုင်ဆိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် PDFနဲ့ LDFတွေဟာ အရေအတွက် တိုးပွားလာတာနဲ့အမျှ စစ်သုံးပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်ဖို့ ကြိုးစားလာပါတယ်။ အားကောင်းတဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ စစ်ဆင်ရေး အစီအမံတွေကို တည်ဆောက်ပြီး စစ်ရေး ကျင့်ဝတ် စည်းမျဉ်း တခုကို ဖော်ဆောင်လာကြပါတယ်။ ဆုငွေအပြင် အန္တရာယ်ကင်းအောင် ကာကွယ်ပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့အတူ စစ်ကောင်စီ ဘက်တော်သားတွေကို လက်နက်နဲ့ဖြစ်စေ၊ လက်နက် မပါဘဲလည်းဖြစ်စေ ဘက်ပြောင်း ခိုလှုံလာအောင် ဆွဲဆောင် သိမ်းသွင်းလာကြပါတယ်။ တော်လှန်ရေး အဖွဲ့တွေဟာ အရပ်ဖက်သုံး ဒရုန်းတွေကို ပြင်ဆင် မွမ်းမံပြီး စစ်မြေပြင်တွေမှာ ကွဲပြားတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးပြုကြပြန်တယ်။ ထောက်လှမ်းရေး သတင်းတွေ ရယူတာ၊ စစ်ပစ္စည်း အသုံးအဆောင်တွေ သယ်ယူပို့ဆောင်တာ၊ လက်လုပ် ဖောက်ခွဲရေး ပစ္စည်းတွေကို ကောင်းကင်ပေါ်ကနေ ကြဲချတာမျိုးတွေအတွက် ဒရုန်းတွေကို ဘက်ပေါင်းစုံ သုံးစွဲလာကြပါတယ်။ ဒီလိုမျိုး ကြံ့ကြံ့ခံပြီး အသည်းမာမာ ဇွဲပါပါ ရှေ့ဆက်နေတာကိုက တော်လှန်ရေး အဖွဲ့သားတွေက ရန်သူ့အပေါ် စိတ်ဓာတ်ရေးရာ အသာစီး ရနေစေတယ်။ မြန်မာစစ်တပ်က ငွေကြေးနဲ့ အာဏာအတွက်ပဲ စစ်တိုက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

 

ထိရောက်အားကောင်းသည့် ဗဟို စီမံခန့်ခွဲမှု (၆ မှတ်)

အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအဖြစ် စစ်ကောင်စီရဲ့ သွေးချောင်းစီး လုပ်ရပ်တွေကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတင် မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၃၀၉ ခုလောက် ပေါ်ထွန်းလာခဲ့ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက အနည်းဆုံး အဖွဲ့ဝင် ၅၀ ကနေ ထောင်နဲ့ချီ များပြားတဲ့အထိ အမျိုးမျိုး ကွဲပြားပါတယ်။ အများ မျှော်လင့်ထားတဲ့ ဖက်ဒရယ် တပ်မတော်ကို ဖန်တီး တည်ဆောက်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေအရ NUGဟာ ရှိရင်းစွဲ EAOတွေရဲ့ ချိတ်ဆက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရင်း PDFကို ရှေ့ပြေး လက်နက်ကိုင် အင်အားစုအဖြစ် ဖော်ဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ NUGက သူတို့ရဲ့ လက်နက်ကိုင် အင်အားဟာ ၅၀၀၀၀ နဲ့ ၁၀၀၀၀ ကြားထိ ဖြန့်ကျက်လာနိုင်ပြီး အဲဒီထဲက ၃၀၀၀၀ လောက်ကတော့ NUGရဲ့ စစ်ရေး စီမံခန့်ခွဲမှု အောက်မှာ တိုက်ရိုက်မရှိဘဲ လှုပ်ရှားနေတယ်လို့ ပြောပါတယ်။ လုံခြုံရေး သုတေသီ တဦးဖြစ်တဲ့ ဦးရဲမျိုးဟိန်းကတော့ ၂၀၂၂ ခုနှစ်မှာ LDF အဖွဲ့ပေါင်း ၁၀၀ ကျော်၊ တနည်းအားဖြင့် စုစုပေါင်း အဖွဲ့အရေအတွက်ရဲ့ ၂၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ဟာ NUGဆီမှာ ပူးပေါင်းခဲ့ကြောင်း ပြောပါတယ်။

 

