ဧပြီ၊ ၂၅
မန်နေဂျာသစ် တဦးကို ရှာပုံတော် ဖွင့်နေတဲ့ ချဲလ်ဆီး အသင်းဟာ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေ တိုးတက်နေကြောင်း သိရပါတယ်။
အစောပိုင်းက လန်ဒန် အခြေစိုက် ကလပ်အသင်းဟာ ဘိုင်ယန်မြူးနစ် မန်နေဂျာဟောင်း ဂျူလီယန် နာဂယ်လ်စ်မန်းကို စိတ်ဝင်တစား ချိတ်ဆက်ခဲ့ပေမယ့် ညှိနှိုင်းလို့ မရတဲ့ အခြေအနေ တချို့ကြောင့် နောက်ပိုင်းမှာ လက်လျှော့ခဲ့ပါတယ်။ အခုတော့ ချဲလ်ဆီးဟာ တော့တင်ဟမ် ဟော့စပါး၊ ပီအက်စ်ဂျီတို့ကို ကိုင်တွယ်ဖူးတဲ့ အာဂျင်တီးနားသား မန်နေဂျာနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် တိုးတက်နေတယ်လို့ ဆိုပါတယ်။
အသက် ၅၁ နှစ်အရွယ် ပိုချက်တီနိုဟာ လန်ဒန်ကလပ် တော့တင်ဟမ် အသင်းကို ကာလရှည်ကြာ ကိုင်တွယ်ဖူးပြီး အင်္ဂလန် ဘောလုံးလောက အတွေ့အကြုံ လုံလုံလောက်လောက် ရှိထားသူပါ။
ချဲလ်ဆီးဟာ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့နောက် မန်နေဂျာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်း ဖရန့်ခ် လမ်းပတ်ကို ယာယီ မန်နေဂျာအဖြစ် ခန့်အပ်ထားပါတယ်။ ဒါပေမဲ့ လမ်းပတ် လက်ထက်မှာလည်း အသင်းရဲ့ အနေအထားက ထင်သာမြင်သာ တိုးတက်မှု ရှိမလာပါဘူး။
မူလက ချဲလ်ဆီးဟာ မန်နေဂျာသစ် တဦးကို ရာသီကုန်ကျမှ ခန့်အပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် တကယ်လို့ ဆွေးနွေးမှုတွေသာ အဆင်ပြေရင် အခုရာသီ မကုန်ခင်မှာပဲ ပိုချက်တီနိုဟာ လမ်းပတ်ဆီက တာဝန်တွေ လွှဲယူသွားဖွယ် ရှိနေကြောင်း အသင်းနဲ့ နီးစပ်သူ တချို့က မှတ်ချက် ပေးပါတယ်။ ပြီးတော့ ချဲလ်ဆီး ကစားသမား အများအပြားကလည်း ပိုချက်တီနို အသင်းကို ရောက်လာမယ့် အခြေအနေကို ကြိုဆို ထောက်ခံနေကြတယ်လို့ ဆိုပါတယ်။
လမ်းပတ်ဟာ ချဲလ်ဆီး ယာယီ မန်နေဂျာအဖြစ် ၄ ပွဲ တာဝန်ယူ ကိုင်တွယ်ပြီးချိန်မှာ ၄ ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့နောက် သူ့ကို ရာသီကုန်ထိ ထားရှိမယ့် မူလ အစီအစဉ်ကို အသင်း တာဝန်ရှိသူတွေက ပြန်စဉ်းစား သုံးသပ်နေကြပါတယ်။
ပိုချက်တီနိုဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ ထုတ်ပယ် ခံခဲ့ရပြီးချိန် ကတည်းက လက်ဆုပ်လက်ကိုင် ကလပ်အသင်း မရှိဘဲ ဖြစ်နေပါတယ်။