မတ်၊ ၁၇
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းမှာ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး အခုအခါ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းက ဆူတာတော်ဆာမြို့နားမှာ ကျောက်မီးသွေးတွင်းထဲမှာ ပေါက်ကွဲမှု တခုကြောင့် ပြိုကျခဲ့တာပါ။ အစောပိုင်းတုန်းက အသေအပျောက် ဦးရေကို ၁၁ ဦးလို့ ကြေညာထားပေမယ့် ရုပ်အလောင်းတွေ ထပ်မံ တွေ့ရှိလာတာကြောင့် မတ် ၁၆ ရက်မှာ အသေအပျောက် ၂၁ ဦးထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားရာ ကွန်ဒီနာမာကာ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး နစ်ကိုလက်စ် ဂါစီရာက အသက်ရှင် လွတ်မြောက်လာတဲ့ မိုင်းလုပ်သား ၉ ဦးကတော့ ဆေးရုံကနေ ဆင်းခွင့် ရခဲ့ပြီလို့ ပြောပါတယ်။ ပြီးတော့ သေဆုံး မိုင်းတွင်းလုပ်သားတွေရဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုတွေ စီစဉ်ပေးနေတယ်လို့ ဆိုပါတယ်။
မိုင်းတွင်းပြိုကျချိန်က ရှိနေခဲ့တဲ့ လုပ်သားအားလုံးကို စာရင်းအတိအကျ ရပြီဖြစ်ပြီး ပျောက်ဆုံးသူတွေ မရှိတော့တာ သေချာတဲ့အတွက် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေ ရပ်ဆိုင်းလိုက်တာလို့လည်း ဂါစီယာက ပြောပါတယ်။
လောလောဆယ်တော့ မိုင်းတွင်းထဲမှာ ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
တောင်အမေရိက ဒေသတွင်းက ကိုလံဘီယာ နိုင်ငံမှာ မိုင်းတွင်း မတော်တဆမှုတွေ အထူးသဖြင့် ကျောက်မီးသွေးတွင်း၊ ရွှေတွင်းတွေမှာ မကြာခဏ ပေါ်ပေါက်လေ့ ရှိပါတယ်။
မနှစ်တုန်းကလည်း နိုင်ငံအနှံ့မှာ သတ္တုတွင်းတွေ မတော်တဆမှု ၁၁၇ ခုထက်မနည်း ပေါ်ပေါက်ခဲ့ပြီး ၁၄၆ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။