မေ၊ ၁၅
ထိုင်းရွေးကောက်ပွဲ အနိုင်ရ ပါတီအဖြစ် သေချာသွားတဲ့နောက် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ မုဗ်ဖော်ဝပ်ပါတီ (MFP)ရဲ့ ခေါင်းဆောင်က အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပါတီ မူဝါဒတွေကို ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။
MFPဟာ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့ ဖျူထိုင်းပါတီ (PTP) အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်မယ်လို့ ထင်ကြေးပေး ခံနေရပါတယ်။ MFPရဲ့ ခေါင်းဆောင်ဖြစ်သူ ပီတာ လင်ဂျာရွန်ရတ်က သူဟာ PTP အပါအဝင် အတိုက်အခံ ပါတီ ၆ ခု ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ ယုံကြည်ချက် မြင့်မြင့်မားမား ရှိနေတယ်လို့ ပြောကြားသွားပါတယ်။
ပြီးတော့ လက်ရှိ အခြေအနေမှာ လုပ်ပိုင်ခွင့်တွေ လွန်လွန်ကျွံကျွံ လက်ဝါးကြီး အုပ်ထားတဲ့ ဘုရင်စနစ်အပြင် ထိုင်းစစ်တပ်ရဲ့ ဖွဲ့စည်းပုံတွေ အပါအဝင် မူဝါဒရေးရာ အကြီးစား ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သူက ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။
ရွေးကောက်ပွဲ နောက်ပိုင်းမှာ ထိုင်းစစ်တပ်က အာဏာထပ်သိမ်းဖွယ် ရှိနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီးလည်း သူက ပြည်သူ့ဆန္ဒကို ကဖျက်ယဖျက် ပြုသူတိုင်းဟာ တန်ဖိုးကြီးကြီး မလွဲမသွေ ပေးဆပ်ရလိမ့်မယ်လို့ သတိပေးသွားပါတယ်။
သူက ထိုင်းနိုင်ငံကို ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပီတာက အတည်ပြုခဲ့ပါတယ်။ လက်ခံသူတွေ၊ လက်မခံသူတွေ ဘယ်လို သဘောထား ကွဲလွဲကြပါစေ သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် တာဝန်ကိုယူဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း အသက် ၄၂ နှစ်အရွယ်၊ ဟားဗက်တက္ကသိုလ်ဘွဲ့ရ ခေတ်ပညာတတ် နိုင်ငံရေးသမားက ကြွေးကြော်သွားပါတယ်။
အတိုက်အခံ မဟာမိတ် ပါတီတွေပေါင်းရင်း အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၃၀၉ နေရာကို ရလာနိုင်ကြောင်း၊ အထက်လွှတ်တော်ထဲက ထောက်ခံမဲ တချို့အတွက်ပါ စည်းရုံးနိုင်ရင် သူတို့ရဲ့ ညွန့်ပေါင်း အစိုးရဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ နိုင်မှာ သေချာကြောင်း ပီတာက ဆိုပါတယ်။ သူဟာ ထိုင်းဝန်ကြီးချုပ် နေရာကို ရယူဖို့အတွက် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲထိ လိုအပ်နေပါတယ်။
ပီတာဟာ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ စည်းမျဉ်း ကျင့်ဝတ်တွေကို အခြေခံတဲ့ သံတမန်ရေး ဝါဒတွေကို ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ ထိုင်းလက်ရှိ အစိုးရဟာ ရုရှားနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိနေပေမယ့် သူကတော့ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးကို ထိုင်းအနေနဲ့ ရှေ့ဆက် လက်ခံနေတော့မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ကိစ္စကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်လို့တော့ ပီတာက သူဟာ မြန်မာနဲ့ ထိုင်းကြားက လူသားချင်း စာနာမှုဆိုင်ရာ စင်္ကြန်တခု ဖော်ဆောင်ရေးကို ပထမအဆင့် ခြေလှမ်းအနေနဲ့ ကြိုးစား အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ မြန်မာ ပြည်သူတွေ အနေနဲ့ သူတို့ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်ရေးအတွက် ထိုင်းက နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ဖိအားတွေ၊ မက်လုံးတွေ ပေးဖို့လိုမယ်လို့လည်း ပီတာက ဆိုပါတယ်။
ဒါပေမဲ့ ထိုင်းဟာ မြန်မာ့အရေး အဖြေရှာမှုတွေမှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားသင့်တယ်လို့တော့ သူက အသိအမှတ် ပြုခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာ စစ်တပ်တွေဟာ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သလို အာဏာသိမ်းဖို့ ဝါသနာထုံကြတာချင်းလည်း တူပါတယ်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်ဟောင်း ဦးဆောင်နေတဲ့ ထိုင်းအစိုးရဟာ မြန်မာဖက်ကနေ တိမ်းရှောင်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးပြီး မြန်မာ စစ်အာဏာပိုင်တွေဆီ ပြန်လွှဲပေးတယ်လို့ စွပ်စွဲ ခံနေရပါတယ်။
MFPဟာ ဧပြီ လဆန်းတုန်းက ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူဖို့ ရောက်ရှိနေတဲ့ မြန်မာ တော်လှန်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးပြီး မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့တွေဆီ လွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းပေးဖို့ ထိုင်းအာဏာပိုင်တွေကို အပြင်းအထန် ဖိအားပေး တောင်းဆိုခဲ့ဖူးပါတယ်။
Ref: Coconuts