ပဇီကြီးရွာသားတွေ အိမ်မပြန်နိုင်သေးပါ

မေ၊ ၂၀
 
“ အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်ရွာမှာ ဘယ်သူမှမနေရဲကြတော့ဘူး ” စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ရဲ့ အရှေ့တောင်ဘက်က ပဇီကြီးရွာသား ကိုရောင်နီက သူ့ဇာတိရွာရဲ့ လက်ရှိ အခြေအနေကို ပြောပြတာပါ။
 
လွန်ခဲ့တဲ့ တလကျော်အကြာက လူရာချီလာရောက်စုရုံးကြတဲ့အထိ စည်စည်ကားကားရှိခဲ့ကြတဲ့ မနက်ခင်းတခုပြီး ဆုံးသွားကတည်းက ပဇီကြီးရွာမှာ လူဦးရေတထောင်ကျော်နေထိုင်ကြတယ်ဆိုတာဟာ မှတ်တမ်းတွေထဲပဲထင် ကျန်ရစ်ပါတော့တယ်။
 
“ လုံခြုံရေးကလည်း ဘာမှန်းမသိဘူးလေ၊ စစ်ကြောင်းတွေကလည်း ကျွန်တော်တို့နဲ့ မဝေးတဲ့ နေရာမှာ ထိုးတာ ရှိတယ်လေ၊ ဒီလောက်လူတွေအများကြီး သေထားတော့ တအိမ်နှစ်အိမ်လောက်နဲ့လည်း မနေရဲဘူး၊ ခြောက်ခြားနေကြမှာပေါ့ ” လို့ ကိုရောင်နီက ပြောပြပါတယ်။
 
သူ့စကားအတိုင်းပဲ စစ်ကိုင်းတိုင်းရဲ့ အစွန်အဖျား ဧရာဝတီမြစ်အနီးက မထင်မရှား အဲ့ဒီရွာကလေးဟာ လွန်ခဲ့တဲ့တလကျော်အကြာ ဧပြီ (၁၁)ရက်မှာ လူရာချီအစုအပြုံလိုက် သေဆုံးမှုနဲ့ကြုံခဲ့ရတာပါ။
 
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် မနက်ပိုင်းက ပဇီကြီးကျေးရွာမှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ Yark – 130 တိုက်လေယာဉ်၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တာပါ။
 
အဲ့ဒီရုံးဖွင့်ပွဲမှာ ပဇီကြီးရွာခံတွေအပါအဝင် ရွာနီးချုပ်စပ်က ဒေသခံတွေကိုလည်း ထမင်းဖိတ်ကျွေးခဲ့တာကြောင့် လူနှစ်ရာကျော် လာရောက်စုရုံးနေခဲ့ကြတာပါ။ ဒီလိုစုရုံးနေကြချိန် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်လို့ နွေဦးတော်လှန်ရေးကာလအတွင်း အဆိုးရွားဆုံးနဲ့ သေဆုံးထိခိုက်မှုအများဆုံး တိုက်ခိုက်မှုအဖြစ် စာရင်းဝင်သွားပါတယ်။
 
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၆၈)ဦးသေဆုံးခဲ့ပြီး (၂၉)ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
 
စစ်ကောင်စီဟာ အဲ့ဒီနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေနဲ့တင်ရပ်တန့်မသွားဘဲ ပဇီကြီးရွာကို နောက်ရက်တွေမှာလည်း လေကြောင်းက တိုက်ခိုက်တာ၊ ကင်းထောက်ပျံသန်းတာတွေ ဆက်လုပ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုပြီးနောက် တပတ်အကြာမှာ မြေပြင်စစ်ကြောင်းတွေ ထပ်ရောက်လာပြန်ပါသေးတယ်။
 
ဒီလို အထပ်ထပ်တိုက်ခိုက်ခံရတာ၊ တိုက်ခိုက်ဖို့ကြိုးစားလာတာတွေကြောင့် ရွာခံတွေဟာ ရွာကိုစွန့်ခွာထွက်ပြေး တိမ်းရှောင်ကြရင်းက လက်ရှိမှာတော့ လူသူကင်းမဲ့တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
 
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရက်လေးဆယ်လောက်ရှိလာတဲ့အထိ ပဇီကြီးရွာခံတွေဟာ ရွာမှာပြန်လည် အခြေချနေထိုင်ကြတာမျိုးမရှိတော့ဘဲ အမျိုးသားတချို့ကသာ ရွာမှာ ကျန်ခဲ့တဲ့ပိုင်ဆိုင်မှုတချို့ကို ပြန်ကြည့်ရင်း ခဏတဖြုတ်ပြန်သွားကြတာမျိုးပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
 
ပုံမှန်အားဖြင့် အခုလိုကာလဟာ ပဇီကြီးရွာသားတွေလည်း တခြားဒေသခံတွေနည်းတူ ပဲ၊ နှမ်း၊ စပါး စိုက်ပျိုးဖို့ ပြင်ဆင်နေကြချိန်လို့ ကိုရောင်နီကပြောပါတယ်။
 
