စစ်တပ်ရိက္ခာပို့စစ်ကြောင်းကို ကရင်နီ တပ်တွေ တိုက်ခိုက်၊တဦးအရှင်မိပြီးသေဆုံးသူတွေလည်းရှိ

ဧပြီ၊ ၂၀

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်အရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီစခန်းတွေကို ရိက္ခာလာပို့တဲ့ ခလရ (၈၀) တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ မနေ့က တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး တဦးကို အရှင်ဖမ်းဆီးမိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြားမှာ စစ်ကောင်စီတပ် ခလရ (၈၀) တပ်ရင်းရဲ့ ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို  ဧပြီလ ၁၉ရက် နေ့လယ် တနာရီ ဝန်းကျင်မှာ ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ကပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။ 

“ ၁၆ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲတွေက စခန်းတွေကို ရိက္ခာပို့ဖို့ ဖြစ်မယ်၊အဲဒီမှာ ကျွန်တော်တို့ KNDF တပ်ရင်း (၂၁)ဆိုတာ အဲဒီမှာ ရှိတယ်၊ မိုင်းနဲ့ တိုက် ခိုက်တော့ ရိက္ခာကားက မှောက်သွားတယ်၊ တိုက်ပွဲဆက်ဖြစ်တယ်၊သူတို့ဘက်က ရှစ် ယောက်သေတယ်၊တယောက် အရှင်ရတယ်”လို့ သူက ပြောပါတယ်။ 

အဲဒီတိုက်ပွဲမှာ ချေမှုန်းရေးရိုင်ဖယ် ခြောက်လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိကာ ရိက္ခာသယ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။ 

ခလရ ၈၀ တပ်ရင်းဟာ ပဲခူးတိုင်း၊ အင်းမအ ခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းဖြစ်ပြီး ဒေါတမကြီးကျေးရွာအုပ်စုထဲမှာ အချိန်ပြည့် စခန်းထိုင် လှုပ်ရှားနေတဲ့ စကခ – ၂လက်အောက်ခံ တပ်ရင်း ၃ရင်းဆီ ဧပြီလ ပထမပတ်အတွင်း အင်အား ၈၀ လောက်နဲ့ အင်အားဖြည့်တင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီးက စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ ဧပြီလ ၁၆ ရက်ကတည်းက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကသေဆုံးထိခိုက်မှုများလို့ လေကြောင်း၊လက်နက်ကြီးတွေအဆက်မပြတ်ပစ်ကူပေးနေတယ်လို့ကရင်နီတပ်ဖွဲ့တွေကဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်တွေအပါအဝင် ကရင်နီဒေသတွင်း စစ်ရှောင်တွေဟာ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေသလို ရေရှားပါးမှုရဲ့ နောက်ဆက်တွဲအဖြစ် အရေပြားရောဂါနဲ့ ဝမ်းရောဂါစတဲ့ ရောဂါတွေ ဖြစ်နေတဲ့အတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။