ဧပြီ၊ ၂၀
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်ရင်းက အသက် (၈၃)နှစ်အရွယ် ဒေသခံ အဘွားအိုတဦး အမောဖောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၉ရက်က ရေဦးမြို့နယ်ဘက်နေ ခင်ဦးမြို့နယ်ထဲစစ်ကြောင်းထိုး ဝင်လာ တာကြောင့် ဒေသ တွင်းကျေးရွာ နှစ်ဆယ်လောက်က လူဦးရေ သောင်းဂဏန်းလောက် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပါတယ်။
အဲ့ဒီလို ထွက်ပြေးကြရသူတွေထဲ အင်းပတ်ကျေးရွာက အသက်ရှစ်ဆယ်ကျော် အဖွား ဒေါ်ပုစိန်လည်းပါဝင်ခဲ့ တာပါ။
အဲ့ဒီအဖွားဟာ နေရပ် ရွာကနေ သုံးဘီးနဲ့ ထွက်ပြေးလာတာဖြစ်ပေမယ့် ဒေသတွင်း အပူချိန်မြင့်မားလွန်းနေတာ ကြောင့် ရေဓာတ်ခမ်းခြောက်ကာ အမောဖောက်သေဆုံးသွားတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ကိုနေသူရက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာခင်ဦးမြို့နယ်ကို ရေဦးမြို့တိုင်းရင်းဆေးရုံကနေအင်အား တရာကျော်နဲ့ထွက်လာပြီး ရွာ သစ်ကုန်းပျူရွာကပျူစောထီးတွေအပါအဝင်မင်းတုန်းမူးတိမ်ချောင်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး မနေ့ကခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးခဲ့ပါတယ်။ အဲ့ဒီလိုစစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာပေါင်း ၂၀ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတာပါ။
အဲ့ဒီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းမှာ ရွှေဘိုနယ်ဘက်ကိုပြန်ဆုတ်ခွာသွားတာကြောင့် ဒေသခံတွေဟာ ဒီက နေ့မှာ နေရပ်တွေဆီပြန်လည်နေထိုင်နေကြပြီလို့လည်းသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်အနောက်ခြမ်းကိုစစ်ကြောင်းထိုးနေချိန်အတွင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တင်ငါးဦးကို မျက်လုံးဖောက်ထုတ်တာ၊လည်လှီးသတ်တာစတဲ့နည်းတွေနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ဒေသခံ အမျိုးသားငါးဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်လို့ ခင်ဦးအခြေစိုက် တော်လှန်ရေးအင် အားစုတွေ ကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးမှုတွေအတွင်း ပစ်ခတ်ခံရတာ၊သတ်ဖြတ်ခံရတာ တွေ ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေအပါအဝင် အရပ်သားသေဆုံးမှုတွေရှိနေသလို အဖွား ဒေါ်ပုစိန်လိုပဲ အမောဖောက်သေဆုံးရတာ၊စစ်ရှောင်ပြေးရင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်မရတာကြောင့် သက်ကြီးရွယ်အိုတွေသေဆုံးရတာတွေလည်း မကြာမကြာ ဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကလေးမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ မြို့အနောက်ပိုင်း တာဟန်း ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ချိန် ဆေးရုံတက်ကုသမှုခံယူနေတဲ့ အသက်(၃၇)နှစ်အရွယ် နှလုံးရောဂါသည်တဦး လက် နက်ကြီးသံတွေကြောင့် သေဆုံးခဲ့ရပါသေးတယ်။