လက်ရှိမှာတော့ ဒေသခံတွေက လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်တော့ဘဲ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် ဒေသကိုစွန့်ခွာပြီး အဆင်ပြေနေရာတွေမှာ ခိုလှုံနေထိုင်သူတွေလည်းရှိတာမို့ ပဇီကြီးရွာခံတွေဟာ နေရာအသီးသီးဆီ အကွဲအကွဲအပြားပြား ရောက်နေကြရပါတယ်။
 
လက်ရှိမှာ ပဇီးကြီးရွာသား ၇၀၀ ကျော်လောက်ဟာကျေးရွာကို စွန့်ခွာပြီး တခြားကျေးရွာတွေကို ရွေ့ပြောင်းနေ ထိုင်ကြသလို နီးစပ်ရာမြို့ပေါ်တွေတက် အိမ်ငှားနေရင်း အလုပ်လုပ်ကိုင်နေကြတာတွေရှိတယ်လို့ သိရပါတယ်။
 
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအပြင် ထိခိုက်ခံစားရသူ လူဦးရေ (၈၀၀)နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
 
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုသာမက စိတ်လူမှုပိုင်းဆိုင်ရာလိုအပ်ချက်များကိုပါ ​ဖြည့်ဆည်းဆောင်ရွက်ပေးနေရတယ်လို့လည်း အဲ့ဒီဝန်ကြီးဌာနက အခုလအတွင်း ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ဖားကန့် အနန့်ပါနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးရွာဖြစ်စဉ်လို အရပ်သားတွေအပါအဝင် လူအများအပြား အစုအပြုံလိုက်သေဆုံးတဲ့အထိ ဆိုးဆိုးရွားရွား လေကြောင်းတိုက်ခိုက်မှုတွေကို ပြည်တွင်းပြည်ပက ဝေဖန်ထောက်ပြမှုတွေရှိနေပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေရပ်တန့်သွားစေဖို့ ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေတော့ မရှိသေးပါဘူး။
 
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့အခြေစိုက်စခန်းတွေ၊ ကျေးရွာတွေ၊ မြို့တွေကိုသာမက အရပ်သားတွေစုဝေးတဲ့ အခမ်းအနား၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံ၊ လူနေအဆောက်အအုံနဲ့ ယာယီစစ်ရှောင်စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အခုရက်အတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ် (၁၅၀၀)ဝန်းကျင်ပြုလုပ်ခဲ့တာကြောင့် သုံးရက်မှာ တကြိမ်နှုန်းလောက်အထိ လေကြောင်းတိုက်ခိုက်မှုတွေကို ပုံမှန်အသုံးပြုနေတဲ့သဘော ဖြစ်ပါတယ်။
 
စစ်ကိုင်းတိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာနီးပါး ပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီက အဲ့ဒီလို ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေလုပ်နေနိုင်တာဟာ ကမ္ဘာက မျက်ကွယ်ပြုထားတာ၊ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတာတွေကြောင့်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စတာအင်ဒရူးက ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ပြောပါတယ်။
 
“ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေဘယ်လောက်များများသေကြေမှ၊ ဒီလိုသတ်ဖြတ်မှုတွေရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူတုံ့ပြန်မှုတွေ ပူးပေါင်းလုပ်ဆောင်ကြတော့မှာလဲ ” လို့ သူကမေးခွန်းထုတ်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ ပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်သုံးရာနီးပါးထဲက တချို့နဲ့ရင်ဆို င်ခဲ့ရတဲ့ ပဇီကြီးရွာသားတွေကတော့ မိသားစုတခုချင်းစီရဲ့ဘဝတွေထိခိုက်ပျက်စီးသွားသလို ရွာတရွာဆိုတဲ့ လူမှုအသိုက်အဝန်းတခုလည်း ပျက်စီးသွားခဲ့ကြရပါပြီ။
 
ပဇီကြီးရွာရဲ့လက်ရှိအခြေအနေကို ပြောပြတဲ့ကိုရောင်နီကိုယ်တိုင်လည်း သူ့ရပ်ရွာနဲ့ဝေးရာ နေရာတခုမှာ ရှိနေတာပါ။ ဒေသခံတွေဟာ ရွာပြန်ချင်ကြတဲ့စိတ်တွေရှိကြသလို စိုးရိမ်စိတ်တွေ ၊စိတ်ဒဏ်ရာတွေလည်း ရှိနေကြတယ်လို့ သူက ပြောပါတယ်။
 
“ ကိုယ့်ဒေသ ကိုယ့်မွေးရပ်မှာကိုယ်နေချင်တယ်၊ တချို့က အဝေးရောက်တဲ့သူတွေတောင် ရွာပြန်လာလို့ရလား မေးတာလည်းရှိတယ်၊ တချို့လည်း ရွာထဲခဏဝင်လျှောက်ကြည့်ရင် ငိုကြတာတွေရှိတယ်၊ သူတို့အိမ်တွေ ရွာသားတွေ သေကြေပျက်ဆီးကြရတော့ စိတ်ဒဏ်ရာတွေက ရှိနေကြသေးတာ ” လို့ ကိုရောင်နီက ပြောပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပဇီကြီးရွာမြင်ကွင်း။