ကလေး-တမူးလမ်းမကြီး ပိတ်တာ တလခွဲနီးပါးကြာမြင့်ခဲ့ပြီဖြစ်လို့ တမူးမြို့မှာကျပ်တည်းမှုမျိုးစုံဖြစ်နေ

ဇူလိုင်၊ ၁၉

စစ်ကိုင်တိုင်း၊ ကလေးမြို့ကနေ အိန္ဒိယနယ်စပ်တမူးမြို့ကို သွားတဲ့ ကလေး-တမူး အာရှလမ်း မကြီးကို စစ်ရေးအခြေအနေတင်းမာမူတွေကြောင့်  တိုက်ရိုက်သွားလာလို့မရတာ တလခွဲလောက်ကြာမြင့်ခဲ့ပြီဖြစ်လို့ တမူးမြို့မှာ အကျပ်အတည်းမျိုးစုံကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” ကလေးကနေလာမယ်ဆို ဘုက္ကန်ထိအရင်လာရတယ်။ ဘုက္ကန်ကနေ အိန္ဒိယနိုင်ငံဘက်ကိုဝင်ပြီး အိန္ဒိယနိုင်ငံခဲကနေ တမူးမြို့နဲ့အန္ဒိယနယ်စပ်တနေရာ ဖြစ်တဲ့မြို့ရှောင်လမ်းဘက်ထိလာရတယ်။ မြို့ရှောင်လမ်းကနေတမူးမြို့ထဲကိုလာပေါ့” လို့ ဒေသခံတဦးက ကလေး- တမူး လက်ရှိခရီးစဉ်ကိုပြောပြပါတယ်။

ကလေးမြို့နဲ့တမူးမြို့ဟာ မိုင်ကိုးဆယ်နီးပါးဝေးပြီး တမူးမြို့ကိုရောက်ဖို့ နှစ်ဆယ့်လေးမိုင်အလို ဘုက္ကန်ကျေးရွာက အန္ဒိယနိုင်ငံထဲကိုဝင်ရောက်ပြီး တမူးမြို့ကိုကွင်းလာကတာဖြစ်တယ်လို့ဆိုပါတယ်။ ကလေးမြို့ကနေ လူတဦးကို ဘုက္ကန်အထိ ကားခနှစ်သောင်းကျပ်ပေးရပြီး အန္ဒိယနိုင်ငံထဲကနေသွားလာရတဲ့ ဘုက္ကန်နဲ့တမူးကိုတော့ တဦးကိုငါးသောင်းကျပ်ပေးရတယ်လို့သိရပါတယ်။

” အိန္ဒိယနိုင်ငံထဲကနေသွားရလို့ မိုင်အားဖြင့်သိသိသာသာကြီးဝေးမသွားပါဘူး။ ဒါပေမယ့် လမ်းတွေကတောင်ခြေဆိုတော့အတက်အဆင်းများတယ်။ ဟိုဘက်(အိန္ဒိယဘက်) မှာလည်းပေးရကမ်းရတာလေးတွေရှိတယ်။ ဒါကြောင့်စျေးများသွားတာ။ ဆိုင်ကယ်ကယ်ရီသမားတွေကမြို့အရောက်ပို့ပေးတယ်။ ကားဆိုရင်တော့ မြို့ရှောင်လမ်းနယ်စပ်ထိပေါ့။ ကားတစီးခြောက်ဘီးကို အိန္ဒိယဘက်ခြမ်းတခေါက်ဆယ်သိန်း။ တခါမြို့ရှောင်လမ်းကနေမြို့ထဲကို ခုနစ်သောင်းရှစ်သောင်းပေးရတယ်” လို့ကုန်သည်တဦးကပြောပါတယ်။

တမူးမြို့နဲ့ဘုက္ကန်ကြားမှာ ဇွန်လထဲမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးဇွန် ၁၀ ရက်ကစ ကလေး- တမူးကားလမ်းမကြီးကို ဘုက္ကန်နဲ့တမူးကြားတိုက်ရိုက်သွားလာလို့မရတော့တာဖြစ်ပါတယ်။

” ဘုက္ကန်မှာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိမယ်။ တမူးအထွက်မှာက စကစရှိတယ်။ ကြားထဲက ပန်းသာမှာ စကစ တွေရှိတယ်။ သူတို့လည်းကြားထဲပိတ်မိနေတာ။ တမူးနဲ့ဘုက္ကန်ကြားမှာ ကာကွယ်ရေးတပ်တွေနဲ့စကစ နှစ်ဖွဲ့လုံးရှိနေတာ။ တိုက်ပွဲမဖြစ်သေးတာပဲရှိတာ။ ဒီတော့သွားလာလို့မရဘူး” လို့ ဒေသခံနောက်တဦးကပြောပါတယ်။

