စစ်ကြောင်းထိုးခံရတဲ့ခင်ဦးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦးနှိပ်စက် အသတ်ခံရ

ဧပြီ၊ ၁၉

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ကို မနေ့ကစလို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ် အနောက်ပိုင်း မြကန်ကျေးရွာကို စစ်ကြောင်းထိုးချိန်မှာ ပိတ်မိသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါး ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကDNAကိုပြောပါတယ်။

“သူတို့ကို မျက်လုံးတွေကိုဖောက်ထုတ်ထားတယ်၊လည်ပင်းကိုလည်းဓားနဲ့လှီးတယ်၊ ရက်ရက်စက်စက် သတ် သွားတယ်”လို့ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေက မြကန်ကျေးရွာထဲ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်လာချိန်မှာ ဒေသ ကာ ကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာတဲ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်ငါးဦးဟာ ပိတ်မိသွားပြီး အသတ်ခံလိုက်ရတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံပြည်သူအမျိုးသားငါး ဦးကိုလည်းဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မ နက်၁၁နာရီဝန်းကျင် က ခင်ဦးနယ် အောင်သာကျေးရွာကိုစစ်ကြောင်းထိုးဝင်ရာမှာလည်း ဓာတ်ဆီဆိုင်တဆိုင်နဲ့ကားတစီးကိုမီးရှို့ခဲ့သေးတယ်လို့ ခင်ဦး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ညနေပိုင်းမှာခင်ဦးမြို့နယ်အနောက်တောင်ပိုင်း ကျွန်းလည်ရွာ ဘုန်းကြီး ကျောင်းထဲတပ်စွဲခဲ့ပြီး ကျေးရွာအတွင်းကနွားနဲ့ဝက်တွေကိုခိုးယူသတ်ဖြတ်စားသောက်ခဲ့ပြီးလက်ရှိမှာ ရွှေဘိုနယ် ထဲကိုပြန်ထွက်သွားတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကြောင်းထိုး တာ၊လေကြောင်းကတိုက်ခိုက်တာတွေကို စစ်ကောင်စီက ဆက်လုပ်နေတာပါ။

စစ်အာဏာ သိမ်းပြီးချိန်ကစလို့ အခုလ၁၁ ရက်အထိ ခင်ဦးမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ် သားတွေစုစုပေါင်း ၂၇၅ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၆၈ ရွာက ပြည်သူပိုင်နေအိမ် လေးထောင်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားတဲ့အချက် အလက်တွေအရသိရပါတယ်။

လက်ရှိ ခင်ဦးနယ်ထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ နှစ်ရက်တာအတွင်း ဒေသခံ ပြည်သူ ထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။