ဇွန် ၊ ၂၂
ပွဲကြီးကြပ်သူ ကွင်းလယ်ဒိုင်ကို အပြင်းအထန် စောဒကတက်ပြီး ရန်လိုခဲ့တဲ့အတွက် ရိုးမားအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုဟာ ၄ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က ဥရောပ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အပြီး အင်္ဂလန်သား ကွင်းလယ်ဒိုင် အန်သိုနီ တေလာကို ပစ်မှတ်ထားခဲ့တဲ့ လုပ်ရပ်အတွက် ပေါ်တူဂီသား မန်နေဂျာအပေါ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ရိုးမားအသင်းက ဆဗီးလားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသက် ၆၀ အရွယ် မော်ရင်ဟိုဟာ အားကစားရုံ ကားပါကင်ထဲထိ သွားရောက်ပြီး တေလာကို အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။ သူဟာ ဆဲရေးတိုင်းထွာတဲ့ စကားတွေနဲ့ပါ တေလာကို ထိုးနှက် တိုက်ခိုက်ခဲ့တဲ့နောက် UEFAရဲ့ စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မော်ရင်ဟိုသာ မကဘဲ ရိုးမား အသင်းကလည်း လာမယ့်ရာသီအတွက် ယူရိုပါလိဂ်ပွဲစဉ် လက်မှတ် ကြိုရောင်းမိလို့ ဒဏ်ငွေ ယူရို ၅၅၀၀၀ အရိုက်ခံရပြီး အသင်း ပရိသတ်တွေကလည်း ကွင်းထဲကို မီးကျည်တွေနဲ့ တခြားပစ္စည်းတွေ ပစ်ထည့်ခဲ့တာကြောင့် စွဲချက်တင် ခံထားရပြန်ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တေလာရဲ့ ကိုင်တွယ်ပုံတွေက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ပွဲစဉ်တခုအတွက် စံချိန်တင် အရေအတွက်အဖြစ် အဝါကတ် ၁၃ ခုထိ ပြသခဲ့ပါတယ်။ အဲဒီထဲက ၇ ကတ်ဟာ ရိုးမား ကစားသမားတွေကို ပြသတာဖြစ်ပြီး ဥရောပအဆင့် ဗိုလ်လုပွဲ တခုမှာတော့ အသင်းတသင်းအတွက် စံချိန်တင် အရေအတွက်မျိုး အဝါကတ်ပြ သတိပေး ခံရမှု ဖြစ်လာပါတယ်။
ရိုးမားအသင်းဟာ စီးရီးအေမှာ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့နောက် လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲကို တကျော့ပြန် ယှဉ်ပြိုင်ခွင့် ရရှိထားပါပြီ။ ပွဲပယ်ပြစ်ဒဏ်ကြောင့် မော်ရင်ဟိုဟာ ပြိုင်ပွဲရဲ့ အစောပိုင်း ကာလတွေမှာ အသင်းကို ကြီးကြပ်ခွင့်နဲ့ လွဲချော်မှာ ဖြစ်ပါတယ်။