တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စစ်ကောင်စီတပ်ပါင်းပြီး ဝက်မှေးရွာဟောင်းကို ခြံစည်းရိုးခတ်နေ

သြဂုတ် ၊ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီက လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး ဝက်မှေးရွာဟောင်းကို စီမံကိန်းဧရိယာအတွင်းထဲထည့် ခြံစည်းရိုးခတ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“ ကုမ္ပဏီက ဘာမှာ တစုံတရာမပြောဘဲ မြေလျော်ကြေးယူတာကော၊ မယူတာကောကို ပေါင်းပြီး ခြံစည်းရိုးခတ်လိုက်တာပေါ့” လို့ ဒေသခံအမျိုးသမီး တဦးကပြောပါတယ်။

‘’ကျူပ်တို့ကအခုထွက်မယ်ဆိုရင် ရွှေလှေရွာကို သွားမယ်လမ်းတပေါက်ပဲကျန်တော့တယ်။ သူတို့မှာခတ်ပိုင်ခွင့်မရှိဘူးလေ ။ဥပဒေမဲ့လုပ်လို့မရဘူး ပြီးတော့သူတို့က ဥပဒေချိုးဖောက်ရုံတင်မကဘူး။ လူခွင့်ရေးပါချိုးဖောက်ပြီးတော့ အကုန်လုံးပိတ်လောင်ခတ်တာ ထွက်စရာမရှိအောင်လုပ်နေတာ’’ လို့ ဖြည့်စွက်ပြောပါတယ်။

ကြေးနီထုုတ်လုပ်ရေး စီမံကိန်းဧရိယာအနားမှာရှိတဲ့ အဲဒီကျေးရွာကို ဝမ်ပေါင်းကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာလောက်အကူအညီနဲ့ ဒီလ ၃ ရက်လာက်ကစတင်ပြီး ခြံစည်းရိုးခတ်နေတာလို့ လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ရွာကိုစီမံကိန်းဧရိယာအတွင်းထဲထည့် ခြံစည်းရိုးခတ်နေတဲ့အတွက် အသက်ရွယ်အကြီးပိုင်းတွေနဲ့ ကလေးငယ်တွေကို တခြားနေရာတွေမှာ ရွေ့ပြောင်းထားရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“အခုလက်ရှိမှာတော့ ခတ်နေတုန်းပဲ ။အပေါက်ကမပိတ်သေးဘူးပေါ့ဗျ ။ကျူပ်တို့က ကလေးသူငယ်တွေနဲ့ သက်ကြီးတွေကို ခြံအပြင်ကို ဒီကနေ့မနက်ထုတ်ထားတယ် ။လူငယ်တွေကတော့ ရှိသေးတယ် ။သူတို့တစုံတရာပြောတာမရှိမချင်းမထွက်ဘူး ။နဂိုကတည်းကကျူပ်တို့ရွာ၊ ကျူပ်တို့နေတာ ဘယ်ကုမ္ပဏီမြေပေါ်မှာနေတာလည်းမဟုတ်ဘူး။ သူတို့ကလာကျူးကျော်တာပေါ့ ” လို့ အဲဒီဒေသခံ အမျိုးသမီးကဆိုပါတယ်။

ခြံစည်းရိုးခတ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းရှိနေတဲ့ ဒေသခံတွေ ထွက်သွားရန်အတွက် ခြောက်လှန်ပစ်ခတ်တာတွေလုပ်နေသလို ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လိုဆိုပါတယ်။

“ကျူပ်တို့က ထွက်ပေးလိုက်ရင် အခု(စစ်ကိုင်းမှာ) မီးရှို့ခံရတဲ့သူတွေထက်ဆိုးသွားမှာပေါ့ ။မီးရှို့ခံရသူတွေက အိမ်ကျန်သေးတယ်။ ကျူပ်တို့ကဘာမှာကျန်မှာကိုမဟုတ်ဘူး ။လုပ်ကိုင်စားဖို့ကျသူတို့ကမြေရှိတယ်။ကျုပ်ပ်တို့ကဘာမှာရမှာမဟုတ်ဘူး။တခါတည်းလမ်းဘေးရောက်မှာပေါ့ ။သူတို့ခတ်ပေမယ့် ဒီအတိုင်းနေမယ် ” လို့ ဒေသခံအမျိုးသမီးကဆိုပါတယ်။

