မြန်မာစစ်တပ်ဆီ လက်နက်တွေ ရောင်းချနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန်မှုတွေကို တောင်ကိုရီးယား ဖြေရှင်းငြင်းဆို

သြဂုတ် ၊ ၁၀

မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ထားတဲ့ သတ်မှတ်ချက်ဟာ မပြောင်းမလဲ ဆက်လက် တည်ရှိနေမယ်လို့ တောင်ကိုရီးယား အစိုးရက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ မြန်မာ သံအမတ်က တောင်ကိုရီးယားရဲ့ လက်နက် အရောင်းမြှင့်တင်ရေး ပြပွဲတခုဆီ ဖိတ်ကြားခံခဲ့ရတဲ့ ကိစ္စ ထွက်ပေါ်လာတဲ့နောက် အငြင်းပွားစရာ အခြေအနေတွေ ကြုံလာတဲ့အတွက် တောင်ကိုရီးယားက အခုလို ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

မေလတုန်းက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ စစ်ကောင်စီ ခန့်အပ်ထားတဲ့ မြန်မာ သံအမတ်ကြီး သန့်စင်ကို လက်နက် အရောင်းမြှင့်တင်ရေး အခမ်းအနား တခုဆီ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ လုပ်ရပ်ဟာ တောင်ကိုရီးယားက မြန်မာကို လက်နက်တွေ ရောင်းချချင်တဲ့ သဘောမျိုး သက်ရောက်ပြီး တချိန်တည်းမှာပဲ အာဏာသိမ်း စစ်တပ်ကို အသိအမှတ် ပြုသလိုမျိုး အဓိပ္ပါယ် ရောက်နေတာကြောင့် အလေးအနက် စိုးရိမ်သင့်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်က ဝေဖန်ခဲ့ပါတယ်။

၂၀၂၁ နှစ်ဆန်းပိုင်းမှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် အနောက်နိုင်ငံ အများစုက စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့သလို မြန်မာနိုင်ငံဆီ လက်နက် တင်ပို့ရောင်းချမှုတွေကိုလည်း တားမြစ်လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ ရုရှား၊ တရုတ်နဲ့ တခြားနိုင်ငံ တချို့ဆီက လက်နက်တွေကို ဝယ်ယူနေဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သံအမတ်ကြီး သန့်စင်ကို ဖိတ်ကြားခဲ့တဲ့ ကိစ္စဟာ မြန်မာနိုင်ငံဆီ စစ်လက်နက်တွေ တင်ပို့ခွင့် တားမြစ်ထားတဲ့ မူလ သဘောထားကို အပြောင်းအလဲ ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အရှုပ်အထွေးတွေ ပေါ်ပေါက်လာပြီး မကြာခင်မှာပဲ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု အားလုံး မြန်မာနိုင်ငံဆီ ပို့ဆောင်ခွင့် ရပ်ဆိုင်းထားကြောင်း၊ အဲဒီ သတ်မှတ်ချက်ဟာ ဆက်လက် တည်မြဲနေမှာဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အန်ဒရူးစ်ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ရုံးထိုင်တဲ့ တောင်ကိုရီးယားရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်ဆီ စာရေးသား ပေးပို့ပြီး တရားမဝင်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို အသိအမှတ်ပြုသလို ကိစ္စမျိုးမှာ မပတ်သက်မိဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အဲဒီ အထူးကိုယ်စားလှယ်ရဲ့ ရုံးကတော့ ပြီးခဲ့တဲ့လက ဖြေရှင်းချက် ထုတ်ပြန်ရာမှာ မြန်မာသံအမတ်ကို ဖိတ်ကြားတယ် ဆိုတာထက် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးကို မခြွင်းမချန် ဖိတ်ကြားမိခဲ့တဲ့ သဘောသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အန်ဒရူးစ်ကတော့ တောင်ကိုရီးယား အစိုးရ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ တရားဝင်လိုမှုကို ခါးခါးသီးသီး ငြင်းဆိုပေးပြီး မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရေးမှာလည်း ပိုမို ထဲထဲ​ဝင်ဝင် အကူအညီပေးဖို့ ပန်ကြားထားကြောင်း သိရပါတယ်။