ကလေး- တမူးတိုက်ရိုက်သွားလာလို့မရတာကြောင့် တမူးမြို့မှာ ကုန်စိမ်းတွေ၊ကြက်ဥတွေ၊ကြက်သားတွေနဲ့ သွားရေစာမုန့်တွေစျေးအဓိက မြင့်တက်နေတာဖြစ်ပေမယ့် ဆန်စျေးနဲ့ ဆီစျေးလည်းမြင့်တက်မှု ရှိတယ်လို့ဆိုပါတယ်။

” ဆန်စျေးက တအိတ်ကိုတသိန်းဝန်းကျင်ကနေ တသိန်းနှစ်သောင်းဖြစ်သွားတယ်။ ဆီလည်းဒီအတိုင်းပဲ ဆယ်ပိသာတပုံးကိုတသိန်းခွဲကျော်ဖြစ်သွားတယ်။ ကြက်သားကတပိသာ နှစ်သောင်းနှစ်ထောင်။ တသောင်းလောက်ကိုတက်သွားတာပေါ့။ ခရမ်းချဉ်သီးတွေလည်းတပိသာတသောင်းကျော်တွေပဲ” လို့အိမ်ရှင်မတဦးကပြောပါတယ်။

တမူးမြို့နယ်မှာတောင်သူလုပ်သူဦးရေပေါများတာကြောင့် ဆန်၊ဆီကအဓိကပြသနာမဟုတ်ပေမယ့် ကလေးဘကျကလာတာကိုမှီိခိုနေရတဲ့ ကုန်စိမ်းအပါအဝင်ဓာတ်ဆီ၊ဒီဇယ်တွေအတွက် ရေရှည်မှာပိုမိုခက်ခဲနိုင်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

” လူငယ်တွေကတော့ ဆန်ရှိရင်ရှိတာနဲ့စားပြီးနေလို့ရတယ်။ ကျန်းမာရေးမကောင်းတဲ့လူကြီးတွေကျတော့ ကလေးဘက်ကိုဆေးကုသွားဖို့ခက်သွားတယ်။ လူနာတင်ကားဆိုခွင့်ပြုတယ်ပြောပေမယ့်  စစ်ဆေးတင်းကြပ်လွန်းလို့မသွားချင်ကြဘူး။ အင်ဖားကိုလည်းဟိုဘက်က လူမျိုးရေးအဓိကရုံးဖြစ်ကတည်းကသွားလို့မရဘူး။ မဖြစ်ခင်ကတော့ အင်ဖားကိုဆေးကုသွားလို့ရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

တမူးမြို့က ကျန်းမာရေးမကောင်းသူတွေဟာ ဟိုအရင်က အိန္ဒိယနိုင်ငံဘက် အင်ဖာမြို့ကိုဆေးကုသွားလို့ရပေမယ့် မေလဆန်းပိုင်းမှာ မိုးရေးနယ်နဲ့

မီဇိုရမ်ပြည်နယ်တွေမှာ ကသဲနှင့်ကူကီးလူမျိုးတွေ မေလဆန်းပိုင်း အဓိကရုန်းဖြစ်ပွားကတည်းက မြန်မာနိုင်ငံကနေသွားလာခွင့်ပိတ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 ဘုက္ကန်ကနေ တမူးကိုမြို့ကို အန္ဒိယနိုင်ငံထဲက ကွင်းလာရတဲ့လမ်းဘက်မှာ ချင်းလူမျိုးတွေသာရှိတဲ့အတွက် အန္ဒိယနိုင်ငံထဲ အဲဒီနေရာတွေသာ ဖြတ်သွားလို့ရပြီး နန်းဖာလုံနဲ့မိုးရေးနယ်စပ်က တရားဝင်ဂိတ်ကိုတော့ လုံးဝဖြတ်ပြီးသွားလို့မရဘူးလို့သိရပါတယ်။

” ခုဟာတမူးကနှစ်ဖက်ပိတ်ဖြစ်နေပြီ။ကလေးကပစ္စည်းတွေကိုလည်း အိန္ဒိယဘက်က ကွင်းသယ်ရတယ်။ အိန္ဒိယကိုပစ္စည်းပို့တာ၊သယ်တာလည်း အရင်က ခြံကျော်ရင်ပြီးတဲ့ကိစ္စ မိုးရေးဘက်ကပိတ်ထားတော့ သွားလို့ရတဲ့ အိန္ဒိယ နာဂတွေနေတဲ့နေရာထိသွားပြီးသယ်ပို့လုပ်နေကြရတယ်။ ကြာရင်မလွယ်ဘူး။ မြို့ပေါ်မှာစစ်လာရှောင်တဲ့သူတွေနဲ့ဦးရေကပိုများ။ ဘက်စုံကျပ်တည်းလာမယ်” လို့ဒေသခံတဦးကပြောပါတယ်။