စစ်တပ်ဂိတ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး၊ လက်နက်ကြီးနဲ့ပြန်ပစ်လို့ အရပ်သားခြောက်ဦးဒဏ်ရာရ

မေ၊ ၃၁
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာ သံတံတားတပ် ကင်းစခန်း စစ်ဆေးရေးဂိတ်ကို မေလ ၃၁ ရက် ဒီကနေ့ နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်အထိအခိုက်ရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့သူတွေက DNA ကိုပြောပါတယ်။
 
“ ထိတာက သူတို့ဘက်က နှစ်ဦးကျတယ်၊ ဒဏ်ရာရတာတွေလည်း ရှိသေးတယ်၊ နှစ်ယောက်ကျတာတော့ သေချာတယ်။ ဒဏ်ရာတဲ့အရေအတွက်က တိတိကျကျမသိဘူးပေါ့နော်။ ကျွန်တော်တို့ဘက်က နှစ်ဦးဒဏ်ရာရသွားတယ် ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
ဒီကနေ့ မေလ ၃၁ ရက်၊ မနက် ၅ နာရီခွဲကျော်ခန့်မှာ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြား သဲဖြူချောင်းကျေးရွာမှာရှိတဲ့ သံတားတပ်ကင်းစခန်း စစ်ဆေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
“ ပစ်ခတ်မှုက ၄၅ မိနစ်လောက်ကြာတယ်၊ ဝင်ပစ်တာကလေ၊ အဲဒီမှာ သူတို့ (စစ်တပ်) နှစ်ဆယ်ကျော်လောက်ရှိတယ်၊ ဂိတ်ချထားတဲ့ ပုံစံမျိုး၊ ပိုက်ဆံတွေလည်း တောင်းနေတာရှိတယ်၊ ငွေညှစ်တာပေါ့ဗျာ ” လို့ PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သံတံတားကင်စခန်း စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးချကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ စစ်ကောင်စီလက်အောက်ခံ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄)ဘက်နေ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာနိုင်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာက ဦးစောထွန်းရဲ့နေအိမ်အပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
 
“ (ဒဏ်ရာရတာ) အားလုံး ခြောက်ယောက်လို့ သိထားရတယ်။ အခုအဲဒီလူတွေ ကျိုက်ထိုဆေးရုံးလား၊ မော်လမြိုင်ဆေးရုံလားတော့ မသိဘူး၊ ပို့ထားပေးတယ်။ အဲဒီထဲက နှစ်ဦးကဆိုရင် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ် ” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီပစ်ခတ်မှုဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြနေပေမယ့် ကိုအေးထွန်းက ငြင်းဆိုပါတယ်။
 
“ ကျွန်တော်တို့ဘက်က ပစ်တာလုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့မှာ သူတို့လိုမျိုး လက်နက်ကြီးတွေ မရှိဘူးလေ၊ အဲလောက်ကြီးမားတဲ့ ၁၂၀ တို့လို မရှိဘူးလေ၊ ဒီတပ်မဟာ (၁)ထဲမှာဆိုရင် သူတို့လည်း ပြောနေတာရှိနေတာပဲ၊ PDF တွေက သူတို့ကို တိုက်မယ်ဆိုရင် သူတို့က ရွာတွေထဲကို ပြန်ပစ်မယ်ဆိုတာမျိုးတွေလေ၊ ခဏခဏပြောလေ့ပြောထရှိနေတာပဲ၊ တကယ်လည်း လုပ်နေတာပဲ၊ ဒီမှာလည်း ကျွန်တော်တို့ဆီမှာ မှတ်တမ်းတွေ ရှိပါတယ် ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေချိန်အတွင်းမှာလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးကို စစ်ကောင်စီဘက်က တနာရီ နီးပါးကြာ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် ကားတချို့ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်