ချဲလ်ဆီးဟာ ခြေစွမ်းအပြင် ယုံကြည်မှုပါ အလွန်အကျွံ ကျဆင်းနေတယ်လို့ လမ်းပတ် ဝန်ခံ

မေ၊ ၂

ချဲလ်ဆီး တသင်းလုံးဟာ စွမ်းဆောင်ရည်အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ လွန်လွန်ကျွံကျွံ ကျဆင်းနေတယ်လို့ အသင်းရဲ့ ယာယီ မန်နေဂျာ ဖရန့်ခ် လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

 အသင်းပိုင်ရှင်သစ် လက်အောက်မှာ ကြောက်ခမန်းလိလိ ငွေကြေး သုံးစွဲပြီး ကစားသမားသစ်တွေ ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့သလို တရာသီတည်းမှာတင် မန်နေဂျာ ၃ ဦး ပြောင်းသွားပြီ ဖြစ်ပေမယ့် ချဲလ်ဆီးရဲ့ ရုန်းကန်နေရမှုတွေက ပြန်ဦးမော့မလာသေးပါဘူး။ လက်ရှိမှာ အသင်းရဲ့ ယာယီ မန်နေဂျာ အနေနဲ့ တာဝန်ယူထားတဲ့ လမ်းပတ်ဟာလည်း ချဲလ်ဆီးကို စတင် ကိုင်တွယ်ချိန် ကတည်းက ၅ ပွဲဆက်တိုက် ရာနှုန်းပြည့် ရှုံးနိမ့်ထားပါတယ်။

 အခုအခါမှာတော့ ချဲလ်ဆီးဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် အသည်းအသန် ကြိုးစားနေတဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကို အဝေးကွင်း အမ်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။

 ပွဲအကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ်က သူ့အသင်းသားတွေဟာ ယုံကြည်မှုရော၊ စွမ်းဆောင်ရည်ပါ ထိုးကျနေကြောင်း၊ သူဟာ အရင်က မန်နေဂျာ ဘဝမှာရော၊ ကစားသမား အနေနဲ့ပါ ချဲလ်ဆီးရဲ့ ယုံကြည်မှု ကျဆင်းနေတဲ့ ကာလတွေကို ကျော်ဖြတ်ခဲ့ဖူးကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ အဲဒီလို အခြေအနေတွေ ကြုံတိုင်း ချဲလ်ဆီးဟာ ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်မှုတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်တက်ခဲ့ကြောင်း၊ တကယ်တော့ အသင်းရဲ့ ယုံကြည်မှု ပြဿနာနဲ့ ပတ်သက်လို့ လူသိရှင်ကြား မဆွေးနွေးသင့်မှန်း သိပေမယ့် ဒီကိစ္စက အတော်ကြီး အရေးကြီးပြီး ထင်သာမြင်သာ ဖြစ်နေကြောင်း ပြောကြားသွားပါတယ်။

 သူ့လက်အောက်မှာ ချဲလ်ဆီးက ပွဲတိုင်း ရှုံးနေတဲ့တိုင် လမ်းပတ်ကတော့ အသင်းဟောင်းဆီ ပြန်လာရတာကို ပျော်ရွှင်မိကြောင်းနဲ့ ထိရောက်တဲ့ အကူအညီတွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ သူရော၊ ကစားသမားတွေပါ ကောင်းမွန်တဲ့ ခံစားချက် အငွေ့အသက်တွေကို ပြန်လည် ယူဆောင်နိုင်ဖို့ ကြိုးစားနေကြကြောင်း၊ ချဲလ်ဆီးရဲ့ မန်နေဂျာ ဖြစ်ရတာကို သိပ်ဂုဏ်ယူသလို သူ့အလုပ်ကိုလည်း ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေကြောင်း၊ အရှိတရားအရ မန်နေဂျာတိုင်းဟာ သူတို့ရဲ့ အလုပ်အကိုင် ဖြတ်သန်းမှုမှာ အချိန်တိုင်း အောင်မြင်မှုတွေ ပြည့်နှက်နေမှာ မဟုတ်ကြောင်း၊ မန်နေဂျာတွေ အနေနဲ့ ပွဲရလဒ်တွေကို မစီမံနိုင်ပေမယ့် အလုပ်ကြိုးစားမှုကိုတော့ စီမံ ညွှန်ကြားပေးနိုင်မှာဖြစ်ကြောင်း လမ်းပတ်က မှတ်ချက် ပေးသွားပါတယ်။