ဇူလိုင် ၊ ၂၉
ဘဏ္ဍာရေး ဟန်ချက်ညီမှုဆိုင်ရာ စည်းမျဉ်း (FFP)ကို ချိုးဖောက်ခဲ့တဲ့အတွက် အီတလီ ဘောလုံးကလပ် ဂျူဗင်းတပ်စ်ကို အခုရာသီ ဥရောပ ဘောလုံးပြိုင်ပွဲဝင်ခွင့်ကနေ ပိတ်ပင်ဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က ဆုံးဖြတ်လိုက်ပါတယ်။
ပုံမှန် အနေအထားမှာတော့ ဂျူဗင်းတပ်စ်ဟာ UEFA လက်အောက်ခံ ဥရောပအဆင့် ပြိုင်ပွဲတခုဖြစ်တဲ့ ကွန်ဖရင့်လိဂ်မှာ ဒီရာသီ ပါဝင်ကစားခွင့် ရထားပါတယ်။ ဒါပေမဲ့ ဂျူဗင်းတပ်စ်ဟာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ် အတောအတွင်း အသင်းရဲ့ ဘဏ္ဍာရေးနဲ့ အသုံးစရိတ်ဆိုင်ရာ မှတ်တမ်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ မတင်သွင်းဘဲ ထိမ်ချန်ထားခဲ့တာကြောင့် UEFAက အခုလို ထိထိရောက်ရောက် တုံ့ပြန် အရေးယူလိုက်တာ ဖြစ်ပါတယ်။
UEFAဟာ ဂျူဗင်းတပ်စ်ကို ပြင်းထန်တဲ့ ဒဏ်ကြေးတရပ်လည်း ချမှတ်ခဲ့ပါသေးတယ်။ ဂျူဗင်းတပ်စ်ဟာ စတာလင်ပေါင် ၁၇.၁၄ သန်း ဒဏ်ကြေး ပေးဆောင်ရပြီး အင်္ဂလန်ကလပ် ချဲလ်ဆီးကလည်း FFP ပြဿနာကြောင့် ဒဏ်ကြေး စတာလင်ပေါင် ၈.၅၇ သန်း ချမှတ် ခံခဲ့ရကြောင်း သိရပါတယ်။
UEFA တာဝန်ရှိသူတွေက တကယ်လို့ လာမယ့် ၃ နှစ်အတွင်း ဂျူဗင်းတပ်စ် အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်း အချက်အလက်တွေကို သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ တင်ပြမယ်ဆိုရင် ဒဏ်ကြေးရဲ့ ထက်ဝက်ကိုပဲ ပေးဆောင်ရမယ်လို့ ပြောပါတယ်။ ချဲလ်ဆီးကတော့ UEFA သတ်မှတ်တဲ့ ဒဏ်ကြေးကို ပေးချေသွားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်အတွင်း အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေး လက်ထက်မှာ ကစားသမားသစ် ၁၉ ဦးအတွက် စတာလင်ပေါင် သန်း ၆၀၀ လောက် အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ချမှတ်ခံရတဲ့ ဒဏ်ကြေးကတော့ ဘိုလေးလက်ထက် အပြောင်းအရွှေ့ လှုပ်ရှားမှုတွေနဲ့ မသက်ဆိုင်ဘဲ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ်ချ် လက်ထက်က စီမံခန့်ခွဲမှုတွေနဲ့သာ အကျုံးဝင်တယ်လို့ သိရပါတယ်။
ဂျူဗင်းတပ်စ် ဥက္ကဋ္ဌ ဂီယန်လူက ဖာရာရိုက သူ့အသင်းဟာ ဘယ်လို ရည်ရွယ်ချက်ပါတဲ့ အမှားမျိုးကိုမှ မကျူးလွန်ခဲ့ပေမယ့် UEFAက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်တာ ခံခဲ့ရလို့ စိတ်မကောင်း ဖြစ်မိကြောင်း၊ အသင်းက အခုစီရင်ချက်တွေကိုတော့ အယူခံ ဝင်သွားမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။