တခြား လက်နက်ကိုင် အင်အားစုတွေနဲ့ နောက်ထပ် ပေါင်းစည်းဖို့အတွက် အဓိက အခက်အခဲ တခုကတော့ NUGက ရေရှည်အတွက် ပုံမှန် အထောက်အပံ့တွေ ပေးပို့နိုင်စွမ်း မရှိခြင်းပါပဲ။ အဖွဲ့အစည်း အနည်းအကျဉ်းလောက်ကတော့ အယူဝါဒရေးရာ အခြေအနေတွေကြောင့် NUGနဲ့ ပေါင်းစည်းဖို့ ငြင်းဆန်တာမျိုး ရှိခဲ့ပါတယ်။ အကြောင်းကတော့ NUG ဆိုတာက NLDရဲ့ လွှမ်းမိုးမှု အောက်မှာပဲ ရှိနေတယ်လို့ ယုံကြည်တာကြောင့်ပါ။ စစ်မှုရေးရာနဲ့ ပတ်သက်လို့တော့ စစ်ရေး စီမံခန့်ခွဲမှုတွေ၊ PDFတွေအပေါ် ထိန်းကျောင်းမှုတွေမှာပါ NUGဟာ လက်တွဲဖော် EAOတွေအပေါ် အများကြီး မှီခိုနေရဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ EAOတွေကလည်း PDFတွေ၊ ဒါမှမဟုတ် LDFတွေအပေါ် နည်းဗျူဟာပိုင်းနဲ့ လက်နက်တွေ ထောက်ပံ့ပေးရင်း သူတို့ရဲ့ အပြိုင် ဩဇာလွှမ်းမိုးမှု အားကောင်းအောင် အာရုံစိုက် လုပ်ဆောင်နေပြန်ပါတယ်။ ဦးရဲမျိုးဟိန်းကတော့ မြေပြင်မှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တချို့က တိုးတက်မှုတွေ ရုပ်လုံးပေါ်လာနေတဲ့တိုင် တော်လှန်ရေး လှုပ်ရှားမှုမှာ ပတ်သက်နေတဲ့ မဟာမိတ် နိုင်ငံရေး အခင်းအကျင်းဟာ မတည်မငြိမ် ရှိနေဆဲပဲလို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။

 

အနှစ်ချုပ်

၂၀၁၀ ပြည့်လွန် နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံရေး လွတ်လပ်ခွင့်၊ စီးပွားရေး အခွင့်အလမ်းတွေ ပိုမို ကျယ်ပြန့်လာသလို ပညာတတ် မျိုးဆက်သစ် တခုလည်း အခြေခိုင်ခိုင် ပေါ်ထွန်းလာပါတယ်။ အတိတ်တုန်းကလို စစ်အာဏာရှင် ကြီးစိုးတဲ့ ခေတ်ဆီ ပြန်လည် ဦးတည်လာချိန်မှာတော့ အဲဒီ အကြောင်းတရား အားလုံးဟာ အစွမ်းကုန် ခုခံတွန်းလှန်မယ့် တွန်းအားတွေ ဖြစ်လာပါတယ်။ ကြံ့ကြံ့ခံမှုနဲ့ ဇွဲသန်မှုတွေဟာ တော်လှန်ရေးကို ရှေ့ဆက်နိုင်အောင် လောင်စာ ဖြည့်ပေးနေပြီး ဒီအချက်ကတော့ စစ်ကောင်စီဖက်က တပ်သားတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ အမှန်ပါ။ စစ်သားတွေက အကျပ်အတည်း တခုခု ကြုံလာတာနဲ့ လက်နက်ချရင်ချ၊ ဒါမှမဟုတ် ဘက်ပြောင်း ခိုလှုံဖို့ အရင်ဆုံး တွေးနေကြပါပြီ။

 

တော်လှန်ရေးက တတိယမြောက် နှစ်အပိုင်းအခြားဆီ ချဉ်းနင်း ဝင်ရောက်လာတဲ့ အခါမှာ တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ ရှေ့ဆက် အင်အား တိုးချဲ့ဖို့ကို အသာထား၊ ရေရှည်ဆက်လက် တည်တံ့နိုင်ဖို့ အတွက်ပါ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာနေရပြီ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဘားမား အက်ဥပဒေဟာ တော်လှန်ရေး အဖွဲ့တွေရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျစေပြီး NUGက နောက်ထပ် တော်လှန်ရေး အင်အားစုတွေကို ဗဟို ထိန်းချုပ်မှု တခုတည်းအောက်မှာ ပိုမို ပေါင်းစည်းလာနိုင်အောင် အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာတော့ အဲဒီ အက်ဥပဒေဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေကို ရုပ်ဝတ္ထုထက် စိတ်ဓာတ်ရေးရာ အထောက်အပံ့လောက်ပဲ ပေးနိုင်မယ့် အလားအလာတွေ မြင်နေရပါတယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ မြန်မာနိုင်ငံမှာ အာဏာ လေဟာနယ် တခုက အချိန်အတော်ကြာ ဆက်လက် တည်မြဲနေမှာဖြစ်ပြီး ဘယ်ဖက်ကမှ မြန်မြန်ဆန်ဆန် ဖာထေး ဖြည့်ဆည်းနိုင်မယ့် အလားအလာလည်း မတွေ့ရသေးပါဘူး။ အကျိုးဆက်ကတော့ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ လူသားရေးရာ အကျပ်အတည်းတွေက ရှေ့ဆက်ပြီး ဆိုးသထက် ပိုဆိုးလာနိုင်ခြေ ရှိနေတယ် ဆိုတာပါပဲ။

 

(The Diplomat၏ Rating the Progress of Myanmar’s Resistance Movement ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)