လွမ်းမောဖွယ်ရာ ရန်ကုန်မြို့က နောက်ဖေးလမ်းကြားများ

သြဂုတ်၊ ၂၀
 
တချိန်က ကလေးကစားကွင်းတွေ၊ နံရံဆေးရေး အနုပညာလက်ရာတွေနဲ့ ချစ်စဖွယ်လှပသန့်ရှင်းခဲ့တဲ့ ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားတွေဟာ အခုချိန်မှာတော့ သန့်ရှင်းမှု မရှိတော့ဘဲ ယိုယွင်းပျက်စီးနေပြီး ပိတ်ဆို့ထားခဲ့ရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အရပ်သားအစိုးရ လက်ထက်တုန်းက ရန်ကုန်မြို့က နောက်ဖေး လမ်းကြားတွေကို ဒို့အိမ် လူမှုအကျိုးပြုရေးအဖွဲ့က စီမံချက်တွေနဲ့ ပန်းခြံငယ်ပုံစံ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့မှာ ဓါတ်ပုံရိုက်လည်ပတ်စရာ နေရာအဖြစ် ထင်ရှားခဲ့ပါတယ်။
 
အခုချိန်မှာတော့ နောက်ဖေးလမ်းကြားတွေကို ပြင်ဆင်နိုင်ခြင်း မရှိတော့သလို အများစုက ပျက်စီးယိုယွင်းနေပြီး တချို့နေရာတွေမှာတော့ အမှိုက်တွေ ပြည့်နေတဲ့ နောက်ဖေးလမ်းကြားတွေအဖြစ်ကို ပြန်ရောက်နေပါတယ်။
 
” အဲဒီလမ်းရောက်တိုင်း ကြည့်မိတယ်၊ ကိုယ်ဆွဲထားတဲ့ အနုပညာလက်ရာကို မြင်တိုင်း ကိုယ့်အနုပညာကို နှမြောမိတယ် ” လို့ နောက်ဖေးလမ်းကြားမှာ နံရံဆေးရေးပန်းချီ ဆွဲခဲ့တဲ့ လူငယ်အနုပညာရှင်တဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြားမှာ လူမှုအကျိုးပြုလုပ်ငန်း တွေဟာလည်း တခြားသော ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အတူရပ်ဆိုင်းသွားခဲ့ပါတယ်။
 
အလားတူပဲ လူငယ်တွေရဲ့လွတ်လပ်မှုနဲ့ ဖန်တီးမှုတွေဟာလည်း ဘက်ပေါင်းစုံက ချိုးဖောက်ခံနေရတဲ့ အခွင့်အရေးတွေနဲ့အတူ ဆိတ်သုန်းသွားခဲ့ရတယ်ဆိုတာ နောက်ဖေးလမ်းကြားက အနုပညာလက်ရာတွေကလည်း သက်သေထူနေပါတော့တယ်။
 
ဓာတ်ပုံ – ခွန်ရိပ်ဟိန်း