တန်ပြန်ထိုးစစ် အစပိုင်း အရှိန်အဟုန် နှေးကွေးမှုတွေကို ယူကရိန်း သမ္မတ ဝန်ခံ

ဇွန် ၊ ၂၂

တန်ပြန်ထိုးစစ်ရဲ့ အစပိုင်း အခြေအနေတွေဟာ မျှော်လင့်ထားတာထက် အရှိန်အဟုန် နှေးကွေးနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

 ဒါပေမဲ့ လက်တွေ့ စစ်ပွဲဆိုတာ ရုပ်ရှင်ရိုက်နေတာ မဟုတ်ကြောင်း၊ ဟောလိဝုဒ် စစ်ကားတွေ ကြည့်ပြီး ချက်ချင်း လက်ငင်း ရလဒ်ကောင်း လိုချင်နေသူတွေကို သူပြောချင်တာကတော့ အဲဒီလို မဖြစ်နိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

 ယူကရိန်းဟာ လဆန်းပိုင်းလောက်ကစပြီး နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို ထိန်းချုပ် သိမ်းပိုက်ထားတဲ့ ကျူးကျော်သူ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 ရက်ပိုင်းအတွင်း ကျေးရွာ ၈ ခုလောက်ကို ယူကရိန်းက ပြန်သိမ်းယူနိုင်ခဲ့တဲ့တိုင် စစ်ဆင်ရေး အခြေအနေက မျှော်လင့်သလောက် သွက်လက် မလာသေးသလို ယူကရိန်းရဲ့ စစ်သည်နဲ့ စစ်လက်နက် ပြုန်းတီးမှုကလည်း အတော်များပြားတဲ့ အခြေအနေ ဖြစ်နေပါတယ်။

 ယူကရိန်း ပိုင်နက်ထဲက အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၂ သိန်းလောက်မှာ ရုရှားတပ်တွေ ဖြန့်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ရှေ့တိုးချီတက်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဇီလန်စကီးက ရှင်းပြပါတယ်။

 ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်နဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေ ပီပီပြင်ပြင် မဖော်ဆောင်နိုင်သေးတာကို ဝေဖန်နေကြတဲ့ သူတွေအတွက် သူက လေးလေးစားစား တုံ့ပြန်လိုတာကတော့ ယူကရိန်း စစ်တပ်ဟာ စစ်မြေပြင်မှာ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်နေကြကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။