ခမ်းပတ်မြို့မှာတိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားတဦးသေဆုံး

 

ဇူလိုင် ၊ ၂၃

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ အာရှလမ်းမကြီးဘေးမှာရှိတဲ့ ခမ်းပတ်မြို့ မှာဇူလိုင် ၂၂ ရက်၊ ည ၇ ကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ထိမှန်တာကြောင့် ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက် ဘုရားကျောင်းရှေ့က အရပ်သားဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” အိမ်ထဲမှာနေတာကိုလာမှန်တာပါ။ မနေ့ကစ စစ်ရေးတင်းမာနေတာ။ ခမ်းပတ်မြို့ထဲလူကိုရှင်းနေတာ။ တိုက်ပွဲဖြစ်မယ်လို့ မှန်းဆပြီး ကိုယ့်အိမ်ကိုယ်နေတာကိုလာမှန်တာပါ” လို့ ဒေသခံတဦးကပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားရာမှာခမ်းပတ်မြို့၊ရဲစခန်းကစစ်ကောင်စီအဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် ချင်းအမျိုးသားလူငယ် ဆန်းပီး( Sang Pi) ဟာ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေစစ်ရေးတင်းမာနေတာ နှစ်လဝန်းကျင်ကြာမြင့်နေပြီဖြစ်တယ်လို့လည်း ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောကြ ပါတယ်။

” ခမ်းပတ်ရဲစခန်းက PDF ရဲဘော်နှစ်ယောက်ကိုပြီးခဲ့တဲ့ဆယ်ရက်လောက်က ဖမ်းတာရော၊တနေ့က နှစ်ယောက်ထပ်ဖမ်းတယ်လဲကြားတယ်။ အဲဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေက စခန်းကိုတိုက်တာ” လို့ ဒေသခံတဦးကပြောပါတယ်။

ခမ်းပတ်စစ်ကောင်စီစခန်းက ဒေသခံကာကွယ်ရေးရဲဘော် PDF နှစ်ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတချို့ကပြောဆိုပြီး ဒေသခံတချို့ကတော့ ဖမ်းဆီးခံရသူတွေဟာ အရပ်သားတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးပေမယ့်  ဒေသတွင်းစစ်ရေးတင်းမာမူတွေကြောင့် ကလေးကနေ ခမ်းပတ်ဘက်ကိုသွားတဲ့ကားတွေ ဇူလိုင် ၂၂ ရက် မနေ့ကစ ပြီးကလေးဘက်ကိုပြန်လှည့်ခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

တမူးမြို့နယ်အတွင်း စစ်ရေးတင်းမာမူတွေကြောင့်   ကလေးကနေ တမူးကို အာရှလမ်းမကြီးအတိုင်း တိုက်ရိုက်သွားလာလို့မရဘဲ ဘုက္ကန်ကျေးရွာကနေ အိန္ဒိယနိုင်ငံထဲအတိုင်း တမူးမြို့ကိုသွားလာနေရတာ တလခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

 လတ်တလောမှာတော့ ကလေးနဲ့ဘုက္ကန်ကြားက ခမ်းပတ်မြို့မှာ ဖြစ်ပွားနေတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတွေဒီနေ့အထိဘုက္ကန်ကိုသွားလာလို့မရသေးဘူးလို့ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖာ်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်အထိ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့အရပ်သားပေါင်း ၃၈၁၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Photo-Social Media