ဧပြီ ၊ ၄
မြိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆီကို အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု ( CDM ) ပြုလုပ်ပြီးလက်နက်နဲ့အတူ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၇ ဦးကို မီသားစုနဲ့ အတူ လွတ်လပ်နယ်မြေတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ ဗိုလ်လက်ယျာ က DNA ကိုပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေ CDM အဖြစ်ဝင်ရောက်လာတာ ကြာပြီးဖြစ်သော်လည်း ပြီးခဲ့တဲ့လနောက်ဆုံးအပတ်လောက်မှာ လွတ်လပ်နယ်မြေကိုပို့ဆောင်ပြီးတာ ဖြစ်တဲ့အတွက် လူထုကိုအသိပေးရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
” အဲဒါ့က ကျနော်တို့ကို ဆက်သွယ်ထားတာကြပြီး သူတို့လုံခြုံရေးကြောင့်သာ မပြောတာပေါ့။ သူတို့အားလုံးကို တခြားနေရာမှာ သီးသန့်ထားပြီး မီသားစုနဲ့ စုံအောင်လုပ်ပေးတာပေါ့။ မနေ့ကမှာ ထုတ်ပြန်ပေးလိုက်တာပါ။ သူတို့မီသားစုဝင်တွေကော အကုန်လွတ်မြောက်နယ်မြေကို ရောက်သွားပါပြီ။ သေချာ သူတို့နေထိုင်ဖို့တွေ စီစဉ်ပေးထားပြီး စိတ်ချရမှာပို့ပေးလိုက်တာပါ ” လို့ သူကပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့ အခြေစိုက် တပ်(၁၀၁)လက်အောက်က စစ်သား သုံးဦးနဲ့ မကွေးတိုင်း ရဲရုံးက ရဲတပ်ဖွဲ့ဝင် လေးဦး၊ စုစုပေါင်း ခုနှစ်ဦးက သေနတ် ခုနှစ်လက်နဲ့အတူ မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မြိုင် ပကဖ ထံဝင်ရောက်ခဲ့တာလို့ CDM ရဲတပ်သား တဦးဖြစ်တဲ့ ဗိုလ်လက်ယျာက ဆိုပါတယ်။
ဒါအပြင် CDM ဝင်ရောက်ခဲ့တဲ့ အဲဒီ ၇ ဦးကို တဦးလျှင် ကျပ် ၁၀၆ သိန်းစီဆုချီးမြင့်ခဲ့ပြီး စုစုပေါင်း ၇၄၂ သိန်း ပေးအပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
” ဟိုကလှူထားတဲ့ပိုက်ဆံ ဒီကလှူတဲ့ပိုက်ဆံလေးတွေအကုန်စုလိုက်တော့ အကုန်လုံးကို သူတို့ ၇ ယောက်ကိုခွဲလိုက်တော့ ကျပ်သိန်း ၇၄၀ ကျော်ရှိတာကို တစ်ယောက်ကို ၁၀၆ သိန်းဆီပေးလိုက်တာပါ ” လို့ သူကပြောပါတယ်။
မဲစာရင်းအကြောင်းပြပြီးအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က စစ်ကောင်စီတပ်သား ၃၀၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီရဲ ၇၀၀၀ ဝန်းကျင်ဟာ အာဏာသိမ်းတာကိုဆန့်ကျင်ပြီး လုပ်ငန်းခွင်တွေကိုစွန့်ခွာခဲ့ကြ တယ်လို့ CDM စစ်သားနဲ့ရဲတွေကိုကူညီနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ပူးတွဲတည်ထောင်သူ ဗိုလ်ကြီးဟောင်းလင်းထက်အောင်ကိုကိုးကားပြီး အယ်ဂျားဇီယားသတင်းဌာနက ဒီနှစ်မတ်လ ၇ ရက်က ရေးသားထားပါတယ်။
ဒါပေမယ့်စစ်ကောင်စီက တပ်တွင်းစည်းကမ်းတွေပိုမိုတင်းကျပ်လာတဲ့အတွက် နောက်ပိုင်းနှစ်တွေမှာ အဲဒီလို စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်သားနဲ့ ရဲတွေ အရေအတွက် ဟာ နည်းပါးလာတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ကနေ စွန့်ခွာလာသူတွေဟာလေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ဆိုရင် ကျပ်သိန်းတသောင်း၊ တိုက်လေယာဉ်၊ တိုက်ရေယာဉ်တွေဖျက်ဆီးလာမယ်ဆိုရင် ကျပ်သိန်းခြောက်ထောင်၊ ဆီသိုလှောင်ကန်၊ လက်နက်စက်ရုံတွေဖျက်ဆီးလာရင်၊ တင့်ကားတွေယူလာမယ်ဆိုကျပ်သိန်း နှစ်ထောင်ချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ၂၀၂၂ ခုနှစ်၊ ဧပြီလက ကြေညာထားပါတယ်။