ဇွန် ၊ ၁၀
အင်ဒိုနီးရှား နိုင်ငံထဲက တိုင်းရင်းသား လူ့အဖွဲ့အစည်း တခုဟာ သူတို့နေထိုင်ရာ ဧရိယာမှာ အင်တာနက် ဖြတ်တောက်ပေးဖို့ အာဏာပိုင်တွေဆီ ပန်ကြား တောင်းဆိုထားပါတယ်။
အွန်လိုင်းနဲ့ ထိတွေ့ ဆက်နွှယ်မှုတွေကြောင့် ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိမလာအောင် တားဆီးဖို့အတွက် အခုလို တောင်းဆိုကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျာဗားကျွန်းက ဘန်တန် ဒေသမှာ နေထိုင်တဲ့ ဘာဒူဝိုင် တိုင်းရင်းသား မျိုးနွယ်စုတွေဟာ အရင်ကတည်းက အေးအေးချမ်းချမ်းနဲ့ တသီးတခြား နေထိုင်တတ်တဲ့ သဘောမျိုး ရှိပါတယ်။
ဘာဒူဝိုင်တွေ နေထိုင်တဲ့ ဧရိယာတွေဆီ အင်တာနက်ကွန်ရက် လွှမ်းခြုံ ပျံ့နှံ့လာတဲ့ အချိန်မှာလည်း တိုင်းရင်းသား တော်တော်များများက အင်တာနက် မသုံးကြဘူးလို့ ဆိုပါတယ်။ အခုတော့ မျိုးနွယ်စု အကြီးအကဲတွေ အပါအဝင် တော်တော်များများက အနီးတဝိုက်မှာ စိုက်ထူထားတဲ့ အင်တာနက် တာဝါတိုင်တွေကို ရွှေ့ပေးဖို့၊ ဒါမှမဟုတ် သူတို့နေတဲ့ နေရာထဲ အင်တာနက်ကွန်ရက် လုံးဝ ပျံ့နှံ့ လွှမ်းခြုံမှု မရှိအောင် နည်းလမ်းတခုခုနဲ့ တားဆီးပေးဖို့ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။
ဘာဒူဝိုင် တိုင်းရင်းသားတွေက အင်တာနက်ဟာ သူတို့ရဲ့ လူနေမှု ဘဝပုံစံတွေကို ထိခိုက်စေသလို အင်တာနက် စွဲလမ်းခြင်းကလည်း လူငယ်တွေရဲ့ အမူအကျင့်နဲ့ အတွေးအခေါ်တွေကို ညစ်နွမ်းစေတယ်လို့ စွပ်စွဲပြီး အခုလို တောင်းဆိုနေတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်ဒိုနီးရှား အစိုးရ အနေနဲ့ အခုကိစ္စအပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဒေသဆိုင်ရာ ဆက်သွယ်ရေး အာဏာပိုင်တွေကတော့ ဘာဒူဝိုင်တွေရဲ့ တောင်းဆိုမှုအပေါ် အလေးအနက် သဘောထားကြောင်း၊ သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ အတွေးအခေါ်တွေကို လေးစားကြောင်း သဘောထား မှတ်ချက် ပေးထားပါတယ်။
ကမ္ဘာပေါ်မှာ မွတ်ဆလင်ဦးရေ အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာတော့ အင်တာနက် လွတ်လပ်ခွင့်ဟာ အရင်ကတည်းက အငြင်းပွားစရာ ကိစ္စတခုအနေနဲ့ ရှိခဲ့ပါတယ်။ အစိုးရဟာ ပြည်တွင်းမှာ ညစ်ညမ်းဝက်ဘ်ဆိုက်တွေ ကြည့်ရှုခွင့် ပိတ်ပင်ထားတဲ့အပြင် အင်တာနက် ကွန်ရက် ထောက်ပံ့တဲ့ ကုမ္ပဏီတွေကိုလည်း မသင့်လျော်ဘူးလို့ ယုံကြည်ရတဲ့ အကြောင်းအရာတွေကို တည်းဖြတ်ဖို့ပါ ညွှန်ကြားထားကြောင်း သိရပါတယ်။