ဝက်မှေးရွာဟောင်းကို စစ်ကောင်စီတပ်တွေက ရွာမြောက်ဖက်အခြမ်းမှာစတင်ပြီးခြံစည်းရိုးခတ်နေခြင်းဖြစ်ကာ လက်ရှိမှာ ရွာအရှေ့တောင်ဖက်ခြမ်းကို ရောက်ရှိနေပြီးြုဖစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ ပထမကသူတို့လမ်းလုပ်မယ်ထင်တာ။ ဝမ်ပေါင်ရဲ့မြေစာပုံကြီးကအရှေ့ဖက်က နေ အီပီစီလျှပ်စစ်ရုံးနားကနေ ကပ်ခတ်သွားတာ အရှေ့သွားမယ်ထင်တာပေါ့။မနေ့ကကျတော့ ကျူပ်တို့ကညောင်ကြီးဖက်ထွက်မရတော့ဘူး ။အရှေ့ထွက်လိုက်တော့လည်း ထန်းတောတောင်ဖက်ရောက်တော့ ငါ့တို့ခြံခတ်တယ်ဆိုတာ သိရတာပေါ့ ” လို သူကဆိုပါတယ်။

အဲဒီကျေးရွာမှာ အိမ်ခြေပေါင်း သုံးဆယ် ကျော်ရှိပြီး လူဦးရေ နှစ်ရာ ဝန်းကျင်ခန့်နေထိုင်နေသလို ကြေးနီ စီမံကိန်းဧရိယာနဲ့နီးစပ်နေတဲ့အတွက် မြေယာလျှော်ကြေး ရယူထားသူတွေရှိသလို မယူရသေးတဲ့သူတွေလည်း ကျန်နေသေးတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဝက်မှေးရွာဟောင်းကို စစ်ကောင်စီတပ်တွေက ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ စီမံကိန်းဧရိယာအတွင်း ထည့်ပြီး ခြံစည်းရိုးခတ်နေမှုကို ရပ်တန့်ထားဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ မြောက်ကမားပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

“ ဒေသခံတွေကို ညှိနှိုင်းတာ ဆွေးနွေးတာမရှိဘူး။ ဘာမှာလည်းမပြောဘဲ လုပ်တာပေါ့။ အခုုလို အချိန်မျိုးမှာ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ်မှာ ဒီလိုမျိုးလုပ်နေတာတွေက ရွံ့ဖို့ကောင်းတယ်။ ဒီကိစ္စတွေကို စစ်ကောင်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ခံရမယ် ” လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုကောင်းခန့်လင်းက ဆိုပါတယ်။

အခုလို ဝက်မှေးကျေးရွာဟောင်းကို ခြံစည်းရိုးခတ်နေတာ ရပ်တန်မပေးပါကာ ဖြစ်ပေါ်လာမယ် နောက်ဆက်တွဲဆိုးကျိုးတွေကို စစ်ကောင်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ယူဖြေရှင်းရမယ်လို့ မြောက်ကမား PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ကြေးနီကို အဓိကထုတ်လုပ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတည်ရှိရာ စစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေမတည်ငြိမ်တာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာတွေကြောင့် စီမံကိန်းတွေရပ်ဆိုင်းထားရတယ်လို့ သွေးစွန်းငွေတောက်လှုပ်ရှားမှုအဖွဲ့ရဲ့ ဇူလိုင်လက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရသိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက ကြေးနီကို တရုတ်နိုင်ငံဆီ အဓိကတင်ပို့နေပြီး ၂၀၂၁ ခုနှစ်မှာကြေးနီတင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၄၃၀ သန်း၊ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၆၀ သန်းရှိခဲ့တယ်လို့ အဲဒီအစီရင်ခံစာက ဆိုထားပါတယ်။