ရန်ကုန်-ပြည် မီးနင်းချောင်းဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေလို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်

ဧပြီ၊​ ၁၀
 
ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်နဲ့ပဲခူးတိုင်း၊ သုံးဆယ်မြို့ကြားရှိ မီးနင်းချောင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီမှ စစ်ဆေးရေးတွေ ယခုရက်ထဲတင်းကြပ်နေလို့ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွါးနေတယ်လို့ ခရီးသွားပြည်သူများနှင့် အဝေးပြေးယာဉ်မောင်းများထံမှ သိရပါတယ်
 
” ရန်ကုန်မှာ ဗုံးတွေပေါက်လို့ အစစ်အဆေးတွေကြပ်လိုက်တာလို့ ပြောသံကြားတယ်။ အရင်ကလည်း ဒီဂိတ်မှာ အစစ်အဆေးရှိပေမဲ့ အခုလောက်ကြီး မစစ်ဘူး။ အခုက တယောက်ချင်းကို မှတ်ပုံတင်ထဲကဓာတ်ပုံနဲ့ တိုက်ပြီး ဘယ်သွားမှာလဲ ဘယ်ကပြန်လာတာလဲ စုံအောင်ကိုစစ်တာ။ ဘာအတွက်ပြန်လာတာလဲကအစ မေးတယ် ” လို့ ရန်ကုန်မြို့ကနေ ပြည်သို့ပြန်လာတဲ့ ကညနဝန်ထမ်းတဦးမှ DNA ကို ပြောပါတယ်
 
အဲ့ဒီစစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်ဆေးမှုတွေရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသည်တင်ယာဉ်ကားတွေပေါ်တက်ပြီး မှတ်ပုံတင်စစ်ဆေးတာ ရှိပါတယ်။
 
ဒါပေမယ့် ဧပြီလ ၈ ရက်နေ့မှ စတင်ပြီး ယာဉ်ပေါ်မှ ခရီးသွားများအားလုံးကို ဆင်းခိုင်းပြီး တဦးချင်းလမ်းလျောက်ခိုင်းကာ စစ်ဆေးနေတာလို့ သိရပါတယ်။
 
“ အရင်က စစ်တာတော့ ရှိတယ်။ အခုလို မကြပ်ဘူးဗျ။ ယာဉ်မောင်းနဲ့ ယာဉ်အကူတွေပါ လိုင်စင်တွေအကုန်စစ်တယ်။ အသွားရောအပြန်ရော စစ်တာ။ အခုလို သင်္ကြန်ကာလ ခရီးသွားများတဲ့အချိန်မှာ စစ်ဆေးရေးတင်းကြပ်လိုက်တော့ လမ်းလည်းပိတ်တယ်။ ရာသီဥတုကလည်းပူတော့ အတော်ဒုက္ခရောက်ရပါတယ်။ အဲ့ဒီနေရာမှာတင် နှစ်နာရီလောက် အချိန်‌ကုန်တယ် ” လို့ ရန်ကုန်-ပြည် အဝေးပြေးယာဉ်မောင်းတဦးထံမှလည်း သိရပါတယ်။
 
ရန်ကုန်-ပြည်လမ်းပေါ်ရှိ မြို့အချို့မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့်အတွက် ယခင်လို ညပိုင်းပြေးဆွဲချင်းမရှိတော့ပဲ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းအတွင်းသာ နေ့ချင်းရောက်ခရီးစဉ်များသာ ပြေးဆွဲနေတယ်လို့ ယာဉ်လိုင်းတာဝန်ခံများထံမှ သိရပါတယ်။
 
မနေ့က မနက်အစောပိုင်းတွင်လည်း အဲ့ဒီလမ်းမကြီးပေါ်ရှိ ပေါင်းတည်မြို့နယ် ဗဟိုသင်္ကြန်မဏ္ဌပ် ဗုံးခွဲတိုက်ခိုက်ခံရပြီး မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များ တင်းကြပ်ထားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။
ဓာတ်ပုံ – CJ