ဘုတ်ပြင်းမှာ ပီဒီအက်ဖ်ဝင်စီးလို့ ပြည်သူ့စစ်နှစ်ဦးသေ

မတ်၊ ၂၈

တနင်္ဿာရီတိုင်း၊ဘုတ်ပြင်းမြို့နယ် ၊မသေးကျေးရွာအုပ်စု ၊ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်စခန်းတခုကို မတ် ၂၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ကာ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြီး ည ၂ နာရီခန့်မှာ အလစ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ့စစ်ခေါင်း ဦးမောင်မောင်နဲ့ ဒုတိယခေါင်းဆောင် ဦးဌေးနိုင်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျန်တဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ စစ်ဆင်ရေးက ခေါင်းဆောင်နှစ်ယောက်ကို တိုင်ထားလို့ပါ။ပြည်သူတွေက သူတို့ဟာ အရပ်သားတွေကို အတင်းအကြပ်ဖိအားပေးနေ တာတွေ ရှိတယ်။စစ်သင်တန်းတက်ခိုင်းတာမျိုးတွေလေ။သူတို့အဖွဲ့ခိုင်းတာတွေ၊ အမျိုးမျိုးခြိမ်းခြောက်နေလို့ ရှင်းလင်းတာပါ။ ၆ ဦးကိုတော့ အရှင်ဖမ်းမိတယ်။” ဟု ၎င်းက ပြောပါတယ်။

အရှင်ဖမ်းမိတဲ့ ပြည်သူ့စစ် ၆ ဦးကိုတော့  ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာတွေ ဆက်မလုပ်ဖို့နဲ့ စစ်ကောက်စီလက်အောက်မှာ တာဝန်ဆက်မထမ်းဆောင်ဖို့ နောက်ဆုံးအကြိမ်သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်သူ့စစ်အဖွဲ့ထံမှ AK 47 လေးလက်၊ ကျည်ဘောက် ၅ ခု၊ M 16 တလက်နဲ့ ကျည်ဘောက် ၁၁ ခု၊ ဗုံးသီး ၄ လုံး၊ ကျည်ဆံ ၅၀၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်တွေက ဝါးကျွန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေ တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဝါးကျွန်းကျေးရွာက ပင်လယ်ကမ်းစပ်နားကျေးရွာတစ်ခုဖြစ်ပြီး ဒေသခံအများစုကတော့ ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဘုတ်ပြင်းမြို့နယ်ဟာဆိုရင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အားကောင်းတဲ့ မြို့နယ်တခုဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီက ကျေးရွာနေပြည်သူတွေကို အိမ်ထောင်စုတစုလျှင် တဦးနှုန်း မဖြစ်မနေ စစ်သင်တန်းတက်ရောက်ဖို့ အတင်းအကြပ်ဖိအားပေးခံရဆုံးမြို့နယ်တခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက DNA ကို ပြောဆိုထားပါတယ်။

ဓာတ်ပုံ – PDO-TNI